Tuesday, November 29, 2016

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၏ ထုတ်ပြန်ချက် ၁၀ ရပ်

ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ငတ်မွတ်မှုများနှင့် အာဟာရချို့တဲ့မှုများနှင့် ပတ်သက်၍ သက်ရောက်မှုများကို သတိပြုနိုင်ရန် အချက် ၁၀ ရပ်ကို ထုတ်ပြန်ခဲ့သည်။ ၎င်းတို့မှာ (၁) မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒုတိယမြောက် အကြီးဆုံး နိုင်ငံဖြစ်ပြီး သဘာဝရင်းမြစ်များ ကြွယ်ဝသည်။ သို့သော် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၁၄ လူသားဖွံ့ဖြိုးမှု အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုသည် နိုင်ငံပေါင်း ၁၈၇ နိုင်ငံအနက် အဆင့် ၁၅၀ တွင် ရှိသည်။ (၂) ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ကယ်လိုရီအနိမ့်ဆုံး သတ်မှတ်ချက်အောက် ရရှိသည့် လူဦးရေ ရာခိုင်နှုန်းသည် ၇၇ ရာခိုင်နှုန်းကျော် ကျဆင်းမှုနှင့်အတူ မကြာသေးမီ ဆယ်စုနှစ်များအတွင်း ငတ်မွတ်မှုကို တိုက်ဖျက်ရာ၌ သိသိသာသာ တိုးတက်မှုရှိခဲ့သည်။ အဓိပ္ပာယ်မှာ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အရောက်တွင် ငတ်မွတ်မှုကို ထက်ဝက်လျှော့ချမည့် ထောင်စုနှစ် ရည်မှန်းချက်နှင့် ပတ်သက်၍ အောင်မြင်သည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။




(၃) တိုးတက်မှုရှိသော်လည်း မြန်မာနိုင်ငံ၏ လူဦးရေ လေးပုံတစ်ပုံကျော်သည် ဆင်းရဲမွဲတေသည့်အဆင့်၌ ရှိနေဆဲဖြစ်သည်။

(၄) မြန်မာနိုင်ငံသည် အာဟာရချို့တဲ့မှုနှုန်းတွင် ဒေသတွင်း၌ အမြင့်ဆုံးအဖြစ် ဆက်ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံရှိ ကလေးငယ် ၃၅ ရာခိုင်နှုန်းကျော်သည် ရေရှည်အာဟာရ ချို့တဲ့မှုကြောင့် ကြီးထွားမှု ရပ်တန့်နေသည့် လက္ခဏာရပ်များ ပြနေပြီး ကလေးငယ် ရှစ်ရာခိုင်နှုန်းသည် လက်ငင်းအဟာရ ချို့တဲ့မှုရောဂါ ဖြစ်ပွားလျက်ရှိသည်။ WFP က မြန်မာနိုင်ငံတစ်လွှားရှိ အာဟာရချို့တဲ့နေသော ကလေးငယ် ၇၇,၀၀၀ ကို အာဟာရရှိသော စားနပ်ရိက္ခာများ ထောက်ပံ့လျက်ရှိသည်။

(၅) မြန်မာနိုင်ငံသည် စားနပ်ရိက္ခာ လုံခြုံရေးကို ထိခိုက်သော ပြင်းထန်သည့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်တတ်သော နိုင်ငံလည်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့က လူပေါင်း ၁ ဒသမ ၇ သန်းအပေါ် သက်ရောက်ခဲ့ပြီး စပါးစိုက်ခင်းပေါင်း ၅၀၀,၀၀၀ ဟက်တာကျော်ကို ပျက်စီးစေခဲ့ကာ မွေးမြူရေး တိရစ္ဆာန်ပေါင်း ၂၅၀,၀၀၀ ကို သေဆုံးစေခဲ့သည်။ WFP သည် အစိုးရ၏ ဘေးဒုက္ခဆိုင်ရာ ကြေညာချက်နှင့် ပတ်သက်၍ ပထမဆုံး တုံ့ပြန်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး နောက်ပိုင်းလများအတွင်း လူပေါင်း ၄၅၅,၀၀၀ ကျော်အတွက် အသက်ကယ်သည့် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့သည်။

