Sunday, November 27, 2016

လာရောက် ရွှင်ပျော် ရေတံခွန် ကျုံထော်

ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏အရှေ့တောင် ပိုင်းတွင်တည်ရှိပြီး အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၁၇၃၁ကျယ်ဝန်းကာ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည် နယ် တို့အပြင် ထိုင်းနိုင်ငံနှင့်လည်း နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါသည်။ လူဦးရေမှာ ၂ဝ၁၄ ယာယီစာရင်းအရ ၁၅၇၂၆၅၇ ရှိ ကြောင်းသိရပါသည်။ ကရင်ပြည်နယ်တွင် ဘားအံ၊ မြဝတီ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ကြာ အင်းဆိပ်ကြီး၊ ဖာပွန်၊ သံတောင် စသည့်မြို့နယ်များပါဝင်ပြီး ဘားအံ၊ မြဝတီ၊ ကော့ကရိတ်တို့မှာ ခရိုင်အဆင့်မြို့များဖြစ်ကာ ကရင်ပြည်နယ်၏မြို့တော်မှာ ရန်ကုန်မြို့မှ မိုင် ၁၈ဝကွာ ဝေးသောဘားအံမြို့ဖြစ်သည်။ လူသိ များသောမြို့/ရွာများမှာ ကျုံဒိုး၊ ကမမောင်း၊ မြိုင်ကလေး၊ မြိုင်ကြီးငူ၊ သံတောင်ကြီး၊ ဇာသပြင်၊ ရွှေဂွန်း၊ လိပ်သို၊ ကော့ဘိန်း၊ အိန္ဒု စသည်တို့ဖြစ်သည်။ ဘားအံဟူသောအမည်မှာ လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝဝကျော်က သံလွင်မြစ်ကမ်း နဖူးရှိ ရွာကလေးတစ်ရွာတွင် မြစ်၏ကမ်းစွယ်၌ကျောက် စွန်းကြီးတစ်ခုရှိရာ ထိုကျောက်စွန်းကို ရှမ်း(ယိုးဒယား)ဘာသာဖြင့် ဖားအမ်းဟုခေါ်ရာမှ အသံအနည်းငယ်ပြောင်းကာ ဘားအံဟု အမည် တွင်လာကြောင်းဆိုပါသည်။(အခြားမူကွဲများလည်း ရှိပါသည်။


ကျွန်တော်သည် ပြီးခဲ့သည့်ဇူလိုင်လအတွင်းက ကရင်ပြည်နယ်သို့ရောက်ရှိခဲ့ပြီး ''ငြိမ်းချမ်းရေးအသီး အပွင့်တွေကို စတင်ခံစားနေရပြီဖြစ်တဲ့ ကရင်ပြည်နယ်'' ဟု အမည်ပေးထားသော ဆောင်းပါးတစ်ပုဒ်နှင့် ''ဖွံ့ဖြိုး တိုးတက်လာတဲ့ ကရင်ပြည်နယ်က အမေ့ပျောက်ခံလမ်းတစ်လမ်း''ဟု အမည်ပေးထားသော ဆောင်းပါးနှစ်ပုဒ် တို့ကို ဇူလိုင်လ ၁၅ရက်နေ့နှင့် ၂ဝ ရက်နေ့များတွင်ထုတ် ဝေသော DEMOCRACY Today  သတင်းစာမှာပင် ရေးသားခဲ့ပါသည်။ အဆိုပါ ဆောင်းပါးနှစ်ပုဒ်အနက် ဒုတိယဆောင်းပါးတွင် ကျွန်တော်က  တစ်ချိန်ကနာမည် ကြီးခဲ့သော ''မဲသဝေါစစ်ဆင်ရေး''ကာလတွင် တပ်မတော် စစ်ကြောင်းများ၊ ရိက္ခာများ ပို့ဆောင်ရာ၌ အဓိကအရေးပါခဲ့သည့် လှိုင်းဘွဲ့-ရှမ်းရွာသစ်လမ်းကို ပြင်ဆင်သင့် သည့်အကြောင်း ရေးသားဖော်ပြခဲ့ပါသည်။ ထိုသို့ရေးသားရာ၌ ယခုအခါ စစ်ဆင်ရေးများလည်း မရှိတော့ သည့်အပြင် ငြိမ်းချမ်းရေးက လည်း မကြာခင်ရတော့မည် ဆို၍ လူကြီးတွေကလည်း ထိုလမ်းကိုမေ့သွားကြပြီး ''အမေ့ခံလမ်း''တစ်ခုဖြစ်သွားပြီဟုထင်ကြောင်း စသည် ဖြင့် ရေးသားခဲ့ပါသည်။


