Sunday, November 27, 2016

ဗိုလ်ချုပ်မုန်းသော လူတစ်ယောက်

တစ်ခါတွင်းကား ဘုန်းကြီးကျောင်းနေစဉ် နဖူးသားများကို ကြက်တောင်စိုက်၍ ကြက်တောင်ရိုက်ကာ ကစားရင်းမှ ကျောင်းသားနှစ်ယောက် ရန်ဖြစ်လေရာ ကျောင်းသားတစ်ယောက် ထိပ်ပေါက်၏။ သို့ဖြစ်ပါ၍ ထိပ်ပေါက်ခံရသော ကျောင်းသားမိဘများက ဘုန်းကြီးအား လာရောက်တိုင်တန်းရာ ဘုန်းကြီးက ဤကစားနည်းမျိုးကို အားလုံးကျောင်းသားသည် ကျောင်းဝင်းအတွင်းမှာ သော်လည်းကောင်း၊ အပြင်မှာသော် လည်းကောင်း မကစားရဟု ပညတ်ရလေသည်။ ထိုပညတ်ချက်ကို ကျွန်တော်နှင့် ညီအစ်ကိုဝမ်းကွဲများက သဘောမကျသဖြင့် အာဏာဖီဆန်ကာ ရွာထဲတွင်ကစားကြလေသည်။ ကျွန်တော်တို့ကစားနေသည်ကို အခြားကျောင်းသား တစ်ဦးနှစ်ဦးက မြင်သဖြင့် ဘုန်းကြီးထံ သွားရောက်တိုင်တန်းသောအခါ ဘုန်းကြီးက ကျွန်တော်၏ဖခင်နှင့် ဦးလေးများကိုပါခေါ်၍ ၎င်းတို့ရှေ့တွင်ပင် ကျွန်တော်တို့အား ပြင်းထန်စွာ ရိုက်နှက်လေတော့၏။ ကျွန်တော်မှာ ပထမ ကြိတ်မှိတ်ခံသော်လည်း နောက်ပိုင်းတွင် သတ္တိမကောင်းနိုင်တော့ဘဲ၊ ငိုလေတော့သည်။
ကျွန်တော်သည် ထိုသို့သွားရောက် တိုင်တန်းသူ ကျောင်းသားများကို ယနေ့တိုင် အခဲမကျေချင်လှ ။ ဤကဲ့သို့အလုပ် မေတ္တာပို မျက်နှာလိုမျက်နှာရ အထက်လူကြီးအား တိုင်ခြင်းတောခြင်းကို ငယ်ငယ်ကလေးကစ၍ ယနေ့တိုင် ကျွန်တော်စက်ဆုပ်လှသည်။ ယနေ့ ခေတ်သစ်ကျောင်းသားများတွင် ကျောင်းသားများအား ဤအကျင့်မျိုးကို အားမပေးဘဲ ပျောက်ပျက်စေသင့်ပေသည်။ ဤအကျင့်မျိုးကား အကျင့်ယုတ်ဖြစ်လေသည်။

အထက်ပါစာပိုဒ်က ဗိုလ်ချုပ်ကိုယ်တိုင်ရေး ဘ၀ဇာတ်ကြောင်းပါ အကြောင်းအရာများ ဖြစ်တယ်။

ဗိုလ်ချုပ်ဆိုတာ

အချိန်ကား ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလဖြစ်၍ ပထမကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ဝက်ထဲပင် ဖြစ်လေသည်။ ထိုနှစ်ဖေဖော်ဝါရီ  (၁၃) ရက် မွေးသက္ကရာဇ်က ၁၂၇၆ ခုနှစ်၊ တပေါင်းလဆန်းတစ်ရက်၊ စနေနေ့ နံနက် လင်းကြီးအချိန်တွင် ကျွန်တော်သည် လူပြည်သို့ ပထမဆုံး ရောက်ရှိလာခဲ့ပေသည် ။ ဖေဖော်ဝါရီ ၁၃ ရက်ကား နာမည်နက္ခဗေဒင်ဆရာ ကိုင်ရို၏ ဟောပြောချက်အရဆိုလျှင်  တိုင်းပြည်တစ်ပြည်၏ အစိုးရထီးနန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသော သူများကိုမွေးဖွားတတ်သော ကာလဟု ဟောထားလေသည်။ ထိုနေ့မှာ မွေးဖွားသော ကျွန်တော်မှာ သူပုန်ကြီး လောင်းလေးဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြား ထည့်သွင်းစဉ်းစားခြင်း မပြုကြချေ။

