Tuesday, November 22, 2016

ပဋိပက္ခများနှင့် ငြိမ်းချမ်းရေး

ပဋိပက္ခများကိုကြည့်လျှင် သမိုင်းအရ၊ အကြောင်းတရားများအရ ကွဲပြားခြားနားကြသည်။ လူ့အဖွဲ့အစည်းများအတွင်းနှင့် ဒေသတစ်ခုနှင့် တစ်ခုအကြား မညီမျှမှုများသည် ပဋိပက္ခများ ဖြစ်ပေါ်ရန် အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး ယနေ့ခေတ်၌ သတင်းအချက်အလက်များ အလျင်အမြန် ပျံ့နှံ့ရန် လွယ်ကူခြင်းကြောင့် ပြည်သူများအနေဖြင့် မညီမျှမှုများကို ပိုမို သတိပြုလာကြခြင်းသည်လည်း ပံ့ပိုးကူညီသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ စီးပွားရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားများကလည်း ပေါင်းစုသွားကာ ပဋိပက္ခများကို ဖြစ်ပေါ်စေနိုင်သည်။ ဥပမာအားဖြင့် အရင်းအမြစ်များအတွက် ပြိုင်ဆိုင်ရခြင်းနှင့် (အရင်းအမြစ်များ နည်းပါးသွားစေပြီး နိုင်ငံရေးဆိုင်ရာ ပဋိပက္ခများဆီ ဦးတည်သွားနိုင်သော) ရာသီဥတု ပြောင်းလဲခြင်းတို့ကိုလည်း အကြောင်းတရားအဖြစ် ထည့်သွင်းနိုင်သည်။ အင်စတီကျူးရှင်းများ ခိုင်မာမှုမရှိသော နိုင်ငံတစ်နိုင်ငံ၏ အနေအထားသည်လည်း ပဋိပက္ခများဆီ ဦးတည်သွားစေနိုင်သည့် အဓိက အကြောင်းတရားတစ်ရပ် ဖြစ်သည်။

ပဋိပက္ခများကို အဆုံးသတ်နိုင်ရေးအတွက် ပါဝင်နေသော ဘက်အသီးသီးတို့အကြား ယုံကြည်မှု တည်ဆောက်နိုင်ရန် ဘုံရပ်တည်ချက်နှင့် ဘုံအကြောင်းအရာတို့ကို ဖန်တီးနိုင်ရမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ဘုံအကြောင်းအရာ တစ်ရပ်သည် ပဋိပက္ခဖြစ်ပွားရခြင်း ရင်းမြစ်၏ ပြင်ပ၌ ရှိနေသည်။ ဥပမာအားဖြင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးခံစားခွင့်များဖြစ်သည်။ ယင်းအကျိုးခံစားခွင့်များနှင့် ပတ်သက်၍ ဘက်အသီးသီး၌ ကိုယ်ပိုင်အကျိုးစီးပွားများရှိကြပြီး ယင်းသည် ပဋိပက္ခကို ဖြစ်စေသော အကြောင်းတရား ဖြစ်သော်လည်း သက်ဆိုင်ရာ ဘက်အသီးသီးတို့က ၀န်ခံခြင်း မပြုတတ်သည်လည်းရှိသည်။ မည်သို့ပင်ဆိုစေကာမူ ပဋိပက္ခဖြစ်ပေါ်နေသည့် အနေအထားများ၌ရှိသော နေ့စဉ် အရှိတရားများ၌ အခြေခံသည့် နိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုများအတွက် လက်တွေ့ကျသော ဖြေရှင်းမှုကို ရှာဖွေရမည်ဖြစ်သည်။ ပဋိပက္ခတွင် ပါဝင်သည့် ဘက်အသီးသီးအနေဖြင့် စဉ်းစားတွေးခေါ်မှုကို ရှေးရှုသည့် ဖြေရှင်းချက်အပေါ် အာရုံစိုက်နိုင်ရန် တင်းမာမှုများကို ဦးစွာ လျှော့ချနိုင်အောင် ပြုလုပ်ရမည်ဖြစ်သည်။
အမှန်တကယ်၌ ပြင်ပမှလူများက ငြိမ်းချမ်းရေးကို မဖန်တီးပေးနိုင်ဘဲ ပဋိပက္ခ၌ ပါဝင်သည့် ဘက်အသီးသီးကိုယ်တိုင်ကသာ ပဋိပက္ခကို ဖြေရှင်းနိုင်ရေး၌ အရေးကြီးကြောင်း သိမြင်လက်ခံခြင်းသည် အခြေခံအကျဆုံး စမှတ်ဖြစ်သည်။ ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် ပဋိပက္ခဖြစ်ပွားနေသော လူ့အဖွဲ့အစည်းအတွင်းရှိ လူများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း အခြေခံကျကျ သိမြင်ရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးဟူသည် ပြင်ပမှ တင်သွင်းနိုင်သော အရာမဟုတ်ဘဲ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအတွင်း၌သာ ဖန်တီးနိုင်သည့်အရာဖြစ်ကြောင်း သဘောပေါက်ရမည်ဖြစ်သည်။
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် အဓိကကျသော အကြောင်းအရာများစွာ ရှိသေးသည်။ ရုပ်ပိုင်းဆိုင်ရာအရ လုံခြုံရေးသည် ပထမဦးစားပေး ဖြစ်တတ်သည်။ တရားဥပဒေ စိုးမိုးရေး၊ ကောင်းသောအုပ်ချုပ်ရေးနှင့် ဒီမိုကရေစီကျသော နိုင်ငံရေး စနစ်တို့ကို အချိန်ယူတည်ဆောက်ရမည်ဖြစ်သည်။ ၎င်းအပြင် စီးပွားရေး နာလန်ထရေးနှင့် လူ့အဖွဲ့အစည်း တစ်ရပ်၌ ပါဝင်သူ အသီးသီး၏ လူမှုဘ၀များကို အာမခံနိုင်ရေးတို့သည်လည်း အရေးကြီးသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကဲ့သို့သော သဘောတရားများသည် သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၌ ပါဝင်သည့် ပြည်သူများ ထမင်းမ၀သည့်အခါ အနှစ်သာရ မဲ့သွားတတ်သည်။ ထို့ကြောင့် အလုပ်အကိုင်များ ဖန်တီးပေးရေးနှင့် ပြည်သူတို့၏ လူမှုဘ၀များကို ကာကွယ် စောင့်ရှောက်ရေးသည်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ အရေးကြီးသည်။
မည်သို့ပင်ဆိုစေကာမူ မည်သည့် သာမန်ပြည်သူများမဆို ပဋိပက္ခများ ကင်းဝေးသည့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း၌သာ နေထိုင်လိုကြပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments:

Post a Comment