Saturday, November 19, 2016

ရှုပ်ရင်းရှင်း ရှင်းရင်းရှုပ်နေတဲ့ လမ်းဘေးဈေးသည်များ

ပူပြင်းလှသည့် နေရောင်အောက်တွင် နေ့စဉ်နေ့တိုင်း ပြည်သူများ သွားလာလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြသည်။ တချို့က ပြုံးရွှင်ရွှင် တချို့က ညည်းတွား၍ တချို့က ခြေကျင် တချို့က ကားနှင့်တဖုံ သွားလာနေကြ သည်။ အဆိုပါ သွားလာနေသည့် လူအများစုမှာ အခြေခံလူတန်း စားများဖြစ်ပြီး ဝမ်းစာအတွက် ရှာဖွေနေကြသူများပင်။ ယာဉ်လုပ်သား၊ ကုမ္ပဏီဝန်ထမ်း၊ အရောင်းဝန်ထမ်း၊ လက်သမား၊ ကုန်ထမ်းသမား အစုံ အလင်ပင်။ သို့သော် အဆိုပါ ဝမ်းစာရှာဖွေနေကြသူများအတွင်း၌ ပြည်သူအများ အငြိုငြင်ဆုံးသူများလည်း ရှိနေပေသည်။ ယင်းတို့မှာ မည်သူနည်း၊ လမ်းဘေးဈေးသည်များပင် ဖြစ်သည်။ ဟုတ်ပါသည်။ လက်ရှိကာလတွင် မြို့တွင်းဆင်ခြေဖုံးမြို့နယ် လမ်းကြိုလမ်းကြား ကားလမ်းမအစရှိသည့် နေရာအစုံတွင် လမ်း ဘေးဈေးသည်များအား မြင်တွေ့နိုင်သည်။ အဆိုပါ လမ်းဘေးဈေးသည်များအား ပြည်သူ များမှ အဘယ်ကြောင့် ငြိုငြင်ကြသနည်း။ ''ဈေးသည်တွေက ပလက်ဖောင်းလဲ ပလက်ဖောင်းပေါ်မို့လို့။ ကားလမ်းလဲ ကားလမ်းပေါ်မို့လို့ နေရာတကာမှာ ရှိနေတာ။ သွားရလာရတာ အဆင်မပြေဘူး။ မြို့လယ်ကောင် ကြီး ဘုရားပွဲမရှိပဲ။ နေ့တိုင်း ပွဲဈေးတိုးနေရသလိုပဲ။ တစ်နေ့တစ်နေ့ သူတို့ကိုပဲ ပတ်ရှောင် နေရတယ်။ ပလက်ဖောင်းပေါ် တက်လျှောက်လို့မရလို့ ကားလမ်း ပေါ်လျှောက်ပြန်တော့လဲ ကားသမားဆဲတာခံရတယ်''ဟု ခရီးသွား ပြည်သူတစ်ဦးဖြစ်သူ ဒေါ်သူဇာမြင့်ကပြောသည်။




လက်ရှိတွင် ရန်ကုန်မြို့တွင်း လေးမြို့နယ်၌ လမ်းဘေးဈေးသည် အရေအတွက်မှာ နောက်ဆုံး ကောက်ခံထားမှုအရ ၆ဝ၄၁ ဦးရှိကာ တစ်မြို့လုံးအတိုင်းအတာနှင့် သုံးသောင်းကျော်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ များပြားလှသည့် လမ်းဘေးဈေးသည် အရေအတွက်အား တာဝန်ရှိသူများအနေနှင့် မည်ကဲ့သို့ ဖြေရှင်းပေးမည်ဆိုခြင်းမှာ ပြည်သူများမှ စိတ်ဝင်စားလျက်ရှိကြသည်။ ယခင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီမှ စည်းကမ်းမဲ့ လမ်းဘေးဈေးသည်များ လျော့ကျပပျောက်စေရန် ဖြေရှင်းသည့်နည်းလမ်းမှာ ထိရောက်ခြင်းမရှိဘဲ ခိုက်ရန်ဖြစ်ပွားမှု၊ အလုပ်လက်မဲ့ဖြစ်ပွားမှုများသာ တိုးပွားလာကြောင်း ပြည်သူတချို့မှ ဝေဖန်ကြ သည်။ ''ကျွန်တော်တို့ကို အရင်တုန်းက ဒီနေရာမရောင်းနဲ့ပြောတယ်။ ပစ္စည်းသိမ်းတယ်။ အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့တာမရှိဘူး။ အဲဒီတော့ ပစ္စည်းအသိမ်းခံရရင် အရင်းပြုတ်မယ်။ လုပ်စရာမရှိ။ ဟိုချေးဒီငှား နဲ့ ဆင်းရဲတွင်း နက်သထက်နက်ခဲ့တာ''ဟု အသီးအရွက် ရောင်းချသူတစ်ဦးဖြစ်သည့် ကိုဖိုးထောင်က ပြောကြားသည်။