လူရိုင်းဘ၀က ကျွန်တော်လာသလားမသိ။ ယနေ့ထိ လူရိုင်းသဘောမျိုး နေချင်သည်။ ရံဖန်ရံခါ လူ့ယဉ်ကျေးများနှင့် အသားမကျခဲ့ချေ။ မျက်စိနောက် အမြင်ကပ်လာသည်။ ထိုအခါ လူ့ယဉ်ကျေးများနှင့် ငါလူရိုင်းဟု ခွဲပစ်ချင်သူများရှိသည်။ လူရိုင်းအကြမ်း၊ခက်ထန်၏။ သို့သော်ဖြူဖြောင့်၏၊ တည်ကြည်၏၊ လွတ်လပ်၏၊ ကျန်းမာ၏၊ သန်စွမ်း၏။ ငါ့မြင်းငါစိုင်း၊ ညောင်ကိုင်းရောက်ရောက် ဆိုသည်ကို ကျွန်တော်ကြိုက်သည်။

ဗိုလ်ချုပ်ဟာ သူ့ကိုယ်သူ ညှာညှာတာတာ မရေးပါဘူး။ ရထားတောင်မစီးဘူးတဲ့ နတ်မောက်လိုဒေသက ကြီးပြင်းလာတာကို မကွယ်မ၀ှက်ရေးတယ်။ သူ့ရဲ့ပင်ကို အကျင့်စရိုက်ကိုလည်း ဘယ်သူကမှ ရိုက်မစစ်ရဘဲ  ရှင်းရှင်းကြီး ၀န်ခံရေးသားတယ်။ ဒီလိုရေးသား ဖွင့်ဟ၀န်ခံတာကိုက ရိုးသားမှုကိုပြသလိုက်တာပဲ။ ဒီလိုရိုးရှင်းသူရဲ့ အမုန်းခံရတဲ့သူက အတော့်ကို မုန်းစရာကောင်းလို့ဖြစ်မှာ။ ဗိုလ်ချုပ်ဟာ သူ့ကိုယ်သူ ရှင်းရှင်းနားလည်သူ ဖြစ်တယ်။ သူရိုင်းတာ သူ့ကိုယ်သူသိသလို သူ့ဘာသာလည်း အများသိအောင် ၀န်ခံတယ်။ သူ့ဘ၀မှာ ဟန်ဆောင်မှုကင်းကင်းနေတယ်။ သူငယ်စဉ်က အစားကြူးတယ်။ သူ့ အမေက သူ့ကိုဈေးထဲခေါ်သွားတယ်။ ဈေးထဲက အမဲသားဆိုင်ရောက်တော့ သူစားချင်တဲ့ အမဲသားကို ကောက်စားဖူးတာကို သူမပြောဘဲ ဘယ်သူမှမသိနိုင်ဘူး။ ဒါပေမဲ့သူ ကိုယ်ရေးစာအုပ်ထဲမှာ အတိအလင်းထည့် ရေးခဲ့တယ်။

