Tuesday, November 29, 2016

တိုက်ပွဲတွေကြောင့် မူဆယ်ကုန်သွယ်ရေးဇုန် ဘာတွေဆုံးရှုံးခဲ့သလဲ

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှုပြုလုပ်နေခြင်း ဖြစ်သည်။ နယ်စပ်စခန်းများအနက် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအများဆုံး ပြုလုပ်လျက်ရှိသည်။ြ မန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းသည် မြန်မာနိုင်ငံ ပြည်ပကုန်သွယ်မှု၏ ၂၅ ရာခိုင်နှုန်းနီးပါးကို ဆောင်ရွက်နေခြင်း ဖြစ်ပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း၏ တစ်ရက်ပျမ်းမျှ ကုန်သွယ်မှုပမာဏကို လေ့လာကြည့်ပါက  တစ်နေ့လျှင် ဒေါ်လာ ၁၃ သန်းကျော် ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၈ ရက်အထိ မူဆယ်နယ်စပ်စခန်းတွင် ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၂၁၄၄ ဒသမ ၇၄၁ သန်း၊ သွင်းကုန်ကဏ္ဍမှ ဒေါ်လာ ၁၀၃၈ ဒသမ ၂၁၄ သန်းဖြင့် ကုန်သွယ်မှု စုစုပေါင်း ဒေါ်လာ ၃၁၈၂ ဒသမ ၉၅၅ သန်း ကုန်သွယ်မှု ပြုလုပ်ထားသည်။ အဆိုပါ ပမာဏသည် ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၁၄၃ သန်းကျော် လျော့နည်းလျက် ရှိသည်။



ယခင် သီတင်းပတ်ဖြစ်သည့် နိုဝင်ဘာ ၁၁ ရက်အထိ ကုန်သွယ်မှုတွင်မူ မူဆယ်နယ်စပ်၏ ကုန်သွယ်မှုသည် ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁၆ သန်းကျော်အထိ ကုန်သွယ်မှု ပြုလုပ်ထားခဲ့ရာမှာ နိုဝင်ဘာ ၁၈ ရက်အထိ တတိယ သီတင်းပတ်ကာလတွင်မူ ယခင်နှစ် ကာလတူထက် ကုန်သွယ်မှု ဒေါ်လာ ၁၄၃ သန်းကျော် လျော့ကျသွားသည်။

ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

မြန်မာ-တရုတ် ကုန်သွယ်မှုတွင် အဓိကအားဖြင့် ဆန်၊ ပြောင်း စသည့် လယ်ယာထွက်ကုန်များကို မြန်မာနိုင်ငံက အဓိကတင်ပို့နေခြင်း ဖြစ်သည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို နိုဝင်ဘာ ၂၀ ရက် နံနက် ၂ နာရီခန့်မှ စတင်ကာ  ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်အသွားအလာများ မရှိသလောက် ဖြစ်ပွားကာ ကုန်စည်ကူးသန်းမှုများ ရပ်တန့်ခဲ့သည်။

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုများကြောင့် ကုန်သိုလှောင်ရုံများ၊ ကုန်တင်ယာဉ်များနှင့် ဒေသခံများ လက်နက်ထိမှန်မှုများ ရှိခဲ့သည်။

မူဆယ် ၁၀၅ မိုင်အတွင်းရှိ သစ်သီးဝလံကုန်စည်ဒိုင်ရှိ သစ်သီးအရောင်းစင်များ၊ စားသောက်ဆိုင်များ၊ ရုံးခန်းများအား လက်နက်ထိမှန်မှုများ ရှိခဲ့ပြီး ဒေသခံများနှင့် ၁၀၅ မိုင် ရဲကင်းစခန်းတွင် တာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များလည်း လက်နက်ထိမှန်မှုများ ရှိခဲ့သည်။