သို့သော် လက်ရှိကာလတွင် လမ်းဘေးဈေးသည်များ ပပျောက်ကာ စနစ်တကျ ရောင်းချနိုင်စေရန်အတွက် ညဈေးတန်းများ ပြုလုပ်ရန် စီစဉ်နေခြင်းမှာလည်း ထိရောက်သည့် ဖြေရှင်းချက်တစ်ခုဖြစ်မဖြစ်မှာ စိတ်ဝင် စားစရာပင်။ ''လမ်းဘေးဈေးသည်ကိစ္စကို ကျွန်တော်တို့ သေချာဆောင်ရွက်နေပါတယ်။ လမ်းပေါ်မှာ စည်းကမ်းမဲ့ရောင်းချနေတဲ့ လမ်းဘေး ဈေးသည်တွေ လျော့ကျသွားအောင်လဲ ဆောင်ရွက်သွားမှာပါ''ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က ပြောသည်။ ယခင်လမ်းဘေးပျံကျဈေးသည်များ တက်ရောက်ရောင်းချနိုင်ရန်အတွက် စည်ပင်ပိုင်ဈေးများအား နှစ်ထပ်ဈေးရုံများ အဖြစ် ပြောင်းလဲ ဆောက်လုပ်ခဲ့သော်လည်း လမ်းဘေးဈေးသည်များအနေနှင့် တက်ရောက်ရောင်းချမှု မပြုကြောင်း သိရသည်။


''ဈေးရုံတွေကို နှစ်ထပ်ဈေးရုံအဖြစ် ဆောက်တယ်။ ဒါပေမဲ့ တက်မရောင်းကြဘူး။ ပြောလို့ တက်ရောင်းလဲ တစ်ရက်နှစ်ရက်ပဲ ပြီးရင် မရောင်းကြတော့ဘူး။ ဈေးရုံတွေ အဆင့်မြှင့်တင်လိုက်တာပဲ အဖတ်တင်တယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိကာလတွင် အလုံ၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာ၊ သာကေတ၊ လှိုင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ အစရှိသည့် မြို့နယ်များရှိ ဈေးရုံများအား နှစ်ထပ်ဈေးရုံများအဖြစ် အဆင့်မြှင့်တင်ထားကြောင်း သိရသည်။ ''ဈေးရုံတွေပေါ်မှာ တက်ရောင်းလို့ ပြောတယ်။ ဈေးကောက် မကောက်ဘူးလို့လဲ ပြောတယ်။ ဒါပေမဲ့ ကိုယ့်ဖောက်သည်က ကိုယ့် ကို ဒီနေရာမှာပဲသိတာ။ တခြားနေရာမှာ မသိဘူး။ တစ်ရက်၊ နှစ်ရက် ရောင်းကြည့်တယ်။  အဆင်မပြေဘူး။ ဖောက်သည်မရဘူးပေါ့။ အဲဒါ ကြောင့် အရင်နေရာမှာပဲ ပြန်ရောင်းတာ''ဟု ကြည့်မြင်တိုင်မြို့နယ်မှ လမ်းဘေးဈေးသည်တစ်ဦးဖြစ်သူ ဒေါ်သက်ထားက ပြောကြား သည်။