သို့ရာတွင် ထိုလမ်းကိုမမေ့စရာဖန်လာသည့် အကြောင်းတစ်ခုပေါ်လာသည်ကို ၁၈.၁၁.၂ဝ၁၆ရက်နေ့ ကကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တွေ့ရှိလိုက်ရပါသည်။ ကရင်ပြည်နယ် အမျိုးသား လွှတ် တော် မဲဆန္ဒနယ်အမှတ်(၃)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦးက အဆိုပါလမ်းပြင်ဆင်ရေးအတွက် တင် ပြရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ၂ဝ၁၈/၂ဝ၁၉ ဘဏ္ဍာရေးနှစ် တွင် အပြီးပြင် ဆင်ပေးမည်ဟု ကတိကဝတ်ရရှိခဲ့သည့်အတွက် ဝမ်း မြောက်ဝမ်းသာဖြစ်ရခြင်းနှင့်အတူ ယင်းသတင်းကိုဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် မျှဝေတင်ပြလိုက်ပါသည်။ ကျွန် တော်၏မျှဝေချက်အောက်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦးက ''ကရင်ပြည်နယ်ကိုလာလည်ပါဦး၊ ဒီ တစ်ခါလာလည်ရင် ပလေကြေတိုရေတံခွန်နဲ့ လှိုင်းဘွဲ့ မြို့ဟောင်းကိုလိုက်ပို့မယ်''ဟု ဆိုလာပါသည်။


'ပလေကြေတို'ရေတံခွန်ဆိုတာ လှိုင်းဘွဲ့ကနေ ၂၅ မိုင်ကျော်လောက်ဆက်ပြီးသွားရင် 'ရှမ်းရွာသစ်'ဆိုတဲ့ ရွာကြီး(ယခုမြို့နယ်ခွဲ)ကိုရောက်မှာပါ။ ရှမ်းရွာသစ်ကနေ တစ်မိုင်လောက်ဆက်သွားလျှင် ''ပလေကြေတို'' ဆို တဲ့ ရေတံခွန်ရှိပါတယ်။ အဲဒီရေတံခွန်မှာ အဆင့်သုံးဆင့်ရှိပြီး အခုနာမည်ကြီးနေတဲ့ ကျုံထော်ရေတံခွန်ထက် ပိုပြီးလှပါတယ်။ အဲဒီလမ်းကောင်းသွားပြီး(နိုင်ငံခြားသားတွေ အပါအဝင်)အများပြည်သူတွေ လာရောက် အပန်းဖြေကြ ရင် ဒေသလည်းဖွံ့ဖြိုးတိုးတက်လာပြီး ဒေသခံတွေလည်း အလုပ်အကိုင်တွေရလာကြမယ်''ဟု ဦးစောချစ်ဦးက သူ့ ဒေသဖွံ့ဖြိုးရေးအတွက် မျှော်လင့်တကြီးဖြင့်ဆိုပါသည်။