နံနက် ၂ နာရီခန့်တွင်လည်း မူဆယ်မြို့ အ၀င် ကညနရုံးအနီး မြို့အ၀င် လုံခြုံရေးရဲကင်းအား လက်နက်ကိုင်အဖွဲ့များမှ လက်နက်ကြီးနှစ်ချက်၊ လက်နက်ငယ် အချက် ၁၀၀ ခန့်ထိ ပစ်ခတ်ခံခဲ့ရပြီး နံနက် ၁၀ နာရီခွဲအချိန်တွင်လည်း သိန္နီမြို့အနီးရှိ နမ္မတူချောင်းတံတားပေါ်ရှိ ပါဂျဲရိုးကား တစ်စီးပေါ်တွင် ကားမိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် တံတားပျက်စီးသွားပြီး ပါဂျဲရိုးကားမှာ ချောင်းအောက်သို့ ပြုတ်ကျသွားကြောင်း၊ ပေါက်ကွဲမှုကြောင့် တံတားပေါ် ဖြတ်သန်းသွားလာလျက်ရှိသော အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ဝန်းကျင်တွင် နိုဝင်ဘာ ၂၀ ရက် နောက်ပိုင်းရက်များ ဖြစ်သည့် နိုဝင်ဘာ ၂၁၊ ၂၂၊ ၂၃ ရက်၊၂၄ ရက်အထိ တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုမှာလည်း ငါးရက်ခန့်  ရပ်ဆိုင်းထားခဲ့ရသည်။

ယင်းသို့ မူဆယ်ကုန်သွယ်ရေးဇုန် ရပ်ဆိုင်းထားစဉ်အတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “မူဆယ်ကုန်သွယ်ရေးစခန်း ရပ်ထားတယ်ဆိုတာက ကားတွေ အတက်အဆင်း ရှိပါတယ်။ လောလောဆယ် အဲဒီမှာ သွင်းကုန်ကားတွေ ရှိပါတယ်။ အဲဒါလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးပါတယ်။ တက်လာတယ်၊ ဆင်းလာတယ်ဆိုရင် အကုန်လုံးကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးမှာပါ။ စဖြစ်တဲ့အချိန်မှာလည်း ကုန်သွယ်ရေးဝန်ထမ်းတွေ အားလုံးဟာ အဲဒီဝင်းထဲမှာပဲ ရဲတွေနဲ့အတူ ရှိနေပါတယ်။ ဘယ်မှမသွားပါဘူး။ ဌာနတွေအနေနဲ့ ရပ်ထားတာတော့ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ကုန်ကားတွေ တက်လာရင် ပုံမှန်အတိုင်း ဆောင်ရွက်ပေးနေပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

မူဆယ်နယ်စပ်တွင် ကုန်သွယ်မှု ရပ်တန့်နေခြင်းက ကုန်သွယ်မှုအပေါ် ထိခိုက်လာနိုင်ခြင်းနှင့် ပတ်သက်ပြီး “ရက်ကြာရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ရက်မကြာဘူး၊ လောလောဆယ် ရက်ပိုင်းလောက်ကတော့ ပြဿနာမရှိဘူး”ဟု ဦးရန်နိုင်ထွန်းက ပြောကြားသည်။

မူဆယ် ၁၀၅ မိုင်တွင် ယင်းကဲ့သို့  နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသဖြင့်  သစ်သီးကုန်သည်အချို့ နိုဝင်ဘာ ၂၁ ရက်က တရုတ်ကုန်သည်များနှင့် ညှိနှိုင်းကာ တရုတ်ဘက်သို့ သွားရောက် ရောင်းချမှုများ ပြုလုပ်ခဲ့သော်လည်း နိုဝင်ဘာ ၂၂ ရက်တွင်မူ သစ်သီးအရောင်းအ၀ယ်များပါ ရပ်တန့်ခဲ့ကြောင်း သိရသည်။

“အခု အခြေအနေကြောင့် စီးပွားရေး သက်ရောက်မှုတွေကတော့ အခြေခံလူတန်းစားကနေ အလွှာစုံ သွားထိမှာပဲ။ ဘာလို့လဲဆိုရင် ဆောက်လုပ်ရေးဆိုလည်း ဆောက်လုပ်ရေးနဲ့ ပတ်သက်တာတွေ မသွင်းတော့ဘူး။ အဲဒီတော့ အောက်မှာ ဈေးတက်မယ်။ တခြားဆိုင်ရာ ဆိုင်ရာ ပစ္စည်းတွေလည်း မရှိတော့ဘူး။ ပန်းသီး၊ သစ်တော်သီးစတဲ့ အသီးစုံ၊ လျှပ်စစ်ဆိုလည်း လျှပ်စစ်ပစ္စည်းပေါ့။ အဲဒါတွေမသွားတော့  ဈေးတက်နိုင်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး လုပ်စားနေတဲ့ ကားဆရာတွေ၊ ကုန်တင်ကုန်ချ အလုပ်သမားတွေလည်း အလုပ်မဖြစ်တော့ဘူး။ အလွှာစုံကို ထိခိုက်နိုင်တယ်။ အဆိုးဆုံးက ကုန်စိမ်းသမားတွေပေါ့”ဟု မူဆယ်မြို့ ခွာညိုသစ်သီးပွဲရုံမှ ဒါရိုက်တာ ကိုစိုင်းမင်းသူနိုင်က ပြောကြားသည်။