ယင်းကြောင့် နှစ်ထပ်ဈေးရုံများအပေါ် လမ်းဘေး ပျံကျဈေးသည်များ တက်ရောက်ရောင်းချနိုင်ရန် စီစဉ်ခြင်းမှာ မအောင်မြင်ဟု ဆိုနိုင်သော်လည်း ယခုဘဏ္ဍာနှစ်အတွင်း မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက်ဈေး၊ ဒဂုံမြို့နယ် အမှတ်(၂)ဈေး၊ အလုံမြို့နယ် အလုံ ဈေး၊ သာကေတမြို့နယ် အမှတ်(၁)ဈေးနှင့် သာကေတ (၁ဝ)ဥယျာဉ် ဈေး၊ ကြည့်မြင်တိုင်မြို့နယ် လဟာပြင်ဈေး၊ မရမ်းကုန်းမြို့နယ် မြ ဂန္ဓမာဈေး၊ မင်္ဂလာဒုံမြို့နယ် ရတနာသီရိဈေး၊ လှိုင်မြို့နယ် လှိုင်ဈေးကြီး၊ ဒလမြို့နယ် ကမာကဆစ်ဈေး၊ ရွှေပြည်သာမြို့နယ် သံဒင်းဈေး၊ ရန်ကင်းမြို့နယ် ဘောက်ထော်ဈေး အစရှိသည့် ဈေးများအား နှစ်ထပ် ဈေးရုံများအဖြစ် ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းအပြင် လမ်းဘေးဈေးသည်များ စည်းကမ်းမဲ့ ရောင်းချ ခြင်းအား ဖြေရှင်းနိုင်ရန်အတွက် မြို့တွင်းလေးမြို့နယ်ရှိ လမ်းဘေး ဈေးသည်များအား ကမ်းနားလမ်းတစ်လျှောက် အောင် ရတနာလမ်းမှ ပန်းဆိုးတန်းလမ်းအထိ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်း ခြံလမ်း (မဟာဗန္ဓုလလမ်းနှင့် ကမ်းနားလမ်းအကြား) တည်ဆောက် လျက်ရှိသည့် ညဈေးတန်းသို့ ရွှေ့ပြောင်းနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည်။


''လမ်းဘေးပျံကျဈေးသည်တွေကို ညဈေးတန်းကို ပြောင်းရွှေ့ တာ Pilot Project အနေနဲ့ မြို့တွင်းလေးမြို့နယ်မှာ စတင်လုပ် ဆောင်တာပါ။ ပြောင်းရွှေ့မှုကိုတော့ ၂၃၊ ၂၄ လောက်မှာ စပြီးလုပ်ဖို့အတွက် စီစဉ် ထားပါတယ်။ အစားအသောက်နဲ့ သစ်သီးဝလံ ရောင်းချသူတွေကို ဦးစားပေးသွားမယ်''ဟု ၎င်းကပြောသည်။ ယင်းကဲ့သို့ မပြောင်းရွှေ့မီ ကာလအတွင်း၌ ရောင်းချမည့်သူ၏ အမည်၊ ဓာတ်ပုံ၊  ရောင်းချမည့် ကုန်စည် အမျိုးအစားများအား စနစ်တကျနှင့် သက်သေခံလက်မှတ်များ ပြုလုပ်ပေးသွားမည်ဖြစ် ကြောင်းလည်း သိရသည်။ ယခင်အစိုးရလက်ထက်၌လည်း ရန်ကုန်မြို့တွင်းတွင် ညဈေးတန်းများပြုလုပ်ရန် စီစဉ်မှုများ ပြုလုပ် ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း သိရသည်။ ''ညဈေးတန်းကတော့ လက်ရှိကျွန်တော်တို့ကြားမှာ ရေပန်းစားနေတယ်လို့တောင် ပြောလို့ရတယ်။ ကျွန်တော်တို့လဲ သေသေချာချာနဲ့ အဆင့်မီရောင်းချမှုတွေ ပြု လုပ်ချင်တာပေါ့။ ဒါပေမဲ့ ရတဲ့ နေရာမှာရသလို လုယက်ရောင်းနေရတော့ သိပ်အဆင်မပြေဘူး။ ညဈေးလုပ်ရင် လာဝယ်မယ့်သူတွေများရင်တော့ သေသေချာချာ ရောင်းကြမယ်လို့ထင်တယ်''ဟု ပန်းဘဲတန်းမြို့ နယ် တွင် သစ်သီးဝလံ ရောင်းချသူတစ်ဦးဖြစ်သည့် ကိုပြည့်စုံထူးက ပြောကြားသည်။ အဆိုပါညဈေးတန်းတွင် ဈေးရောင်းချနိုင်ရန် အကျယ်အဝန်း အနေနှင့် ရှစ်ပေပတ်လည်၊ ခြောက်ပေပတ်လည်၊ (၄x၈) ပေဟူ၍ ထားရှိသွားမည်ဖြစ်ကာ ရေ၊ လျှပ်စစ်၊ သန့်ရှင်းရေး၊ စီစီတီဗီကင်မရာ၊ သန့်စင်ခန်းများ ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။


