Tuesday, November 22, 2016

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါသော ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေခြင်းကို နိုင်ငံ့စီးပွားရေး တည်ငြိမ်မှုရှိသည့်အချိန်နှင့် သင့်လျော်သော ကာလတွင် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ် ဒုဥက္ကဌဆို

ယနေ့ (နိုဝင်ဘာ ၂၂ ရက်) တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ပါသော ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေခြင်းကို နိုင်ငံ့စီးပွားရေး တည်ငြိမ်မှုရှိသည့်အချိန်နှင့် သင့်လျော်သော ကာလတွင် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောကြားခဲ့ပါသည်။ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့် က "မြန်မာပြည်တစ်ဝန်းတွင် ကိုင်တွယ် သုံးစွဲနေသော ငွေစက္ကူအမျိုးမျိုးပေါ်ရှိ တံဆိပ်ရုပ်ပုံများအစား ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံပါသော ငွေစက္ကူများဖြင့် အစားထိုး ရိုက်နှိပ်ထုတ်ဝေ သုံးစွဲရန် အစီအစဉ် ရှိ မရှိ" မေးခွန်းမေးမြန်းမှုအပေါ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့် က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။




"ကုန်ကျစရိတ် ပိုမိုလာဖို့ ရှိတာရယ်၊ ပုံစံအမျိုးမျိုး ရှိနေတဲ့အတွက် ပြည်သူများဟာ ငွေစက္ကူအပေါ်မှာ ယုံကြည်မှု အားနည်းလာနိုင်မှုကို ထည့်သွင်းစဉ်းစားလို့ရှိရင် ငွေစက္ကူအပေါ်မှာ မရေရာ ဇဝေဇဝါ ဖြစိပေါ်ခြင်းတွေ ဖြစ်လာနိုင်တဲ့အတွက် လက်ရှိ လှည့်လည်သုံးစွဲမှုများမှာ လဲလှယ်ဖို့အတွက်လည်း အခက်အခဲရှိတဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူများကို နိုင်ငံစီးပွားရေး တည်ငြိမ်မှုရှိတဲ့အချိန်မှာ အနှောင့်အယှက် မဖြစ်စေနိုင်တဲ့ သင့်လျော်သောကာလမှာ ပုဒ်မ ၆၅ နဲ့ ၆၆ ပါ ပြဌာန်းချက်များနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ငွေစက္ကူ ရိုက်နှိပ်ရာမှာ ငွေစက္ကူ ဒီဇိုင်း ရေးဆွဲခြင်း၊ ဒီဇိုင်း အတည်ပြုခြင်း၊ မှာကြားခြင်း၊ ရိုက်နှိပ်ခြင်း၊ ကြိုတင်သိုလှောင် ထားရှိခြင်း လုပ်ငန်းစဉ်များ ရှိတဲ့အတွက် အချိန်ကာလ တိကျစွာသတ်မှတ်နိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်" ဟု ဦးစိုးမြင့်က ပြောကြားသည်။

ထို့ပြင် ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေမည်ဆိုပါက လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေပမာဏကို လဲလှယ်ပေးနိုင်ရန် လှည့်လည် သုံးစွဲလျက်ရှိသော ပမာဏနီးပါးကို မှာကြားရိုက်နှိပ် သိုလှောင်ထားရမည် ဖြစ်ပြီး လှည့်လည် သုံးစွဲလျက်ရှိသော ငွေစက္ကူ Denomination တစ်ခုကို အပြည့်အဝ လဲလှယ်ပေးနိုင်ရန် ရိုက်နှိပ် သိုလှောင်ရမည်ဆိုလျှင် ဘီလျံ ၁၀၀ ခန့် ကုန်ကျမှာ ဖြစ်ကြောင်း၊ အသုံးများသည့် Denomination များအတွက် ရိုက်နှိပ်မည်ဆိုလျှင် ဘီလျံ ၃၀၀ ခန့် ကုန်ကျဖွယ် ရှိသည့်အပြင် ပုံစံသစ်ငွေစက္ကူတွေ ထုတ်ဝေမယ်ဆိုလျှင် လက်ရှိ လှည့်လည်သုံးစွဲနေသော ငွေစက္ကူများကို ဖျက်ဆီးရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ငွေစက္ကူများ ထုတ်ဝေခဲ့ရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ခုနစ်၊ ၁၉၅၂ ခုနစ်တွင် ဒေါင်းပုံ၊ ခြင်္သေ့ပုံပါသည့် တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်တန်၊ တစ်ရာတန် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း၊ ၁၉၅၈ ခုနစ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်တန်၊ တစ်ရာတန် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း၊ ၁၉၆၅ ခုနစ်၌ တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်တန် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ပုံစံသစ်ငွေစက္ကူများ ထုတ်ဝေခဲ့ခြင်း၊ ၁၉၉၄ ခုနစ်တွင် နှစ်ဆယ်တန်၊ ငါးဆယ်တန်၊ တစ်ရာတန် ငွေစက္ကူများကို ခြင်္သေ့ပုံဖြင့် ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း၊ ၁၉၉၈ ခုနစ်တွင် ကေသရာဇာ ခြင်္သေ့ပုံဖြင့် တစ်ထောင်တန် ငွေစက္ကူကို ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း၊ ၂၀၁၄ ခုနစ်တွင် နှစ်ရာတန်၊ ငါးရာတန်၊ တစ်ထောင်တန်များကို အရွယ်အစားသစ်ဖြင့် ထုတ်ဝေခဲ့ခြင်း ၂၀၀၉ ခုနစ်တွင် ငါးထောင်တန်ငွေစက္ကူကို ထုတ်ဝေခဲ့ခြင်း၊ ၂၀၁၂ ခုနစ်တွင် တစ်သောင်းတန် ငွေစက္ကူကို ထုတ်ဝေခဲ့ခြင်းနှင့် ငါးထောင်တန်နှင့် တစ်သောင်းတန် ငွေစက္ကူများကို လုံခြုံရေးအဆင့်အတန်း တိုးမြှင့်ကာ့ ၂၀၁၄ ခုနစ်၊ ၂၀၁၅ ခုနစ်တွင် ထပ်မံထုတ်ဝေခဲ့ကြောင်း သိရသည်။

No comments:

Post a Comment