Saturday, November 19, 2016

အပြစ်တင်ရမည့်သူ လိုက်ရှာနေသည့် လူ့အဖွဲ့အစည်း

ကလေးငယ်တစ်ဦး ခလုတ်တိုက်ကာ လဲကျသွားသည်။ အဆိုပါ ကလေးငယ်က အနားရှိ အခြားကလေးငယ် တစ်ဦးကို လက်ညှိုးထိုးကာ “သူလုပ်တာ၊ သူလုပ်တာ” ဟု အော်ဟစ်ရင်း ငိုယိုလေသည်။ ပြဿနာ တစ်စုံတစ်ရာ အတွက် အပြစ်တင်ရမည့်သူ လိုက်ရှာခြင်းသည် လူတို့၏ မွေးရာပါ ဗီဇစိတ်ဟုပင် ထင်စရာ။ လူ့အဖွဲ့အစည်း များစွာတို့၌ ပထမဆုံးလုပ်ငန်း အစီအစဉ်မှာ “မည်သူ့ကို အပြစ်တင်ရမည်နည်း” ဟု ဆုံးဖြတ်ရန်ပင် ဖြစ်နေတတ်သည်။ လူအများ ပူးပေါင်းဆောင်ရွက်ရသည့် ကိစ္စတစ်ရပ်တွင် ယင်းသဘော တရားကို အခြေခံထားကြောင်း တွေ့ရှိရသည်။ ကိစ္စတစ်ရပ် မအောင်မြင်သည့်အခါ လူတို့သည် ယင်းကိစ္စကို မထောက်ခံသည့်အပြင် ယင်းအတွက်လည်း အပြစ်တင် မခံလိုကြပေ။ ယင်းကို ပြဿနာတစ်ရပ်ဟု လက်ခံသဘောတူလိုက်သည့်တိုင် ပြဿနာကို ဖြေရှင်းရန်ကိစ္စသည် မိမိတာဝန်မဟုတ်ဟု သဘောထားကြသည်။ အပြစ်တင် မခံလိုသောကြောင့် ယင်းကိစ္စကို လက်ရှောင်သွားကြသည်။
ယင်းမှနေ၍ ပြဿနာသုံးရပ် အစပြုကြောင်း တွေ့ရှိရသည်။ ပထမပြဿနာမှာ ပြဿနာတစ်ရပ်အတွက် အပြစ်တင်ရမည့်သူကို ဆုံးဖြတ်ရန် ရှာဖွေခြင်းသည် အချိန်နှင့် စွမ်းအင်များစွာ သုံးစွဲရသော အလုပ်ဖြစ်နေခြင်းဖြစ်သည်။ ဒုတိယအချက်မှာ ပြဿနာကို ဖြေရှင်းခြင်းထက် အပြစ်တင်ရမည့်သူ ရှာဖွေခြင်း၌ အချိန်ကုန်နေသောကြောင့် ပြဿနာများပို၍ ကာလကြာရှည်စွာ ဆက်လက်တည်ရှိ နေခြင်းဖြစ်သည်။ တတိယအချက်မှာ အပြစ်တင်ခြင်းသည် အကြောက်တရားမှနေ၍ ပေါ်ထွက်လာသော အစဉ်အလာ တစ်စိတ်တစ်ဒေသ ဖြစ်နေခြင်းဖြစ်သည်။