မမြင်ရသောရန်သူ

မျက်နှာလို မျက်နှာရ အတို့အထောင် လုပ်တဲ့သူတွေဟာ ရန်သူထက်ပိုဆိုးတယ်။  ရန်သူကို ရန်သူမှန်း ဗြောင်သိနေရတာကြောင့် သတိထားချိန်ရတယ်။ ပြန်ခုခံချိန်၊ ပြန်တိုက်ခိုက်ချိန်ရတယ်။ မျက်နှာလို မျက်နှာရလုပ်သူက ကိုယ့်လည်း မျက်နှာချိုသွေး မိတ်ဆွေလိုပေါင်းတယ်။ တစ်ဖက်(ရန်သူ)လည်း မျက်နှာချိုသွေး၊ မိတ်ဆွေလိုပေါင်းတယ်။ ကိုယ့်ဘက်ဆီက အားနည်းချက် အားသားချက် အကြံအစည်တွေ အားလုံး စနည်းနာ၊ အရယူပြီး တစ်ဖက်လူဆီအရောက်ပို့တယ်။

ကျောင်းမှာ၊ ၀န်ထမ်းလောကမှာ ထိုသို့ သော မေတ္တာရိ၊ အတို့အထောင်သမားတွေ အများကြီးရှိတယ်။ ကျောင်းသားအချင်းချင်း သစ္စာဖောက်တာ။ ၀န်ထမ်းအချင်ချင်း ချောက်ချတာ။ လူလူချင်းခြေထိုးတာ။ ဇာတ်မင်းသားကြီး အောင်မောင်း ခြေထိုးတာထက် တော်ကြတယ်။

ဒီလိုလူမျိုးကို အထက် (ပုဂ္ဂိုလ်) အရာရှိတွေက အလွန်သဘောကျတယ်။ ပေးကျွေးပြီး တပည့်မွေးတယ်။ မတန်မရာ ရာထူးတိုးပေးပြီး သူလျှိုအဖြစ် အသုံးချတယ်။ မိမိပင်ကိုအရည်အချင်းနဲ့ မရနိုင်မှန်း သိတဲ့သူက သစ္စာကို ဆယ်ပြန်မက ဖောက်တော့တာပဲ။  ဒီလိုလူမျိုးဟာ နေရာတိုင်းမှာလိုလို ရှိတတ်တယ်။ ယခုခေတ် ပွင့်လင်းလာတဲ့ နိုင်ငံရေးခေတ်မှာ ထိုလူမျိုးတွေ ပိုများလာတယ်။ လက်ရှိအစိုးရကို ထောက်ခံသလို၊ ပြည်သူ့ဘက် ရပ်တည်သလို၊ အမှန်တရားအတွက် တိုက်ပွဲဝင်နေသလို ဟန်ဆောင်ထားကြတယ်။

ဘယ်လိုပဲဟန်ဆောင်ထားထား။ သူတို့ ပင်ကိုယ်က သူတို့နေရာရရေး၊ သူတို့အကျိုးမှ တစ်ပါး အခြားဘယ်သူ့အကျိုးမှ ကြည့်သူတွေ မဟုတ်ဘူး။ သူတို့ရဲ့ မျက်နှာဖုံးဟာ ကိုယ်ကျိုးကြီးကြီးရဖို့ ကြုံလာရင် ဘွားခနဲပေါ်လာတတ်တယ်။ ဟန်မဆောင်နိုင်တော့ဘူး။

ဒီလို ဗိုလ်ချုပ်မုန်းတဲ့လူတွေ နိုင်ငံရေးလောကမှာ ဘယ်လောက်ရှိနေလဲ။ လူဆိုး ဆို ချိုပါတာမဟုတ်သလို၊ ဒီလို သူလျှိုသစ္စာဖောက်တွေလည်း ချိုပါတာမဟုတ်ဘူး။ အကျိုးလိုလားသလိုနဲ့ အဆင်းနဲ့ ချောက်တွင်းပို့သူ၊ တိုင်းပြည်ကို ကယ်တင်သလိုနဲ့ တိုင်းပြည်ကို ချောက်ထဲဆွဲချသူ ထိုထိုသော သူတွေဟာ  ဗိုလ်ချုပ်မုန်းတဲ့ သူတွေဖြစ်တယ်။ ထို့အတူ ပြည်သူမုန်းတဲ့သူတွေ ဖြစ်တယ်။

