Saturday, November 26, 2016

ပစ်ခတ်တိုက်ခိုက် ခံရပြီးနောက် ရပ်နားထားရသည့် မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်

မူဆယ်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကြောင့် ငါးရက်ကြာ ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့သော ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းအား နိုဝင်ဘာ ၂၅ ရက်က ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၂၀ ရက်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းအတွင်း KIA,TNLA, MNDAA လက်နက်ကိုင် အဖွဲ့များ၏ ၀င်ရောက်ပစ်ခတ်မှုကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိပြန်လည် ဖွင့်လှစ်ဆောင်ရွက်မှုနှင့် ပတ်သက်၍ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှ အကောက်ခွန် ညွှန်ကြားရေးမှူး ဦးဝင်းဇော်က “ကုန်သွယ်ရေးဇုန်မှာ အရင်က ငွေကြိုသွင်းထားပြီး ပစ္စည်းမထုတ်ဖြစ်သေးတဲ့ ကားတွေရှိတယ်။ အဲဒီလိုကားတွေဆိုရင် ကျွန်တော်တို့ လာစစ်ပေးပြီး ခွင့်ပြုတဲ့ကားတွေရှိတယ်။ လုံးဝရပ်တန့်သွားတာမျိုး မဟုတ်ပါဘူး။ အခြေအနေအရ လာဖို့ မ၀ံ့မရဲ ဖြစ်နေတာမျိုးတော့ ရှိနေပြီး လက်ရှိမှာတော့ ပြန်လည်ပြီး လုပ်ငန်းလည်ပတ်နေပါတယ်။
လမ်းကြောင်း ပိတ်နေတဲ့ အနေအထားကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားတဲ့ အနေအထားဖြစ်ပြီး ဘဏ်ကတော့ လုံခြုံရေး အနေအထားအရ ဒီမှာဆောင်ရွက်ပေးခြင်း မရှိသေးဘဲ မြို့ထဲကနေပဲ အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်ပေးနေပါတယ်။ အရင်လိုပုံမှန် ပြန်လည်ပတ်ဖို့အတွက် ဆောင်ရွက်နေပါပြီ” ဟု ပြောကြားသည်။ ယင်းသို့ ကုန်သွယ်ရေးစခန်းတွင် ကုန်စည်စီးဆင်းမှုကို ပုံမှန်အတိုင်း လည်ပတ်နိုင်စေရန် ဆောင်ရွက်လျက် ရှိသော်လည်း မူဆယ်-ကွတ်ခိုင်လမ်းပိုင်းတွင် သွားလာသော ကုန်တင်ယာဉ်များကို လက်နက်ကိုင်အဖွဲ့များမှ သော့ဖြုတ်သိမ်းခြင်းနှင့် လမ်းကြောပိတ်ဆို့စေရန် ဟန့်တားနှောင့်ယှက်မှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်တွင် ၂၄ ဘီးတွဲကားနှစ်စီးနှင့် မှန်လုံယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်ရေးဇုန် ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ “ဒီနေ့တော့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ပုံမှန်အနေအထားအတိုင်း ပြန်ဖွင့်နေပါပြီ။ ခရီးသည်တင် ယာဉ်တွေလည်း အ၀င်အထွက် ပုံမှန်အတိုင်း ပြုလုပ်နေတာ တွေ့ရတယ်” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး နေထိုင်သူ ကိုသန့်စင်က ပြောကြားသည်။ “၀င်လာတဲ့ကားတွေပေါ်ကနေ ကုန်စည်တွေ စစ်ဆေးတဲ့လုပ်သားက ပုံမှန်ဆို ၈၀၀ ကျော်ရှိပါတယ်။ ဒီနေ့လုပ်ငန်းခွင်ဝင်တဲ့ လုပ်သားက ၂၄၀ ကျော်ရှိတယ်။ ကနေ့မှစပြီး ပြန်လည်ပတ်တာဆိုတော့ မရောက်လာသေးတဲ့သူတွေ ရှိတာပေါ့” ဟု ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း ကုန်တင်ကုန်ချ အလုပ်သမား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လက်ရှိအချိန်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး တောင်ကုန်းပေါ်တွင် တပ်မတော်မှ လုံခြုံရေးရယူ ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်ရေးစခန်း အတွင်းတွင်လည်း ရဲတပ်ဖွဲ့မှ စောင့်ကြပ်ထားကြောင်း တွေ့ရသည်။  မင်းသန်

No comments:

Post a Comment