Wednesday, November 23, 2016

အကြွေး တောင်းရာမှ မကျေနပ်သဖြင့် အမျိုးသမီး နှစ်ဦးအား အုတ်နီခဲဖြင့် ထုရိုက်ကာ ယွမ်ငွေကို လုယူ ထွက်ပြေးမှု ဖြစ်ပွား

ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့ ရပ်ကွက်(၂ဝ)၌ ယမန်နေ့က အမျိုးသား တစ်ဦးက အမျိုးသမီး နှစ်ဦး၏ ဦးခေါင်းကို အုတ်နီခဲဖြင့် ထုရိုက်ပြီး ဘောင်းဘီအိတ် အတွင်းမှ တရုတ်ယွမ်ငွေ ၈ဝဝဝ ကို လုယူ ထွက်ပြေးသဖြင့် အမှုဖွင့် တိုင်တန်းကြောင်း သိရသည်။ ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ၅ နာရီက ဒေါ်ခင်နှင်းမော် ၃၅ နှစ်၊ ဒေါ်ခင်မေဝင်း ၄၅ နှစ် လောက်ကိုင်မြို့ နေသူတို့သည် ပယ်စိမ်း ဟိုတယ်မှ နေအိမ်သို့ ပြန်လာစဉ် လောက်ကိုင်မြို့ ရပ်ကွက်(၂) မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနရုံး မြောက်ဘက်လမ်းကြား အရောက်တွင် ယခင် ခင်မင် ရင်းနှီးခဲ့သည့် အောင်ကျော်ဦး ဆိုသူနှင့် တွေ့ဆုံသော အခါ အောင်ကျော်ဦးထံမှ အကြွေး တရုတ်ယွမ်ငွေ ၁ဝဝဝ ရရှိမည် ဖြစ်သောကြောင့် ဒေါ်ခင်နှင်းမော်က ဒေါ်ခင်မေဝင်းကို လိုက်ယူ ခိုင်းလိုက်သည်။

လိုက်ယူစဉ် အောင်ကျော်ဦး က ဒေါ်ခင်မေဝင်းကို လမ်းဘေးရှိ အုတ်နီခဲဖြင့် ထုရိုက်ကာ ထွက်ပြေးပြီး နောက်တွင် ကျန်ခဲ့သော ဒေါ်ခင်နှင်းမော်၏ ဦးခေါင်းကို အုတ်နီခဲဖြင့် ထပ်မံ ရိုက်၍ ဘောင်းဘီ ယာဘက်အိတ်ကပ် အတွင်းမှ တရုတ် ယွမ်ငွေ ၈ဝဝဝ လုယူ ထွက်ပြေးသွားကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် ဒေါ်ခင်မေဝင်းတွင် ဦးခေါင်း နောက်စေ့ ဖူးရောင်၊ ဝဲဘက်ချိုစောင်း ဖူးရောင် ဒဏ်ရာနှင့် ဒေါ်ခင်နှင်းမော်တွင် ဦးခေါင်း နောက်စေ့ ပေါက်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ဥပဒေအရ အရေးယူ ပေးပါရန် လောက်ကိုင် မြို့မရဲစခန်းသို့ တိုင်တန်း သောကြောင့် အောင်ကျော်ဦးကို လောက်ကိုင် မြို့မရဲစခန်းက (ပ) ၄၃ /၂ဝ၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၅/၃၈၂ ဖြင့် အမှုဖွင့် အရေးယူ နိုင်ရေးနှင့် ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ

No comments:

Post a Comment