ကြားကာလမှာစားသာဖို့

ယနေ့မျက်မှောက်ကာလဟာ နိုင်ငံရေး စနစ်အဟောင်း (အာဏာရှင်စနစ်) နဲ့ နိုင်ငံရေး စနစ်အသစ် (ဒီမိုကရေစီစနစ်) အပြောင်းအလဲ ကြားကာလဖြစ်တယ်။ စနစ်အဟောင်း နဲ့လူတွေ၊ အကျင့်ဟောင်းနဲ့လူတွေ၊ လုပ်နည်း လုပ်ဟန်အဟောင်းတွေ၊ လုပ်ထုံးနည်းဥပဒေ အဟောင်းတွေ၊ စိတ်ဓာတ် အဟောင်းတွေ ဆက်လက်တည်ရှိနေတယ်။

ပြောင်းလဲချိန်တန်လို့ (အများပြောင်းလဲလို့) မပြောင်းမဖြစ်လို့သာ ဟန်ဆောင် ပြောင်းလဲလိုက်ကြတယ်။ ရာထူးမြဲရေး၊ နေရာမပျောက်ရေး၊ လုပ်ပိုင်ခွင့် မဆုံးရှုံးရေးအတွက်သာ ပြောင်းလဲလိုက်ကြတယ်။ တကယ် သူတို့ မပြောင်းလဲနိုင်သေးဘူး။

အမှန်တကယ် စနစ်သစ်ကို ရဲရဲဝံ့ဝံ့ ကျင့်သုံးဖို့ရင် ဆိုင်အတွေ့မှာ တွန့်ဆုတ်သွားတယ်။ အဟောင်းအကျင့်က အသစ်ကိုအလွယ်တကူ ခွင့်မပြုဘူး။ ခေါက်ရိုးကျိုးနေတဲ့အကျင့်က ပြန်ပြင်ရမလွယ်ဘူး။ ဒီလိုနဲ့ ကိစ္စရပ်တစ်ခုခုကို ဆုံးဖြတ်ချက်ချပေမယ့် အသစ်ဖြစ်မလာဘူး။ ယခင်ကအတိုင်း ပြည်သူကို အကျိုးမပြုခဲ့တဲ့ အစဉ်အလာတွေပဲ ဆက်အကောင်အထည် ဖော်တတ်ကြတယ်။

စင်စစ်ဒီလိုလူတွေရဲ့ မူရင်းပုံရိပ်ကိုယ်တိုင်က ဒီအတိုင်းပဲ။ ယခင်သခင်ထံမှာ အခစား ၀င်ခွင့်ရခဲ့တာလည်း ဒီပုံရိပ်ကြောင့်ပဲ။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်အလိုတော် ပေါ်လာတယ်။ အင်္ဂလိပ်လိုပြော၊ အင်္ဂလိပ်ကို ဘုရားထူ၊ အင်္ဂလိပ်လိုဝတ် အင်္ဂလိပ်တွေတက်တဲ့ ပွဲတွေကိုမှတက်ကာ အင်္ဂလိပ်တွေနဲ့ လူဝင်ဆံ့အောင် ပေါင်းတတ်ကြတယ်။

ဂျပန်တွေ ၀င်လာပြန်တော့လည်း ဂျပန်စကား ပြန်လိုလို။ ဂျပန်အလိုတော်ရိတွေကလည်း ဂျပန်ကင်ပေတိုင်တွေနဲ့ ပေါင်းကြပြန်တယ်။ ဗမာမျိုးချစ်တော်လှန်ရေးသမားတွေကို သတင်းပေးကာ ဂျပန်တွေကို မျက်နှာလုပ်ကြတယ်။ အပျိုချောအိမ်တွေကို လက်ညှိုးထိုးပြကာ သခင်အားရလုပ်ကြတယ်။