''ညဈေးတွေကို နိုင်ငံခြားသားတွေလဲ လာလောက်ပါတယ်။ ရောင်းချဖို့နေရာတွေကို ဈေးကောက်ကောက်တာတော့ ပြုမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ရေဖိုးတို့ မီးဖို့တို့တော့ ပေးရမှာပေါ့။ အခုလဲ ကနဦးမို့ အစားအသောက် နဲ့ သစ်သီးဝလံ ရောင်းချသူတွေအတွက်ပဲစီစဉ်တာပါ။ အဆင်ပြေရင်နောက်ပိုင်း လမ်းဘေးပျံကျဈေးသည် တွေ အကုန်လုံးအတွက်ပါ စီစဉ်မှာပါ''ဟု ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ညဈေးတန်း တွင်ရောင်းချရမည့် ဈေးသည်များအား ဈေးကောက် ကောက်ယူမည်မဟုတ်ဘဲ သက်သေခံကတ်ပြား ဆောင်ရွက်ခ နှစ်စဉ်ကျပ် ၅ဝ၊ အမှိုက်သန့်ရှင်းခအနေနှင့် ရှစ်ပေပတ်လည်ဆိုင်လျှင် တစ်ရက်ကျပ် ၃ဝဝ ၊ ခြောက်ပေပတ်လည်နှင့် (၄x၈)ပေဆိုင်ခန်းလျှင် တစ်ရက်ကျပ် ၁၅ဝ ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။ ယင်းအပြင် လျှပ်စစ်ဓာတ်အားခအနေနှင့် ရှစ်ပေပတ်လည်ဆိုင်ခန်းမှာ တစ်လလျှင် ကျပ် ၇ဝဝ၊ ခြောက်ပေ ပတ်လည်နှင့် (၄x၈)ပေဆိုင် ခန်းမှာ တစ်လလျှင်ကျပ် ၃ဝဝ ပေးသွင်းရမည်ဖြစ်ပြီး ရေသုံးစွဲခမှာ ရှစ်ပေပေပတ်လည် ဆိုင်ခန်းလျှင် တစ်ရက်ကျပ် ၃ဝဝ၊ ခြောက်ပေ ပတ်လည်နှင့် (၄x၈)ပေဆိုင်ခန်းလျှင် တစ်ရက်ကျပ် ၁၅ဝ နှုန်းဖြင့် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။


''ပေးရတဲ့အခနဲ့ ရောင်းရတာနဲ့ကာမိမှ အဆင်ပြေမှာပေါ့။ မကိုက်ရင်တော့ ဘယ်သူမှ ရောင်းချင်မှာမဟုတ်ဘူး။ ပြောလို့တော့ မရသေးပါဘူး။ အခုက သူတို့က ရောင်းခွင့်ပေးမယ့်သူကို ရွေးဦးမှာလေ။ ကိုယ်ပါချင်မှ ပါမှာပေါ့''ဟု ကိုပြည့်စုံထူးက ပြောကြားသည်။ ရန်ကုန်မြို့တွင်းလေးမြို့နယ်ရှိ လမ်းဘေးဈေးသည်များမှာ အခြားမြို့နယ်များရှိ လမ်းဘေးဈေးသည်များထက် ပိုမိုဆိုးရွားကာ လက်ရှိ စီစဉ်လျက်ရှိသည့် ညဈေးတန်း အစီအစဉ် အောင်မြင်ရန် မျှော်လင့်လျက်ရှိကြောင်း ခရီးသွားပြည်သူများမှ ပြောကြားသည်။ ''လမ်းပိတ်တာလဲ မြို့တွင်းလေးမြို့နယ်က အဆိုးဆုံးပဲ။ မနက်ပိုင်းတော့သွားရတာ လမ်းပိတ်တာလောက်ပဲရှိတယ်။ ညနေ ပိုင်းဆို ဈေးသည်တွေက လမ်းပေါ်ရောက်နေပြီ ကားထွက်ရင် မနည်းထွက် ရတယ်။ ပြီးတော့ အမိုးတွေကိုလည်း ရှောင်ရသေးတယ်။ ငါးကင်ဆိုင်တွေ၊ ထမင်းကြော်ဆိုင်တွေ၊ အသုပ်ဆိုင်တွေဆိုရင် ခင်းထားတဲ့ ခုံတွေ လွတ်အောင်ရှောင်ပြီး သွားနေရတယ်''ဟု ၂၆ နှစ်အရွယ် ပုဂ္ဂလိကဝန်ထမ်းဖြစ်သူ မယမင်းသူက ပြောကြားသည်။