ပုံမှန်အချိန်များတွင် တစ်နေ့လျှင် ဖရဲသီး ကုန်ကားအစီး၂၀၀၊ သခွားမွှေးအစီး ၁၀၀ ခန့် မူဆယ်သို့ ကုန်အ၀င်ရှိကြောင်း သိရသည်။ ဒီဇင်ဘာလ နောက်ပိုင်းကာလများတွင် ယင်းအခြေအနေထက် ကုန်အ၀င်ပိုများလေ့ ရှိကြောင်း သိရသည်။

“ဆန်တို့ သကြားတို့က ထားလို့ရတယ်။ ဖရဲသီး၊ သခွားမွှေးတို့ကျတော့ တစ်ရက်နဲ့ တစ်ရက် ဈေးကပြောင်းနေတာ။ သူ့ရဲ့လတ်ဆတ်မှုကို လိုက်ပြီး ဈေးရတာ။ လမ်းမှာ တစ်ရက်ကြာသွားတာနဲ့ ပုပ်မှာပဲ”ဟု သစ်သီးကုန်သည်တစ်ဦးက ပြောကြားသည်။

လက်ရှိ ဘဏ္ဍာနှစ် ၂၀၁၆ ခုနှစ် နိုဝင်ဘာ၁၁ ရက်အထိ တရုတ်နိုင်ငံသို့ သကြားတန်ချိန် ၁ ဒသမ ၉ သန်း ကျော်တင်ပို့ခဲ့ပြီး ဒေါ်လာ သန်း ၇၀၀ ခန့် ရရှိခဲ့ကာ လက်ရှိ မူဆယ်နယ်စပ် မငြိမ်သက်မှုကြောင့် တင်ပို့မှုများ တုံ့ဆိုင်းနေကြောင်း သိရသည်။

တစ်ပတ်တာ တင်ပို့မှုအနေဖြင့် နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နှင့် လွယ်ဂျယ် ကုန်သွယ်ရေးစခန်းများမှ ဒေါ်လာ ၂၀ ဒသမ ၃၆၆ သန်း တန်ဖိုးရှိ Re-export  သကြား ၃၇၀၂၈ တန်ကို တရုတ်နိုင်ငံကို တင်ပို့ခဲ့ခြင်း ဖြစ်သည်။ စခန်းအလိုက် တင်ပို့မှုအနေဖြင့် မူဆယ်မှ ၃၆၄၁၁ တန်၊ ချင်းရွှေဟော်မှ ၆၁၂ တန်၊ လွယ်ဂျယ်မှ ငါးတန်ဖြစ်ပြီး လက်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် ကုန်စည်တင်ပို့မှု ပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“မူဆယ်နယ်စပ်က Re-export  သကြား တင်ပို့မှုရဲ့အဓိက နယ်စပ်ဖြစ်တာကြောင့် အခက်အခဲတွေ ရှိပါတယ်။ တခြားနယ်စပ်တွေက တစ်ဆင့် လမ်းကြောင်းပြောင်းတင်ပို့ဖို့ စီစဉ်နေပေမယ့် လောလောဆယ်တော့ သကြားကားတွေနဲ့ တခြားကားတွေ ပိတ်မိနေပါတယ်။ ကားသမားတွေကလည်း အန္တရာယ်မကင်းတော့ သိပ်မသွားချင်ကြဘူး။ သကြားက တရုတ်မှာ ဈေးကွက်ခိုင်ခိုင်မာမာ ရထားပြီဆိုတော့ ပုံမှန်တင်ပို့နိုင်ဖို့အတွက် နယ်စပ်မှာ တည်ငြိမ်ဖို့လိုပါတယ်”ဟု တရုတ်နိုင်ငံသို့ သကြားတင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မူဆယ်နယ်စပ်မှ တစ်ဆင့် ဆန်၊ ပြောင်း စသည့် မြန်မာ့လယ်ယာထွက်ကုန်များကို တရုတ်ဈေးကွက်သို့ တင်ပို့လျက်ရှိရာ မြန်မာဘက်မှ တရားဝင်တင်ပို့ခြင်း ဖြစ်သော်လည်း  တရုတ်ဘက်မှမူ တရားဝင်အဖြစ် သတ်မှတ်ထားခြင်း မရှိပေ။

