Tuesday, November 22, 2016

ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံနှင့် အမျိုးသားတစ်ဦးအား ရာအိမ်မှူးဟောင်း တစ်ဦးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားမှု ဖမ်းဆီးရုံးတင်ပြီးနောက် အာမခံပေးခဲ့

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံနှင့် အမျိုးသားတစ်ဦးအား ရာအိမ်မှူးတစ်ဦးက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်ကြားထားခြင်းအား ဖမ်းဆီးရုံးတင်ခဲ့ပြီး ညနေပိုင်း၌ အာမခံရရှိခဲ့ကြောင်း သိရသည်။  ပြီးခဲ့သည့် သြဂုတ် ၂၇ ရက်က Kyaw Kyaw Nyan Win အကောင့်ဖြင့် Facebook တွင် တင်ခဲ့သော “ရေဘေးအလှူငွေနှင့် ပစ္စည်းအချို့ ရေဘေးဒုက္ခသယ်များမရ ခေါင်းစဉ်ဖြင့် န၀င်းရပ်ကွက်ဝါရုံ အမက မူလွန်ကျောင်း ရေဘေးရှောင်စခန်းသို့ ပြည်မြို့နယ် ဒုတိယပညာရေးမှူးမှ လာရောက်လှူဒါန်းသော အလှူငွေ တစ်သိန်းနှင့် အ၀တ်အစား ပီနံအိတ် ခုနစ်အိတ်၊ ကြွပ်ကြွပ်အိတ် သုံးအိတ်တို့ကို ၎င်းစာသင်ကျောင်းရှိ အလှူရှင်များ ရှေ့မှောက်တွင် ပေးအပ်လှူဒါန်းခဲ့ပါသည်။ ရေဘေးသင့် အမျိုးသမီးနှစ်ဦးက လက်ခံရယူခဲ့ပါသည်။ အဆိုပါ အလှူငွေအား အေးမြသာယာ ရာအိမ်မှူး ဦးမောင်မောင်ဆိုသူမှ သိမ်းဆည်းသွားခဲ့ပြီး လှူဒါန်းထားသော အ၀တ်အစားများထဲမှ ကောင်းသော အ၀တ်အစားများကို အဆိုပါ ရာအိမ်မှူး ဦးမောင်မောင်က ၎င်း၏ဆိုင်ကယ် Tool Box အတွင်း ထည့်ယူသွားခဲ့ပါသည်။

(မျက်မြင်သက်သေရှိ) လှူဒါန်းသော အလှူငွေတစ်သိန်းအား ခင်ဗျားတို့ အိမ်ထောင်စုတွေက များနေတယ်။ မဝေလောက်ဘူး ဟုဆိုကာ ဝေမျှပေးခြင်း မရှိပါကြောင်း သက်ဆိုင်သူများ ရှင်းလင်းပေးကြပါရန်” ဆိုသည့်ပို့စ်မှာ အချက်အလက်များမှာ မဟုတ်မမှန်ဟုဆိုကာ ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဥာဏ်ဝင်းနှင့် ယင်းပို့စ်အားထပ်မံ Share ခဲ့သူ ကိုရှိန်းမင်းပိုင်တို့အား ပြည်မြို့၊ န၀င်းနယ်မြေ၊ အေးမြသာယာ၊ ၀ါရုံရာအိမ်မှူးဟောင်း ဦးမောင်မောင်က တရားလို ပြုလုပ်ကာ အမှတ် (၁) ရဲ စခန်းတွင် တိုင်တန်းအမှုဖွင့်ခဲ့ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ဆောင်ရွက်ရန် ပြန်ကြားချက်ရရှိပြီးဖြစ်၍ နိုဝင်ဘာ ၂၁ ရက် နံနက်က မြို့နယ်တရားရုံး အချုပ်တွင် ဖမ်းဆီးထိန်းသိမ်း ထားခဲ့ခြင်းဖြစ်ကာ ညနေ ၃ နာရီခွဲခန့်တွင် ပြည်မြို့နယ် တရားသူကြီး ဒေါ်ချိုချိုးနှင်းက တစ်ဦးလျှင် သိန်း ၂၀ စီဖြင့် အာမခံပေးခဲ့သည်။


အာမခံရရှိမှု အခြေအနေနှင့် ပတ်သက်၍ “၆၆ (ဃ) က အမြင့်ဆုံးပြစ်ဒဏ် သုံးနှစ်ပဲ ရှိတယ်။ ထောင်ဒဏ်သုံးနှစ်ပဲ ရှိတယ်ဆိုတော့ ရာဇ၀တ်ကျင့်ထုံး နောက်ဆက်တွဲ ဇယား (၂) စာပိုဒ် (၅) မှာ ကျလို့ရှိရင် သုံးနှစ်အထိ သုံးနှစ်အောက် အဲဒီပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး အာမခံ ပေးကိုပေးရမယ်ဆိုတဲ့ အမျိုးအစား ထဲမှာပါတယ်။ အဲဒါကြောင့် ဒီတစ်ချက်နဲ့ တောင်းတယ်။ နောက်တစ်ခါကျတော့ ဆက်သွယ်ရေး ၀န်ကြီးဌာနက တရားစွဲခွင့်ပြုမိန့် ဆိုတာရှိတယ်။ အဲဒါကိုကြည့်တော့ မသေချာဘူး။ မသေချာဘူးပေါ့နော်။ တရားစွဲဆိုရန် ခွင့်ပြုလိုက်သည် ဆိုတာမျိုး ပြတ်ပြတ်သားသား မဟုတ်ဘူး။ အထောက်ထား ပြည့်စုံပါက ဥပဒေနှင့်အညီ တရားစွဲဆိုရန် တရားစွဲဆို နိုင်သည်ဆိုပြီး တာဝန်လွှဲပေးလိုက်တယ်။ အဲဒါနဲ့ပတ်သက်ပြီး ကန့်ကွက်တယ်။ အဲဒီ အကြောင်းလေးပါပဲ” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာက ပြောကြားသည်။

