Saturday, November 26, 2016

ငြိမ်းချမ်းရေး တည်ဆောက်ရန် ထိုးစစ် ချက်ချင်းရပ်စဲပြီး တိုင်းရင်းသား ဒေသ များမှ တပ်မတော်စခန်းများ ဆုတ်ခွာပေးရမည်ဟု မဟာမိတ် အဖွဲ့ ထုတ်ပြန်

စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် မြန်မာ့တပ်မတော်က ကချင်၊ တအာင်း၊ ကိုးကန့်နှင့် ရခိုင် အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအား ပြင်းထန်သည့် ထိုးစစ်ဆင်နေသည်ကို ချက်ချင်းရပ်စဲပြီး တိုင်းရင်းသား ဒေသများမှ ဆုတ်ခွာပေးရမည်ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့က နိုဝင်ဘာ ၂၅ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ြ မန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့သည် မြန်မာ့တပ်မတော်အား မလွှဲသာ မရှောင်သာသော အခြေအနေကြောင့်သာ ပူးပေါင်း တိုက်ပွဲဝင်နေခြင်း ဖြစ် သည်။ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားများ၏ နိုင်ငံရေး ကိုယ်စားပြုမှု ကို လက်မခံဘဲ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းအသီးသီးမှ ဝေ ဖန်ထောက်ပြနေသည့် ကြားက စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဆောင်ရွက်ခြင်း မပြုဘဲ စစ်ရေးအရ အလုံးစုံချေမှုန်းရေးကိုသာ ဆက်တိုက် ဆောင်ရွက်လျက် ရှိသည်ဟုလည်း ဖော်ပြထားသည်။

မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့အား ပြန်လည် ခုခံတိုက်ခိုက်ခြင်း မှာ မြန်မာနိုင်ငံရှိ လူမျိုးစု တိုင်းရင်းသားများအပေါ် လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင် စနစ်ဖြင့် ဆက်လက်ကြီးစိုးနေပါက ပြည်တွင်းစစ်မီးကို ဆက်လက် သက်ဆိုးရှည်သွားမည် ဖြစ်သည့်အပြင် ခုံခံတော်လှန်ရေးစစ်ကို ဆက်လက် ဆင်နွှဲနေရမည်ဖြစ်သည်။ ခိုင်မာတည်တံ့ပြီး စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲ ရောက်ရှိနိုင်ရန်အတွက် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်းတူညီမျှသည့် အခြေခံရပ်တည်မှုမှ ပါဝင် ညှိနှိုင်းပေးရန် မေတ္တာရပ်ခံ သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥရောပသမဂ္ဂ ၏ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စား လှယ် နှင့် တွေ့ဆုံစဉ် ရှမ်းပြည်နယ် အရှေ့မြောက် ဒေသအတွင်း KIA ၊ TNLA နှင့် MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ နောက်ခံ သမိုင်းကြောင်းနှင့် လက်ရှိ လုပ်ဆောင်နေသည့် အကြမ်းဖက် လုပ်ရပ်များဖြစ်သည့် လားရှိုး- မူဆယ် ပြည်ထောင်စု ကားလမ်းပေါ်တွင် တံတားများအား ဖောက်ခွဲဖျက်ဆီးမှု၊ လမ်းကြောင်းပိတ်ဆို့မှု၊ အများပြည်သူ သွားလာလှုပ်ရှားသည့် နေရာများ၊ ရဲကင်းစခန်းများအား ၀င်ရောက် ပစ်ခတ်တိုက်ခိုက်မှု၊ အပြစ်မဲ့ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ် သတ်ဖြတ်မှုများ၊ တပ်မတော်စခန်းများအား အင်အားသုံး၍ အလစ်အငိုက် တိုက်ခိုက်မှု အခြေအနေများနှင့် တစ်ဖက်နိုင်ငံနှင့် လွန်စွာနီးကပ်ခြင်း၊ ပြည် သူလူထု သွားလာ လှုပ်ရှားသည့် နေရာများတွင် တိုက်ခိုက်မှုဖြစ်ခြင်း တို့ကြောင့် တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်း လုပ်ဆောင်ရာတွင် ကန့်သတ်ချက်များ ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြား ခဲ့ကြောင်း senior general Min aung Hlaing facebook စာမျက်နှာတွင် ဖော်ပြထားသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီး အပါအ၀င် ကွန်မြုနစ်ပါတီ ဒုတိယ ပူးတွဲ စစ်ဦးစီးချုပ်တို့သည် ယမန်နေ့ကပင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နယ်နိမိတ်ချင်း ထိစပ်ဒေသတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် တစ်ဦး၏ အပူကို တစ်ဦးက ခံစားနေရမှုအပေါ် စာနာစိတ်ဖြင့် အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်နေမှုအား ရှင်းလင်းပြောဆိုခဲ့ပြီး KIA ၊ တအာင်း ပလောင် TNLA ၊ ကိုးကန့် MNDAA အကြမ်းဖက် သောင်းကျန်းသူ တစ်ဖွဲ့ခြင်း၏ နောက်ခံ သမိုင်းကြောင်းနှင့် အကြမ်းဖက် လုပ်ဆောင်နေမှုများကိုလည်း ရှင်းပြခဲ့သည်ဟု Senior General Min aung Hlaing facebook တွင် ဖော်ပြထားသည်။
ဇော်မင်းထွန်း

No comments:

Post a Comment