Saturday, November 19, 2016

ကိုယ်ဝန်ဖျက်ချမှုကြောင့် အသေအပျောက် အများဆုံးနိုင်ငံစာရင်းတွင် မြန်မာပါဝင်

မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် မရှိသဖြင့် တရားမ၀င် ကိုယ်ဝန်ဖျက်ချရန် ကြိုးစားသည့် အမျိုးသမီးများသည် ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ သေဆုံးခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ကိုယ်ဝန်နှင့် သက်ဆိုင်သည့် သေဆုံးမှု သုံးခုတွင် တစ်ခုနှုန်းမှာ တရားမ၀င် ကိုယ်ဝန်ဖျက်ချမှုကြောင့် ကြိုးပမ်းမှုများ ဖြစ်သည်။
ကိုယ်ဝန်ဖျက်ချခြင်းနှင့် သက်ဆိုင်သည့် သေဆုံးမှုများတွင် အဓိက အကြောင်းရင်းများမှာ သွေးလွန်ခြင်းနှင့် ရောဂါပိုးဝင်ခြင်းတို့ ဖြစ်သည်။ အမျိုးသမီး အများအပြားမှာ အချိန်လွန်မှ ဆေးရုံသို့ ရောက်ရှိလာသဖြင့် ကုသရန် နောက်ကျသွားတတ်သည်ဟု ဆိုသည်။ သွေးလွန်သည့် လူနာမှာ နာရီပိုင်းအတွင်း သေဆုံးလေ့ရှိပြီး တရားမ၀င် ကိုယ်ဝန်ဖျက်ချရာမှ ပိုးဝင်သည့် လူနာမှာ နာတာရှည် ရောဂါများကို ပြင်းထန်စွာ ခံစားရလေ့ရှိသည်။

တရားမ၀င်ကိုယ်ဝန်ဖျက်ချမှုကို သားဖွား ဆရာမများက ပြုလုပ်ပေးမှု အများဆုံးဖြစ်ပြီး တစ်ခါတစ်ရံ ကိုယ်ဝန်ဆောင်မိခင်နှင့် မိသားစုဝင်များက ကိုယ်တိုင်ပြုလုပ်မှုများရှိသည်။
မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို ရရှိရန် ခက်ခဲသည်။ ကိုယ်ဝန်ဖျက်ချပေးသည့် ဆရာဝန်များကို လိုင်စင်သိမ်းခြင်း၊ ဒဏ်ငွေချမှတ်ခြင်းနှင့် ငါးနှစ်အထိ ထောင်ဒဏ် ချမှတ်ခြင်းတို့ ပြုလုပ်နိုင်သည်။ အစိုးရစာရင်းအရ မွေးဖွားမှုနှင့် သက်ဆိုင်သည့် သေဆုံးမှု၏ ၁၀ ရာခိုင်နှုန်းမှာ တရားမ၀င် ကိုယ်ဝန် ဖျက်ချမှုကြောင့်ဟု ဆိုသော်လည်း ကိုယ်ဝန်ဖျက်ချပြီးချိန်တွင် ပိုးဝင်နိုင်သည့် အကြောင်းရင်းများစွာ ရှိသဖြင့် သေဆုံးနိုင်မှုမှာ ထိုဖော်ပြမှုပမာဏမှာ ပိုမိုများပြားနိုင်သည်။
တရားမ၀င် သတ်မှတ်ထားသဖြင့် ကိုယ်ဝန်ဖျက်ချရန် ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်သော လိုအပ်သည့် ခေတ်မီ ကိရိယာများ ပြည့်စုံခြင်း မရှိပေ။ ထို့ကြောင့် အန္တရာယ်များသည့် နည်းလမ်းများ အသုံးပြုလေ့ ရှိပြီး အများအားဖြင့် မွေးလမ်းကြောင်းကို ဖွင့်ကာ ဖျက်ချလေ့ရှိရာတွင် ၀ါးနှင့် သစ်ချောင်းများ၊ သံချောင်းများ၊ သစ်ကိုင်းကျိုးများနှင့် ထီးရိုး စသည်တို့ကို အသုံးပြုလေ့ရှိသည်။
အစိုးရ အစီရင်ခံစာအရ မွေးဖွားမှုနှင့် ပတ်သက်သည့် အာဆီယံတွင် ဒုတိယ အမြင့်ဆုံးဖြစ်သည်။ အစီရင်ခံစာအရ မွေးဖွားမှုနှင့် ပတ်သက် သည့် သေဆုံးနှုန်း မှာ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းတွင် အမြင့်ဆုံးဖြစ်ကာ ရန်ကုန်တိုင်းနှင့် နေပြည်တော်တွင် အနိမ့်ဆုံး ဖြစ်သည်။ မြန်မာနိုင်ငံ တွင် မွေးဖွားမှုနှင့် ပတ်သက်သည့် သေဆုံးနှုန်း လျှော့ချရန် သားဆက်ခြားခြင်း အပါအ၀င် မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး အသိပညာပေးမှု ကျယ်ပြန့်စွာ ပြုလုပ်ရန် လိုအပ်နေသည်။

No comments:

Post a Comment