Thursday, November 17, 2016

တက္ကသိုလ်ဝင်တန်း ဖြေဆိုချိန်၌ တောင်ကိုရီးယား တစ်နိုင်ငံလုံး ဆူညံသံများ လျှော့ချ

လေဆိပ်များတွင် လေယာဉ် အတက်အဆင်း ပြုလုပ်ခွင့် ယာယီပိတ်ထားလိုက်သည်။ လမ်းမများလည်း ကားအသွားအလာ မရှိသလောက် နည်းပါး ရှင်းလင်းနေသည်။ နိုဝင်ဘာ ၁၇ ရက်တွင် တောင်ကိုရီးယား၌ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများ ဖြေဆိုချိန်၌ တစ်နိုင်ငံလုံးလိုလို ဆူညံသံများ ကင်းမဲ့လျက် ရှိသည်။ေ တာင်ကိုရီးယားတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများသည် ဘဝတစ်ဆစ်ချိုး ကြီးကြီးမားမား အပြောင်းအလဲသဖွယ် သဘောထားလေ့ ရှိကြသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရမှတ်များအလိုက် နာမည်ကြီး တက္ကသိုလ်များတွင် တက်ရောက်ခွင့် ရရှိလာပါက အနာဂတ်တွင် အဆင့်မြင့် အလုပ်အကိုင်ကောင်းများ ရရှိတတ်သောကြောင့် ဆယ်ကျော်သက် ကျောင်းသူကျောင်းသားများရော၊ မိဘများကပါ အလွန်အလေးထားကြသည်။



ယခုနှစ် စာမေးပွဲတွင်မူ ကျောင်းသူကျောင်းသား ခြောက်သိန်းကျော် ပါဝင်ဖြေဆိုကြသည်။ စာမေးပွဲ ကျင်းပနေသည့် အချိန်၌ ကျောင်းသူကျောင်းသားများ အပြည့်အဝ အာရုံစိုက်ထားနိုင်ရန် ဆူညံသံများကို ဘက်ပေါင်းစုံမှ လျော့နည်းအောင် စီစဉ်ထားခြင်း ဖြစ်သည်။ လေဆိပ်များတွင် လေယာဉ်များ အတက်အဆင်း ပြုလုပ်မှုကို နာရီဝက်မျှ ဆိုင်းငံ့ခဲ့သလို စက်သံဆူညံသော ထရပ်ကားကြီးများ မောင်းနှင်ခွင့်ကိုလည်း တားမြစ်ထားသည်။

ထို့အပြင် လမ်းများကို အတတ်နိုင်ဆုံး ရှင်းလင်းထားပေးခြင်းဖြင့် စာမေးပွဲ ဖြေဆိုသူ ကျောင်းသူကျောင်းသားများ အနေဖြင့် သက်ဆိုင်ရာ စာဖြေဌာနသို့ အဟန့်အတား၊ အနှောင့်အယှက်ကင်းစွာ ရောက်ရှိနိုင်စေမည် ဖြစ်သည်။ စာမေးပွဲ စဖြေချိန်တွင် ယာဉ်ကြောရှုပ်ထွေးမနေစေရန် ဆိုးလ်မြို့တော်၌ အစိုးရရုံးများ၊ အထင်ကရ စီးပွားရေး လုပ်ငန်းကြီးများအပြင် စတော့အိတ်ချိန်းများပါ ပုံမှန်ထက် တစ်နာရီ နောက်ကျပြီးမှ ဖွင့်လှစ်ခဲ့ကြသည်။

လေဆိပ်အားလုံးသည်လည်း အဓိက မေဂျာဘာသာအတွက် နှုတ်ဖြေ ဖြေဆိုရမည့် အချိန်တွင် ကျောင်းသူကျောင်းသားများ အနှောင့်အယှက် မဖြစ်စေရန် မိနစ် ၃၀ မျှ လေယာဉ်အတက်အဆင်း ပြုလုပ်မှုများ ရပ်နားထားရသည်။ ယခုနှစ်တွင် စာဖြေဌာန ၁၁၈၃ ခု၌ ကျောင်းသူကျောင်းသား ၆၀၆၀၀၀ မျှထိ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပါဝင် ဖြေဆိုကြကြောင်း ပညာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

တောင်ကိုရီးယားတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအပေါ် မိသားစုနှင့် ကျောင်းသူကျောင်းသားများ၏ မျှော်လင့်ချက် အလွန်အကျွံ ထားရှိမှုသည် ဘေးထွက်ဆိုးကျိုးများထံ ဦးတည်သွားလေ့ ရှိကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။ စာမေးပွဲအတွက် ပြင်ဆင်ရင်း စိတ်ဖိစီးမှုများ၊ မိမိကိုယ်ကို သေကြောင်းကြံစည်မှုများသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် တောင်ကိုရီးယားတွင် အမြင့်ဆုံး ဖြစ်ပေါ်နေကြောင်း သိရသည်။ ဇွဲရဲဝင့် Ref:

No comments:

Post a Comment