သို့သော် ညဈေးတန်းတွင် ရောင်းချခွင့်အား လမ်းဘေးပျံကျ ဈေးသည် ၁၆ဝဝ ကိုသာ ပေးသွားမည်ဖြစ်သည့်အတွက် မရရှိသည့် ဈေးသည်များအနေနှင့် ယခင်ကဲ့သို့ လမ်းသွယ်များနှင့် နံပါတ်တပ်လမ်းများတွင် ဝင်ရောက် ရောင်းချရမည်ဖြစ်ကြောင်းသိရသည်။ ''ကျွန်တော်တို့ လမ်းဘေးဈေးသည်တွေကို လုံးဝမရောင်းရဘူးဆိုပြီး ပိတ်မထားပါဘူး။ နံပါတ်တပ်လမ်းတွေ၊ လမ်းသွယ်တွေမှာ ညနေ ၃ နာရီကနေ ည ၈ နာရီ အထိ ဈေးရောင်းလို့ရပါတယ်။ အဲဒီမတိုင်မီရောင်းရင် စည်းကမ်းဖောက်တာဖြစ်ပါတယ်။ ပလက် ဖောင်းအောက် ရောက်သွားရင်လဲ စည်းကမ်းနဲ့မညီညွတ်ပါဘူး။ အဓိကဖမ်းတာကတော့ လမ်းနားကျတာတို့၊ မိန်းလမ်း မကြီးတွေ ပေါ်မှာ တက်ရောင်းတာမျိုးတွေ ဖြစ်ပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊  လုံခြုံ၊ စည်းကမ်းဌာနမှ ရဲအုပ်ဇော် မင်းသန်းက ပြောပြသည်။ ယင်းကြောင့် အချိန်မတိုင်မီ ရောင်းချခြင်း၊ သတ်မှတ်နေရာတွင် မရောင်းချခြင်း၊ လမ်းမပေါ်တွင် တက်ရောင်းချပါက စည်ပင်ရဲများက ဖမ်းဆီးခြင်း၊ တရားစွဲခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။ ''နံပါတ်တပ်လမ်းတွေ၊ လမ်းသွယ်လေးတွေမှာ ရောင်းချခွင့်ပြု ထားတာသိပါတယ်။ ဒါပေမဲ့ လမ်းထဲက နေထိုင်သူတွေလက်ခံမှပါ။ လက်မခံရင်တော့ ရောင်းလို့မရဘူး။ ကျွန်မတို့အတွက် အဓိကလိုအပ်တာက နေရာလို့တောင်ပြောလို့ရတယ်''ဟု ၃၇ လမ်းအတွင်း ဈေးရောင်းချ သူတစ်ဦးက ပြောကြားသည်။