ထို့ကြောင့် တရုတ်ဘက်မှ မကြာခဏပင် စီမံချက်ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိသည်။ ထိုအချိန်မျိုးတွင် မြန်မာလုပ်ငန်းရှင်များ၊ ပို့ကုန်များအပေါ် များစွာထိခိုက် နစ်နာသဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရသည်။ တရုတ်ဘက်မှ ယင်းသို့ အဖမ်းအဆီးကြမ်းနေမှုကြောင့် ယခုနှစ်အတွင်း တရုတ်ဈေးကွက်သို့ တင်ပို့နေသည့် မြန်မာ့ဈေးကွက်နှင့် လုပ်ငန်းရှင်များကို ထိခိုက်သည်။

ဈေးကွက်ရှိနေသော်လည်း ယင်းသို့ တစ်ဖက်နိုင်ငံ၏ အခြေအနေအပေါ် အမှီပြု ကာ ကုန်သွယ်မှုပြုနေရသည့် မူဆယ်တွင် ပစ်ခတ်တိုက်ခိုက်မှုများ၊ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းသည် မြန်မာ့ကုန်သွယ်မှုအပေါ် သက်ရောက်လာနိုင်သည်။

သို့သော်လည်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကြောင့် ငါးရက်ကြာ ကုန်စည်စီးဆင်းမှု ရပ်တန့်ခဲ့သည့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို နိုဝင်ဘာ ၂၅ ရက်တွင် ပြန်လည် ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့သည်။

မူဆယ် ၁၀၅ မိုင် ပြန်လည်ဖွင့်လှစ်မှုနှင့် ပတ်သက်ပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှ အကောက်ခွန်ညွှန်ကြားရေးမှူး ဦးဝင်းဇော်က “ကုန်သွယ်ရေးဇုန်မှာ အရင်က ငွေကြိုသွင်းထားပြီး ပစ္စည်းမထုတ်ဖြစ်သေးတဲ့ ကားတွေရှိတယ်။ ခွင့်ပြုတဲ့ ကားတွေရှိတယ်။ လုံးဝ ရပ်တန့်သွားတာမျိုး မဟုတ်ပါဘူး။ အခြေအနေအရ လာဖို့မ၀ံ့မရဲဖြစ်နေတာမျိုးတော့ ရှိနေပြီး လက်ရှိမှာ ပြန်လည်ပြီး လုပ်ငန်း လည်ပတ်နေပါတယ်။ လမ်းကြောင်းပိတ်နေတဲ့ အနေအထားကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားတဲ့ အနေအထားဖြစ်ပြီး ဘဏ်ကတော့ လုံခြုံရေး အနေအထားအရ ဒီမှာဆောင်ရွက်ပေးခြင်း မရှိဘဲ မြို့ထဲကနေပဲ အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်ပေးနေပါတယ်။ အရင်လို ပုံမှန်ပြန်လည်ပတ်ဖို့အတွက် ဆောင်ရွက်နေပါပြီ”ဟု ပြောကြားသည်။

ယင်းသို့ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ကုန်စည်စီးဆင်းမှုကို ပုံမှန်အတိုင်း လည်ပတ်နိုင်စေရန် ဆောင်ရွက်လျက် ရှိသော်လည်း မူဆယ်-ကွတ်ခိုင်လမ်းပိုင်းတွင် သွားလာသော ကုန်တင်ယာဉ်များကို လက်နက်ကိုင်အဖွဲ့များမှ သော့ဖြုတ်သိမ်းခြင်းနှင့် လမ်းကြောပိတ်ဆို့စေရန် ဟန့်တားနှောင့်ယှက်မှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး နိုဝင်ဘာ၂၅ ရက်တွင်  ၂၄ ဘီးတွဲ ကားနှစ်စီးနှင့် မှန်လုံယာဉ် တစ်စီးအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မူဆယ်နယ်စပ်တွင် တိုက်ပွဲများ မဖြစ်ပွားခင် နိုဝင်ဘာလဆန်းပိုင်းက ကုန်သွယ်မှုပမာဏ မြင့်တက်လျက်ရှိရာမှ မူဆယ်ဒေသ  မငြိမ်သက်မှုကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ သို့သော်လည်း မူဆယ်ဝန်းကျင် တည်ငြိမ်သွားပါက ကုန်သွယ်မှု ပြန်လည်မြင့်တက်လာနိုင်ကြောင်း သိရသည်။