တစ်ဆက်တည်းမှာပင် ကရင်ပြည်နယ်အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်ကလည်း Comment   ရေးသားလိုက်သည်မှာ ''ကျုံထော်ရေတံခွန်လည်း ပြန်ဖွင့်တော့ မယ်။ အလည်သွားပြီးတော့ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်းပါးတစ်ပုဒ်ချီးမြှင့်ပါဦး'' ဟုဆိုလာပါသည်။ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် သူတို့ပြည်နယ်၊ သူတို့ဒေသ တိုးတက်ဖွံ့ဖြိုးရေး အတွက် လွှတ် တော်အစည်းအဝေးများတွင် မေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်း စသည်တို့ကို ဆောင်ရွက်နေကြသလို လွှတ်တော်အစည်းအဝေးရပ်နားချိန်များတွင်လည်း အနားယူမနေဘဲ မိမိဒေသ၊ မိမိရပ်ရွာအောက်ခြေ ကျေးရွာများအထိရောက်ရှိအောင် လှည့်လည်သွားလာ၍ မိမိမဲဆန္ဒနယ်မြေများအတွင်းရှိ မြို့ရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေကြသည်များကို ၎င်းတို့၏လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် တွေ့မြင် နေရပါသည်။ ထို့ကြောင့် ကျွန်တော်တို့ဆောင်းပါးရှင်များကလည်း သူတို့လိုအချိန်ပြည့် လူအားစိတ်အားစိုက်ထုတ်၍ လုပ် ကိုင်ဆောင်ရွက်ခြင်းမပြုနိုင်သော်မှ မိမိတတ်နိုင်သည့် တစ်ထောင့်တစ်နေရာမှ အားဖြည့်ကူညီဆောင်ရွက်ခြင်းသည် မိမိနိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို တတ် နိုင်သလောက်သယ်ပိုးဆောင်ရွက်ခြင်းဟူ၍ ခံယူမိသည့်အလျောက် ဤဆောင်းပါးကို ရေးလိုက်ရခြင်း ပင်ဖြစ်ပါ သည်။


ကျုံထော်ရေတံခွန်

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများရရှိကြပြီး နောက်ပိုင်း မကြာသေးသောနှစ်ကာလများတွင်မှ ပြည်သူများ အကြား ရေပန်းစားလူသိများလာသော ရေတံခွန် တစ်ခုဖြစ်ပါသည်။ ကျုံထော်ရေတံခွန်မှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းတွင်တည်ရှိပါသည်။ လှိုင်းဘွဲ့မှာ ဘားအံမှ  မိုင် ၅ဝ ကျော်ခန့်ရှိသော်လည်း ဘားအံမှ တစ်နာရီခန့်သွားမိလျှင်ပင်(လှိုင်းဘွဲ့သို့မရောက်မီ) လမ်းခွဲမှသွားရသည်ဖြစ်၍ ထိုမျှလောက်မဝေးတော့ပါ။ လမ်းခွဲမှနေ၍ မြောက်ဘက် ၃၆ မိုင်အကွာတွင် မြိုင်ကြီးငူ ဆရာတော်ကြီး၏(သက်သတ်လွတ်နယ်မြေ) မြိုင်ကြီးငူ နယ်မြေဒေသရှိပါသည်။ မြိုင်ကြီးငူနယ်မြေဒေသအဝင် မုခ်ဦးဆိုင်းဘုတ်ကြီးကိုကျော်လွန်လာပြီးနောက် တောင် တက်တောင်ဆင်းအကွေ့အကောက်များဖြင့် သာယာ လှပသော တောင်ပေါ်လမ်းကလေးကို မိနစ် ၄ဝ၊ ၄၅ မိနစ်ခန့်မောင်းမိလျှင် ကြည့်၍မဝ၊ ရှု၍မဝသော ကျုံ ထော်ရေတံခွန်ကြီးကို လှမ်း၍မြင်ရပါတော့သည်။


ကျုံထော်ရေတံခွန်သို့ လာရောက်လည်ပတ်သူ များပြားရသည့်အကြောင်းရင်းကို လေ့လာကြည့်သောအခါ ကားရပ်နားရန်နေရာအထိုက်အလျောက်ကျယ်ဝန်းခြင်းသည်လည်း အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည် ကို တွေ့ရှိရပါသည်။ ထို့အပြင် ယင်းရေတံခွန်သည် ရေကျဆင်းမှုများပြားခြင်း၊ ရေကျဆင်းပုံအနေအထားလှပခြင်း၊ ရေချိုးရန်နေရာကျယ်ဝန်းခြင်း၊ ရေတံခွန်စီး ဆင်းရာလမ်းတစ်လျှောက် ရေတံခွန်ငယ်များ အဆင့် ဆင့် နှင့် ချောင်းငယ်များဖြင့် သာယာလှပခြင်းတို့အပြင် ယင်း ချောင်းငယ်များကို ဝါးတံတားငယ်များထိုးကာ ဖြတ်သန်းထားပြီးလျှင် အစားအသောက်ဆိုင်များ၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များဖြင့် စည်ကား လှသည့်အတွက် ရေမချိုးဘဲနှင့် တမင်သက်သက်အပန်းဖြေလာရောက် ကြသူများလည်းမနည်းလှပါ။