လက်ရှိကာလတွင် ဈေးသည်အချို့မှာ နံပါတ်တပ်လမ်းများနှင့် လမ်းသွယ်များတွင် ရောင်းချခြင်းမပြုဘဲ ကားလမ်းမများပေါ်၌ တက် ရောက်ရောင်းချမှုများ ပြုလုပ်လျက်ရှိနေသည့်အတွက် ယာဉ်မောင်းများအနေနှင့်  အခက်တွေ့လျက်ရှိကြောင်းသိရသည်။ ''ဦးတို့ ၂ဝဝဝ ခုနှစ်လောက်ကတည်းက  တက္ကစီစမောင်းလာတာ၊ အဲဒီတုန်းကတော့ လမ်းဘေးဈေးသည်ဆိုတာ ခပ်ရှားရှားပေါ့။ အခု တော့ တော်တော်ပေါလာတယ်။ မြို့ထဲ တင်မကဘူး ဟိုးမြို့စွန်မြို့ ဖျားမှာတောင် လမ်းဘေးဈေးသည်တွေက တွေ့နေရတယ်။ အမြဲတမ်းလဲ ရှောင်မောင်းရတယ်။ မြို့ထဲမှာဆို လမ်း ၃ဝ အောက်လမ်းမှာဆိုကြည့် ကားဂိတ်နားဆို။ သုံးလမ်းသွားက အပေါ်တစ် လမ်းပဲ သွားလို့ရတယ်။ အောက်လမ်းက သူတို့ဈေးရောင်းတာနဲ့ ကားရပ်ထားတာတွေနဲ့ သွားလို့ကိုမရဘူး။ ရန်ကုန်မြို့မှာတော့ ကားက နေရာတိုင်းကျပ်တယ်။ ဈေးသည်မရှိလည်းကျပ်၊ ရှိလည်းကျပ်ပဲ ဒါပေမဲ့ သူတို့ ကို ရှောင်မောင်းနေရတော့ ပိုပြီးခရီးမတွင်ဘူးပေါ့။ သူတို့ရှိလို့ သွားရလာရတာခက်ခဲတယ်''ဟု လုပ်သက် ၁၅ နှစ်ကျော်ရှိ အသက် ၄၆ အရွယ် တက္ကစီမောင်းသူ ဦးကျော်မိုးထွန်းက ပြောသည်။


ယင်းအပြင် ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပွားလျက်ရှိသည့် သီရိမင်္ဂလာဈေးသစ် ရှေ့ကားပါကင် မျက်နှာစာတွင် ရောင်းချလျက်ရှိသည့် ပျံကျဈေးသည် တစ်ထောင်ကျော်အားလည်း ယခုလအတွင်း ဈေးအနောက် ဘက်ရှိ ဂိုဒေါင်အတွင်းသို့ ဝင်ရောက် ရောင်းချရန် ပြုလုပ်သွားမည်။ ''လိုက်နာမှုမရှိရင် ဈေးများဆိုင်ရာ တားမြစ်ချက် အချက် ၁၃ ချက်ရှိတယ်။ အဲဒီထဲမှာမှ ပုဒ်မ ၅၉(က)မှာ မည်သူမျှ စည်ပင်သာ ယာဈေးပြင်ပတွင် စည်းကမ်းဖောက်၍ ဈေးရောင်းချခြင်း မပြုရဘူးဆိုပြီးပါတယ်။ ဖောက်ဖျက်ရင် အခန်း(၂ဝ)ပုဒ်မ ၆၈ မှာ မည်သူမဆို ထောင်ဒဏ်တစ်နှစ်ဖြစ်စေ။ ဒဏ်ငွေကျပ်အနည်းဆုံး တစ် သောင်းမှ အများဆုံးငါးသိန်း အထိဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ် စေ ပြစ်ဒဏ်ကျခံနိုင်တယ်လို့ပါတယ်''ဟု ၎င်းကပြောသည်။ အဆိုပါနေရာရှိ လမ်းဘေး ပျံကျဈေးသည်များအား ရှင်းလင်းရန် ယခင်ကာလ၌ ဆောင်ရွက်မှုပြုလုပ်ခဲ့သော် လည်း ဈေးသည် များမှ ပြန်လည်တိုက်ခိုက်မှုရှိခဲ့ကာ ယခုအခါ နေရာရွှေ့ပြောင်းမှုပြု လုပ်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ အကူအညီရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ယင်းအပြင် ရန်ကုန်မြို့တွင်းရှိ လမ်းဘေးဈေးသည်အချို့မှာ ရောင်းချမှု ပြုလုပ်ပြီးသော်လည်း ကျန်ရှိသည့်အမှိုက်များ အညစ်အ ကြေးများအား ရှင်းလင်းမှု မပြုလုပ်သွားသည့်အတွက် အနီးအနားနေ ပြည်သူများ ဒုက္ခရောက်ရှိကြကြောင်း သိရသည်။ ''အမှိုက်တွေ မရှင်းသွားဘူး။ အညစ်အကြေးတွေလဲ မရှင်းသွားဘူး။ လမ်းသွားတဲ့သူတွေလဲ အခက်အခဲဖြစ်တယ်။ ကျွန်တော်တို့ လသာဘက်မှာဆို ညလုံးပေါက်ဈေးရောင်း ကြတယ်။ လမ်းဘေးမှာ ဖွင့်ပြီးရောင်းတဲ့ဆိုင် တော်တော်များများက လူသုံးကုန်ပစ္စည်း ရောင်းတာထက် အစားအသောက် ရောင်းတဲ့ဆိုင်တွေက ပိုများတဲ့အတွက် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်။ စွပ်ပြုတ် တို့ ခေါက်ဆွဲတို့ရောင်းချတဲ့ ရှမ်းအစားအစာ ဆိုင်တွေကနေ စွန့်ပစ်တဲ့အရည် တွေနဲ့ စားသုံးသူတွေကလွှင့်ပစ်တဲ့ တစ်ရှူးစတွေနဲ့ မနက်ထိကိုပွ နေတယ်။ လသာဘက်နားဆိုရင် လမ်းဘေး ရေမြောင်းတွေကအစ အနံ့အသက်မကောင်းတော့ဘူး''ဟု လသာမြို့နယ်တွင် နေထိုင်သူ ကိုမောင်မောင်က ပြောသည်။