အင်္ဂလိပ်တွေ၊ ဂျပန်တွေကို ရန်သူမှန်းသိလို့ ကြောက်ရတာထက်၊ အဲဒီအလိုတော်ရိတွေကို ပိုကြောက်ရတယ်။ အလိုတော်ရိ သစ္စာဖောက်တွေက ရန်သူလား။ မိတ်ဆွေလား မသိနိုင်ဘူး။ နောက်ကျောကို ဓားနဲ့အချိန်မရွေး  ထိုးနိုင်တဲ့ ကြောက်စရာကောင်းတဲ့ အမှောင်ထဲက ရန်သူတွေပဲ။

ဂဠုန်ဦးစောဟာ မျိုးချစ်ပါတီတည်ထောင်ပြီး မြန်မာတွေကို ကယ်မယောင်နဲ့ ဗိုလ်ချုပ်ကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ ထိုနည်းတူ အသားထဲက လောက်ထွက်သူတွေဟာ အင်္ဂလိပ်တော်လှန်ရေး၊ ဂျပန်တော်လှန်ရေး ကာလတစ်လျှောက်မှာ အမြောက်အမြား ပေါ်ထွက်လာခဲ့တယ်။ ရန်သူကို ချေမှုန်းတိုက် ခိုက်ရတာထက် ထိုသူတွေကို ဖော်ထုတ်ချေမှုန်းရတာက ပိုမိုခက်ခဲတယ်။

ဒီလိုလူမျိုးတွေဟာ ခေတ်တွေသာ ပြောင်းသွားတယ်၊ လူတွေသာပြောင်းသွားမယ်၊ ထိုကဲ့သို့သော အကျင့်စရိုက်ဆိုးရှိတဲ့လူမျိုးက ခေတ်တိုင်းမှာ ပေါ်ထွန်းနေမှာ၊ ခေတ်တိုင်းကို နှောင့်ယှက်နေမှာ ဖျက်လိုဖျက်ဆီး လုပ်နေမှာ။ ဒီလိုလူမျိုးကို ဗိုလ်ချုပ်ကမုန်းတယ်။ သစ္စာကြီးတဲ့လူဟာ သစ္စာမဲ့သူကို မုန်းတယ်။ သစ္စာရှိတဲ့သူဟာ သစ္စာဖောက်တဲ့သူကို မုန်းတယ်။

ဗိုလ်ချုပ်ဟာ တိုင်းပြည်အပေါ်မှာ သစ္စာကြီးတယ်။ သစ္စာရှိတယ်။ သည်အတွက် သူ့ကို  သစ္စာဖောက်တာထက် တိုင်းပြည်ကို သစ္စာဖောက်တဲ့သူကို ပိုလို့မုန်းတီးတယ်။ လူတစ်ယောက်မှာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်။ ရွေးပါ။ ရပ်တည်ပါ။ ကြိုက်တဲ့ဘက်က ရပ်တည်ပါ။ ရဲရဲတင်းတင်းရပ်တည်ပါ။ ဒီလိုမဟုတ်ဘဲ ခြံစည်းရိုးခွထိုင်တာမျိုး မလုပ်ပါနဲ့။  ကိုယ့်ကိုယ်ကျိုးအတွက် ဘယ်သူ့အပေါ်မှာမှ  သစ္စာမရှိဘဲ သစ္စာဖောက်မလုပ်ပါနဲ့။

ကိုယ့်ရဲ့သစ္စာဖောက်မှုက ကိုယ့်တစ်ယောက်တည်းအတွက် လည်းမကောင်းဘူး။ မိမိရဲ့ သားစဉ်မြေးဆက်လည်း မကောင်းဘူး။ တိုင်းပြည်အတွက်လည်း ကြီးမားစွာနစ်နာတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်သာမက လောကတစ်ခုလုံးကပါ မုန်းသူဖြစ်သွားပါလိမ့်မယ်။
Writer:
မောင်တင်ဦး (မြောင်းမြ)

No comments:

Post a Comment