(၆) ပြောက်ကျားဖြစ်ပေါ်သော ပဋိပက္ခများနှင့် လူအုပ်စုများအကြား အကြမ်းဖက်မှုများက မြန်မာနိုင်ငံရှိ စားနပ်ရိက္ခာ လုံခြုံမှုကို ထိခိုက်ခဲ့ပြီး ၎င်းဒေသများသို့ သွားရောက်ရန်လည်း ကန့်သတ်မှုများ ရှိတတ်သည်။ WFP သည် ပဋိပက္ခများ ထပ်ကာထပ်ကာ ဖြစ်ပွားမှုကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေးလာရသည့် ရခိုင်ပြည်နယ်ရှိ လူပေါင်း ၁၂၈,၀၀၀၊ ကချင်ပြည်နယ်ရှိ ၃၉,၀၀၀ နှင့် ရှမ်းပြည်နယ်ရှိ ၅,၀၀၀ တို့ကို စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့သည်။

(၇) မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ မလုံခြုံမှုနှင့်အတူ ကျောင်းနေအရွယ် ကလေးငယ်များ၏ ထက်ဝက်ခန့်သာ မူလတန်းပညာရေးကို ပြီးဆုံးအောင် သင်ကြားရသည်။ အစိုးရနှင့်အတူ အကောင်အထည်ဖော်သည့် WFP ၏ ကျောင်းများ၌ အစာအာဟာရ ကျွေးမွေးမှု အစီအစဉ်မှနေ၍ မြန်မာနိုင်ငံရှိ ကလေးငယ်ပေါင်း ၂၂၇,၀၀၀ ကျော် အကျိုးကျေးဇူးများ ရရှိခဲ့သည်။

(၈) မြန်မာနိုင်ငံ၌ တီဘီရောဂါ ဖြစ်ပွားမှုနှုန်းသည် အာရှတိုက်၌ အမြင့်ဆုံးဖြစ်ပြီး ကမ္ဘာ့ပျမ်းမျှ၏ သုံးဆခန့်ရှိသည်။ WFP သည် ဆေးကုသမှု ခံယူနေရစဉ်အတွင်း အာဟာရ လိုအပ်ချက် မြင့်မားသည့် တီဘီလူနာပေါင်း ၇,၀၀၀ ကို စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့သည်။

(၉) မြန်မာနိုင်ငံသည် အန္တရာယ်ရှိသော လူအုပ်စုများ (အထူးသဖြင့် မူးယစ်ဆေး ထိုးသွင်းသူများ) အကြား HIV ပိုး ကူးစက်ခံရမှုနှုန်း ကမ္ဘာပေါ်၌ အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၃ ရာခိုင်နှုန်းရှိသည်။ ကုသမှုခံယူရာ၌ တိုးတက်မှု ရှိစေရန်အတွက် WFP သည် ART ဖြင့် ကုသမှုခံယူနေသော HIV လူနာပေါင်း ၁၃,၀၀၀ ကို အာဟာရ ထောက်ပံ့ခဲ့သည်။

(၁၀) မြန်မာနိုင်ငံ၌ WFP ၏ ဆောင်ရွက်ချက်များအတွက် ရေရှည်ရန်ပုံငွေ ဖူလုံမှု မရှိပေ။ မြန်မာနိုင်ငံတွင် လိုအပ်နေသော စားနပ်ရိက္ခာနှင့် ငွေကြေးအားလုံး ဖူလုံစေရန်အတွက် WFP သည် ၂၀၁၆ ခုနှစ် ဇွန်လအထိ အမေရိကန်ဒေါ်လာ သန်း ၄၀ လိုအပ်သည်။

ယင်းသည် လွန်ခဲ့သည့်နှစ် နိုဝင်ဘာက WFP ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော ထုတ်ပြန်ချက်များဖြစ်ပြီး ယခုနှစ် နိုဝင်ဘာ၌ မည်မျှတိုးတက်မှု ရှိသည်ကို သိရှိရခြင်း မရှိသေးပေ။ စစ်တမ်းကောက်ယူမှုနှင့် ရရှိနိုင်သည့် အချက်အလက်များ နည်းပါးလွန်းသည် မြန်မာနိုင်ငံအတွက် WFP ၏ ထုတ်ပြန်ချက်က နိုင်ငံ၏ ငတ်မွတ်မှုနှင့် ပတ်သက်၍ စဉ်းစားစရာ အချက်အလက်များကို ရရှိစေသည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် ငတ်မွတ်မှုကို တိုက်ဖျက်ရန်အတွက် ပြည်ပမှ အဖွဲ့အစည်းများနှင့် ပြည်တွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများက ၀ိုင်းဝန်းကြိုးပမ်းရုံဖြင့် မလုံလောက်ဘဲ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် အခြေခံ အဆောက်အအုံများ ထူထောင်ကာ ရေတို ရေရှည် စီမံကိန်းများဖြင့် ဖြေရှင်းလုပ်ဆောင် သွားရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments:

Post a Comment