''မြောင်းထဲ အမှိုက်ပစ်တာတွေ၊ စည်းကမ်းမဲ့ အမှိုက်တွေထား ခဲ့တာတွေကို အရေးယူပါတယ်။ ပြည်သူတွေအနေနဲ့လဲ မြို့နယ် စည်ပင်ရုံးတွေမှာ တိုင်ကြားနိုင်ပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခင် နှစ် ၅ဝ ကျော်ကာလ၌ လမ်းဘေးဈေးသည်ဆိုသည့် အသုံးအနှုန်းမှာ လူတကာ၏ ပါးစပ်ဖျား၌ စွဲမနေပေ။ သို့သော် လက်ရှိတွင် လမ်းဘေးဈေးသည်များမှာ ယခင်ကာလများထက် ဆတက်ထမ်းပိုး တိုးလာသည်။ သွားလာ၍ မရသည်အထိ ပိတ်ဆို့ မှုတွေ ဖြစ်လာသည်။ ဖမ်းဆီးမှုရှင်းလင်းမှုတွေ ပြုလုပ်သည်။ မထိ ရောက်သလောဟူ၍တော့မဟုတ်။ အချိန်အတိုင်းအတာ တစ်ခုအထိတော့ ခေတ္တပျောက်ဆုံးသွားကြသည်။  အချိန်အကြာကြီးတော့မဟုတ် ပြန်ပေါ်လာကြသည်။


''ကျွန်တော်တို့အတွက်က ဈေးဝယ်သူ။  ပုံမှန်လာဝယ်မယ့်ဖောက်သည်ပေါ့။ ပြီးတော့ ဈေးရောင်းချဖို့နေရာ။ အဲဒါတွေအဆင်ပြေရင်ရပါပြီ။ ကျွန်တော်တို့ကို ဘယ်လိုရှင်းရှင်း ပြန်ပေါ်ပေါ်လာတယ်ဆိုတာ ဖောက် သည်ကြောင့်ပါပဲ။ နေရာရွှေ့ပေးလဲ ဖောက်သည်ကမှ ကိုယ့်ကိုရွှေ့ပေးတဲ့နေရာကို မလိုက်လာတာ။ အဲ့ဒါကြောင့် ပြန်လာရတာ။ အခုနောက်ပိုင်းကလဲ ပျံကျတွေများလာတော့ ကိုယ့် နေရာမပျောက်အောင်တောင်ေ တ်ာတော် သတိထားနေရတာ''ဟု ကိုပြည့်စုံထူးက ပြောကြားသည်။ လမ်းဘေးဈေးသည်များမှာ အလုပ်အကိုင် တည်ငြိမ်ကြသူများ မဟုတ်၊ သူတို့ဘဝမှာလည်း ကြမ်းတမ်းလှသည်။ ထမင်းတစ်နပ်အတွက် ရုန်း ကန်နေကြသူများဖြစ်သည်။ တာဝန်ရှိသူများ လာရောက် ဖမ်းဆီးရှင်းလင်းလျှင် ရှောင်ပြေးကြရသည်။ ဖမ်းဆီးသူများရှိ ပြန် ရောင်းကြပြန်သည်။ သည်သို့နှင့်ပင် ဖမ်းသူနှင့် ရောင်းသူတို့၏ သံသရာကား မလှပစွာ လည်ပတ်နေစမြဲပင်။    

No comments:

Post a Comment