Saturday, November 19, 2016

ဟာလီလိုဗစ်ကို ဘာစီလိုနာ ပြန်လည် ခေါ်ယူဖွယ်မရှိ

ဘာစီလိုနာအသင်းအနေဖြင့် လူငယ်သွေးသစ် ကစားသမားလေး အလန် ဟာလီလိုဗစ်ကို အသင်းသို့ ပြန်လည်ခေါ်ယူ နေရာပေးဖွယ်မရှိဟု သတင်းများက ဖော်ပြခဲ့သည်။ အသက် (၂၀)အရွယ် ကွင်းလယ် တိုက်စစ် သမားလေး ဟာလီလိုဗစ်သည် ခရိုအေးရှား၏ လီယွန်နယ်မက်ဆီ လက်သစ်ဟု တင်စားခံခဲ့ရသူ ဖြစ်သည်။ ၎င်းသည် ဘာစီလိုနာ ပထမအသင်းတွင် ဝင်ဆံ့ခြင်း မရှိသောကြောင့် နွေရာသီ ဈေးကွက် ကာလတွင် ဂျာမန်ကလပ် ဟမ်းဘာ့ဂ်သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုစဉ်က စာချုပ်အရ ဘာစီလိုနာသည် ဟာလီလိုဗစ်ကို ယူရို (၅)သန်းဖြင့် ရောင်းထုတ်ခဲ့ပြီး (၂)နှစ်တာ အတောအတွင်း ယူရို(၁၀)သန်းတန် ဈေးနှုန်းဖြင့် ပြန် လည် ခေါ်ယူခွင့် ရှိနေကြောင်း သိရသည်။

ဘာစီလိုနာသည် ဟာလီလိုဗစ်ကို မရောင်းချမီက ကစားသမား၏ တိုးတက်မှုကို မျက်ခြေမပြတ် လေ့လာနိုင်ရန်အတွက် ၎င်းကို စပိန်လာလီဂါတွင် ဆက်ရှိနေစေရန် လိုလားခဲ့သည်။ ထိုအချိန်က ဗီလာရီးယဲလ်၊ ဆီဗီးလားနှင့် ဗလန်စီယာတို့ကလည်း ဟာလီလိုဗစ်ကို ချိတ်ဆက်ခဲ့သည်။ သို့သော် ဟာလီလိုဗစ်၏ ဖခင်က ပြောင်းရွှေ့ကြေး၏ ထက်ဝက်ဖြစ်သော ယူရို (၂.၅)သန်းကို ကြားဝင် တောင်းဆိုခဲ့ရာ ဗလန်စီယာသို့ ဟာလီလိုဗစ် ရောက်ရှိလုနီးပါး အခြေအနေ ပျက်ပြယ်သွားသည်။
ဟမ်းဘာ့ဂ်ကလည်း ဟာလီလိုဗစ်၏ဖခင် တောင်းဆိုသော ကော်မရှင်ကြေး ကို ငြင်းဆိုခဲ့သော်လည်း ထိုအချိန်တွင် ပြိုင်ဘက်မရှိ တစ်သင်းတည်း ကမ်းလှမ်းခွင့် ရနေသဖြင့် အပြောင်းအရွှေ့ အထမြောက်သွားခဲ့သည်။ ဟာလီလိုဗစ်သည် ဟမ်းဘာ့ဂ်တွင် နည်းပြ ဘရူနို လက်ဘာဒီယာ လက်အောက်၌ တောက်ပစွာ စတင်ခြေစွမ်းပြခဲ့သော်လည်း စက်တင်ဘာတွင် လက်ဘာဒီယာ အထုတ်ခံရပြီးနောက် နည်းပြသစ် မားကက်စ် ဂစ္စဒိုးလ် လက်ထက်တွင် ခံစစ်ပိုင်းကို ပိုမိုတာဝန်ယူရပြီး ၎င်း၏ ကစားဟန်အပေါ် ထိခိုက်မှုများ ရှိလာသည်။
ဟာလီလိုဗစ် ဘာစီလိုနာ အရန်အသင်းတွင် ကစားခဲ့သည့် (၂၀၁၄-၁၅) ရာသီအတွင်း အားကစားရေးရာ ကဏ္ဍတွင် မိသားစု၏ ဝင်ရောက်စွက်ဖက်မှုများနှင့် ပတ်သက်၍ စပိန်ကလပ်က စိတ်ပျက်နေခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်လည်း ၎င်း၏ စာချုပ်ပါ ကာလအတွင်း ဟာလီလိုဗစ်ကို ပြန်လည် ခေါ်ယူရန် အသင်းက စိတ်ဝင်စားဖွယ် မရှိဟု သိရသည်။ ဘာစီလိုနာသည် အလားအလာ ကောင်းမွန်သည့် လူငယ်သွေးသစ်များကို ယင်းကဲ့သို့ သတ်မှတ်ချက်မျိုး ထည့်သွင်းထားသည့် စာချုပ်များဖြင့် ရောင်းချပြီး အသင်းသို့ ပြန်လည် ခေါ်ယူခြင်းမျိုး ယခင်ကလည်း ရှိခဲ့ဖူးပြီး ဖြစ်သည်။

No comments:

Post a Comment