နိုဝင်ဘာလ ၂၃ ရက်နေ့ကထုတ်ဝေသည့် DEMOCRACY Today  သတင်းစာတွင် သတင်းတစ်ပုဒ် ပါရှိလာရာ ''ကျုံထော်ရေတံခွန်ကို နိုဝင်ဘာလ ၂၅ ရက် နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယင်း ရေတံခွန်ကို မြိုင်ကြီးငူဆရာတော်၏အစီအစဉ်ဖြင့် ပြု ပြင်မွမ်းမံမှုများ ပြုလုပ်ထားကြောင်း၊ သန့်ရှင်းသပ်ရပ် အောင်ပြုပြင်ထားပြီး ရေကစားရန်နေရာအများအပြား ကိုလည်း ပြုလုပ်ထားကြောင်း၊ ဆိုင်ခန်းနေ ရာများကိုလည်း ပြောင်းရွှေ့တည်ဆောက်ထားကြောင်း၊ အများသုံးအိမ်သာများနှင့် အမှိုက်ပုံးများကိုလည်း စနစ်တကျပြု လုပ်ပေးထားကြောင်း'' စသည်ဖြင့်ပါရှိပါသည်။ အဆိုပါသတင်း၌ ဆက်လက်ဖော်ပြထားသည်မှာ ခရီးသွားဧည့်သည်များအနေဖြင့် ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၅ဝဝ၊ ယာဉ်ငယ်တစ်စီးလျှင် ကျပ် ၁ဝဝဝ နှင့် ယာဉ် ကြီးတစ်စီးလျှင် ကျပ် ၂ဝဝဝ အသီးသီးအပ်နှံခပေးကြရမည်ဖြစ်ပြီး ရရှိသောအပ်နှံခများကို မြိုင်ကြီးငူ ဆရာ တော်ကြီး၏ သာသနာပြုလုပ်ငန်းများတွင် အသုံးပြုသွား မည်ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ ကရင်ပြည်နယ်တွင် ကျုံထော်ရေတံခွန်ပေါ်ပေါက်လာ၍ ပြည်တွင်း/ပြည်ပခရီးသွားများအတွက် ဗဟုသုတနှင့် အပန်း ဖြေစရာခရီးစဉ်တစ်ခုတိုးလာသလို ဒေသခံတိုင်းရင်း သားပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့် အလမ်းများပေါ်ပေါက်လာသည်မှာ မျက်မြင်ကိုယ်တွေ့ ပင်ဖြစ်ပါသည်။


သို့ဖြစ်ရာ မြိုင်ကြီးငူဆရာတော်ကြီး၏ ဦးဆောင်မှု ဖြင့် အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာသည့်  ကရင် ပြည်နယ်၏သဘာဝအလှ ကျုံထော်ရေတံခွန်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း ဝိုင်း ဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့လိုအပ်ပါသည်။ သို့မှ သာလျှင် အပစ်အခတ်ရပ်စဲရေးရယူထားသော( NCA စာချုပ်လက်မှတ်ရေးထိုးထားသော)ကရင်ပြည်နယ် သည် အခြားသောဒေသများထက် ပိုမိုလျင်မြန်၍ ဆော လျင်စွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် ယခုလိုဆောင်းတွင်းကာလခရီးသွားရာသီတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်တောင်ကြီးအပါအဝင် ရှေးဟောင်းသမိုင်းဝင် ဆဒ္ဒန်ဂူနှင့်အခြား လိုဏ်ဂူ ဘုရားများ ကိုဖူးမြော်ရင်း ဘားအံမှ နေ့တစ်ဝက် အသွားအပြန်ခရီးမျှသာရှိသော ကျုံထော်ရေတံခွန်၏ အလှအပများကိုခံစား၍ အနားယူအပန်းဖြေလာလှည့်ကြပါဟု ကရင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပြည်သူများ၏ကိုယ်စား ဖိတ်ခေါ်လိုက်ရ ပါသည်။ ကျုံထော်ရေတံခွန်ကို ကရင်ဘာသာဖြင့် ''ကလု ထော''ဟုခေါ်ဆိုပြီး အဓိပ္ပာယ်မှာ ''အမြင့်တွင်ရှိသော မြစ်''ဟူ၍ အဓိပ္ပာယ်ရပါသည်။    ။

သိန်းထက်အောင်

No comments:

Post a Comment