“Facebook မှာ ပို့စ်တစ်ခု တင်လိုက်တယ်။ အဲဒါနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ဖြေရှင်းတယ်။ နောက်တစ်နေ့မှာ ဖြေရှင်းတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျေလည်မှု မရရှိခဲ့ဘူး။ နောက်တစ်နေ့မှာ တရားစွဲဆိုတယ်။ အာမခံရရှိပါတယ်။ ဆက်လက်ရင်ဆိုင်မယ် ကျွန်တော်က မှန်တယ်ထင်လို့ ဆက်လုပ်မှာပဲ” ဟု တရားစွဲခံရသူ ဦးကျော်ကျော်ဥာဏ်ဝင်းက ပြောကြားသည်။

ယင်းပို့စ်ကိုတင်ပြီး သြဂုတ် ၂၈ ရက် ၂၀၁၆ ခုနှစ်တွင် ၀ါရုံမူလွန်ကျောင်းတွင် ပူးပေါင်းဆောင်ရွက်နေသည့် ပရဟိတအဖွဲ့များနှင့် ဦးကျော်ကျော်ဥာဏ်ဝင်းတို့ ရှင်းလင်းပွဲ လုပ်ခဲ့သော်လည်း အချေအတင် စကားများမှုကြောင့် ရှင်းလင်းပွဲပျက်ကာ အမှုဖွင့်ခဲ့ကြောင်း ယင်းနောက်ပါတီမှ ဦးကျော်ကျော်ဥာဏ်ဝင်းကို ထုတ်ပယ်ရေးအတွက် ပရဟိတအဖွဲ့အချို့က လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး ဦးကျော်ကျော်ဥာဏ်ဝင်း ဘက်ကလည်း ပါတီဝင် တစ်ယောက်အနေဖြင့် ပရဟိတ အဖွဲ့ဝင်များဖြစ်သော ဦးသိန်းဇော်၊ ဦးနေဇာ၊ ဦးထွန်းမြတ်ဆွေနှင့် ဦးမောင်မောင်၊ ကျော်မင်းသူ၊ မနွေးနွေးတို့ကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးစား လုပ်မှုဖြင့် ပုဒ်မ ၄၀၉ သို့မဟုတ် ၄၀၆ တို့ဖြင့် အမှုဖွင့် တိုင်တန်းခဲ့သော်လည်း မြို့နယ်၊ ခရိုင်၊ တိုင်းတရားရုံးတို့က အဆင့်ဆင့် ပယ်ချခဲ့ကြောင်း သိရသည်။

“သူဝါရုံကျောင်းရဲ့ဇာစ်မြစ်ကို မစုံစမ်းဘူး။ ၀ါရုံကျောင်းကိုလည်း မလာခဲ့ဘူး။ ကျွန်တော်တို့က ပရဟိတ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးနေတဲ့ကြားက ဇာစ်မြစ်ကို မစုံစမ်းဘဲ တင်လိုက်လို့ စိတ်ဆိုးတယ်။ သူတင်တဲ့ သတင်းက မှားပါတယ်။ ငွေတစ်သိန်းနဲ့ အ၀တ်ထုပ်ကို ဆိုင်ကယ်ဘောက်ထဲ ထည့်ယူတယ်လို့ စွပ်စွဲတယ်။ တစ်သိန်းက ၀ါရုံကျောင်းကို အများဆန္ဒအရ လှူတယ်။ အ၀တ်ထုပ်တွေကတော့ မိုးညိုက ရေဘေးကို လှူပေးလိုက်တယ်” ဟု တရားလို ဦးမောင်မောင်က ပြောကြားသည်။ အဆိုပါ အမှုအားလာမည့် ဒီဇင်ဘာ ၅ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင်လည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုမှု သုံးမှုရှိကြောင်း သိရသည်။ က၀ိဂျာနယ်ပိုင်ရှင် ဒေါက်တာစိုးမြင့်သန်း (ခ) စာရေးဆရာ အောင်ထိပ်နှင့် အမျိုးသမီး တစ်ဦးအား တရာစွဲဆိုထားမှုကို အာမခံပေးထားပြီး နိုဝင်ဘာ ၃၀ ရက်တွင် စွဲချက်တင်သင့် မတင်သင့် အမိန့်ချမည်ဟု သိရသည်။ အခြားနှစ်မှုမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား Facebook တွင် ညစ်ညမ်းစွာ ဆဲဆိုသည် ဟုဆိုကာ မစန္ဒီမြင့်အောင်ဆိုသူအား မလင်းလဲ့လဲ့လှိုင်ဆိုသူက အမှုဖွင့် တိုင်ကြားထားပြီး CID စစ်ချက် စောင့်ဆိုင်းနေခြင်းကြောင့် ဖမ်းဆီးခွင့် မရှိသေးကြောင်းနှင့် အခြားတစ်မှုမှာ အဆိုပါ မစန္ဒီမြင့်အောင် ဆိုသူက မချောစန္ဒီထွန်းဆိုသူကို အမှုဖွင့် တိုင်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။


Writer:
ဝေလင်း (ပြည်)

No comments:

Post a Comment