Wednesday, November 23, 2016

လူ့အခွင့်အရေး တိုးတက်စေရေးသည် ဒီမိုကရေစီဖြစ်စဉ်၏ အဓိကသော့ချက်ဖြစ်သည်ကို မြန်မာနိုင်ငံအနေဖြင့် ခံယူထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

လူ့အခွင့်အရေး တိုးတက်စေရေးသည် ဒီမိုကရေစီဖြစ်စဉ်၏ အဓိကသော့ချက်ဖြစ်သည်ကို မြန်မာနိုင်ငံအနေဖြင့် ခံယူထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားသည်။ေ နပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့်  တတိယအကြိမ်မြောက် မြန်မာ-အီးယူ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ (Third Myanmar-E.U. Human Rights Dialogue) သို့ တက်ရောက်ပြီး အဖွင့်အမှာစကားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။




နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးသည် ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆွေးနွေးမှုအပေါ် အခြေခံကြောင်း၊ လူ့အခွင့်အရေး တိုးတက်စေရေးမှာ ဒီမိုကရေစီဖြစ်စဉ်၏ အဓိကသော့ချက်ဖြစ်သည်ကို မြန်မာနိုင်ငံအနေဖြင့် ခံယူထားသည့် အလျောက် မိမိတို့အနေဖြင့် အီးယူဘက်နှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုမျိုး ပြုလုပ်သွားနိုင်မည့် နည်းလမ်းများအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနှင့် အီးယူအကြား အတွေ့အကြုံများ၊ နည်းလမ်းကောင်းများအား အမြင်ချင်းဖလှယ်ဆွေးနွေးပြီး ကာလရှည်ကြာရှိနေသည့် ပြဿနာများအား အဖြေရှာရန်အတွက် အထောက်အကူပြုမည့် စုပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားသည်ဟု သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲအား မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် အီးယူဘက်မှ အီးယူလူ့ အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Stavros Lambrinidis တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အီးယူလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Stavros Lambrinidis နှင့် ကိုယ်စားလှယ်အဖွဲ့အား ဆွေးနွေးပွဲမစတင်မီ နိုဝင်ဘာ ၂၂  ရက် နံနက် ၉ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားလက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။              
Writer:
ကျော်ဇင်ဝင်း

No comments:

Post a Comment