ယင်းကဲ့သို့သော အနေအထားမျိုးကို အဖွဲ့အစည်း တစ်ရပ်၏ ခေါင်းဆောင်တစ်ဦး အနေဖြင့် မည်သို့မည်ပုံ ကိုင်တွယ်မည်နည်း။ “အပြစ်တင်ဖို့က ပထမ၊ ဖြေရှင်းဖို့က ဒုတိယ” ဟူသည့် ချဉ်းကပ်ပုံမျိုးသည် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်ကို လျော့ကျစေသည်။ အသင်းလိုက် စွမ်းဆောင်ရည်၊ ပြဿနာဖြေရှင်းမှုနှင့် အဆက်မပြတ် တိုးတက်မှုတို့ကို လျော့ကျစေသောကြောင့် ဖြစ်သည်။ ယင်းအနေထားကို ပြုပြင်ပြောင်းလဲရန်အတွက် “ဖြေရှင်းဖို့က ပထမ” ဟူသည့် ချဉ်းကပ်ပုံကို ပြောင်းလဲရမည်ဖြစ်သည်။ ပြဿနာ ဖြစ်ပွားပုံကို တွက်ချက်လေ့လာရန် လိုအပ်သကဲ့သို့ လူတိုင်းအနေဖြင့်လည်း လတ်တလော ပြဿနာကို ဖြေရှင်းပြီးလျှင်လည်း ဒုတိယ လုပ်ငန်းစဉ်မှာ အပြစ်တင်ရန် မဟုတ်ပါ။ ဒုတိယထား ဆောင်ရွက်ရမည့် ကိစ္စသည် “ရေရှည် ဖြေရှင်းချက်များ” ကို ရှာဖွေရန်ဖြစ်သည်။ ဆိုလိုသည်မှာ “အပြစ်တင်ဖို့က ပထမ၊ ဖြေရှင်းဖို့က ဒုတိယ” ဟူသည့် ချဉ်းကပ်ပုံအား “ရေတို ဖြေရှင်းမှုက ပထမ၊ ရေရှည်ဖြေရှင်းမှုက ဒုတိယ” ဟူသည့် ချဉ်းကပ်ပုံဖြင့် အစားထိုးရန် ဖြစ်သည်။

ပြဿနာတစ်ရပ် သို့မဟုတ် အကျပ်အတည်းကို ဖြေရှင်းရန် နည်းလမ်းတွေ့ရှိခဲ့ပြီးနောက် အပြစ်ဒဏ် ချမှတ်ရန်အတွက် အပြစ်တင်ရမည့်သူကို ရှာဖွေနေခြင်းထက် အလားတူ ပြဿနာမျိုး နောက်ထပ် မဖြစ်ပွားအောင် မည်သို့မည်ပုံ ကာကွယ်မည်ဟူသည့် အချက်အပေါ် အာရုံပြုသင့်သည်။ မည်သည့် အလုပ်၌မဆို ပြဿနာများက တစ်ချိန်လုံး ဖြစ်ပေါ်နေမည်ဖြစ်သည်။ ပြဿနာများအား ဖြေရှင်းခြင်း မပြုလိုပါက မည်သည့်အလုပ်မျှ မလုပ်ဘဲ နေရန်သာ ရှိတော့သည်။ လုပ်ငန်းတစ်ခု ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် ပြဿနာများ ရှည်ကြာစွာ ရှိမနေစေရန်နှင့် အလားတူ ပြဿနာမျိုးများ ထပ်မံမဖြစ်ပွားအောင် ကာကွယ်ထားနိုင်ရန် လိုအပ်သည်။ ပြဿနာတစ်ရပ်ကို တစ်ခါတည်း အပြတ်ရှင်းနိုင်ရန် အလွန်အရေးကြီးသည်။

မည်သို့ပင် ဆိုစေကာမူ အပြစ်တင်ရမည့်သူ လိုက်ရှာနေသည့် လူ့အဖွဲ့အစည်းအား ပြုပြင်ပြောင်းလဲရန်အတွက် “အပြစ်တင်ဖို့က ပထမ၊ ဖြေရှင်းဖို့က ဒုတိယ” ဟူသည့် ချဉ်းကပ်ပုံအား “ရေတိုဖြေရှင်းမှုက ပထမ၊ ရေရှည် ဖြေရှင်းမှုက ဒုတိယ” ဟူသည့် ချဉ်းကပ်ပုံဖြင့် အစားထိုးရန် အချိန်တန်ပြီ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments:

Post a Comment