“ရက်ပိုင်းလောက် ခဏရပ်ထားတဲ့ ဥစ္စာက လမ်းပိုင်း ပုံမှန်ဖြစ်သွားရင် အလုံးအရင်းနဲ့ ပြန်တက်လာကြမှာပဲ။ ဘာလို့လဲဆိုရင် ဟိုဘက်ဒီဘက် ဈေးကွက်ရှိနေတာ ဖြစ်တဲ့အတွက် အလုံးအရင်းနဲ့ ပြန်တက်လာမယ်။

ဒီဖြစ်စဉ် မတိုင်မီရက်တွေမှာ ဆန်တင်ပို့မှု ပိုများလာတယ်။ သကြားတင်ပို့မှု ပိုများလာတယ်။ ပြောင်းတင်ပို့မှုလည်း ပိုများလာတယ်။ ဖြစ်စဉ်နေ့ နောက်ပိုင်းမှသာ တင်ပို့မှုမရှိတာ။ နောက်တစ်ခုက သစ်သီးဈေး ပိုကောင်းလာတယ်။ ဖရဲသီး၊ သခွားသီးဆိုလည်း ဒီဖြစ်စဉ်ကြောင့် နည်းနည်း ဆိုင်းငံ့သွားတဲ့အနေအထားတော့ ရှိပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

လက်ရှိ အစိုးရသစ်လက်ထက် ငါးနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်တင်ပို့မှု တန်ဖိုးကို သုံးဆတက်အောင်  ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ပြီးခဲ့သည့် ငါးနှစ်အတွင်း ကုန်သွယ်မှုမှာ တစ်ဆတောင် တက်မလာကြောင်း၊  ထို့ပြင် ပို့ကုန်နှင့် သွင်းကုန်ပိုင်းတွင် ပို့ကုန်ကနည်းပြီး သွင်းကုန်က များကာ တစ်ဖက်စောင်းနင်း အခြေအနေများ ရှိခဲ့ကြောင်း ၊ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် ဒေသတွင်း ကူးသန်းရောင်းဝယ်မှုအဆင့်မှ နိုင်ငံတကာနှင့် ချိတ်ဆက်၍ ကူးသန်းရောင်းဝယ်နိုင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များ  နိုင်ငံတကာနှင့် ရင်ပေါင်တန်း လုပ်ကိုင်နိုင်အောင် ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် မြန်မာနိုင်ငံ နယ်စပ်ဒေသများ၏ တည်ငြိမ်မှု အားနည်းသည့်အခြေအနေများက ကုန်သွယ်မှုအပေါ် သက်ရောက်လျက် ရှိသည်။ လက်ရှိအချိန် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးမှ တစ်ရက်ပျမ်းမျှ ဒေါ်လာ ၁၃ သန်းကျော် ကုန်သွယ်မှု ပြုလုပ်နေချိန်  နယ်မြေမတည်ငြိမ်မှုကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ ငါးရက်ခန့် ရပ်နားခဲ့ရသဖြင့် လူတစ်ဦးချင်း၊ လုပ်ငန်းတစ်ခုချင်းအလိုက် ဆုံးရှုံးမှုကို  တွက်ဆရန် ခက်ခဲသော်လည်း ကုန်သွယ်မှုပမာဏကို ခြုံ၍ကြည့်ပါက ငါးရက်အတွင်း ဒေါ်လာ  ၆၅ သန်းကျော် နစ်နာ ဆုံးရှုံးခဲ့သည်။

ယင်းသို့သော အခြေအနေများသည်  ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး၊ ပြည်ပကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ရေး ဆောင်ရွက်နေသည့် အစိုးရသစ်အတွက် စိန်ခေါ်မှုတစ်ခုပင် ဖြစ်လာသည်။
Writer:
နီလာ

No comments:

Post a Comment