Wednesday, November 23, 2016

အလယ်ပိုင်းအမေရိက နိုင်ငံများကို ခြိမ်းခြောက်နေသည့် ဟာရီကိန်း အော့တို

ဟာရီကိန်းမုန်တိုင်း အော့တို ဦးတည်ရွေ့လျားလာနေမှုကြောင့် အလယ်ပိုင်း အမေရိက နိုင်ငံများတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။ ကာရေဘီယန် ပင်လယ်ကို ဖြတ်သန်း ရွေ့လျားနေသည့် အော့တိုသည် အပူပိုင်းမုန်တိုင်းမှ ဟာရီကိန်း အဆင့်ထိ အားကောင်းလာပြီးနောက် အလယ်ပိုင်း အမေရိကသို့ ဆက်လက် ဦးတည်နေသည်။ မုန်တိုင်းကြောင့် ပနားမားတွင် လူ ၃ ဦး သေဆုံးခဲ့သလို ကော်စတာရီကာနှင့် နီကာရာဂွာ နိုင်ငံများတွင်လည်း ကမ်းခြေဒေသ နေထိုင်သူများကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။ေ အာ့တိုသည် ၂၀၁၆ ၏ သတ္တမမြောက် ဟာရီကိန်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ ထိ ရောက်ရှိခဲ့သည်။ မုန်တိုင်းသည် အနောက်ဘက်သို့ ဦးတည်ပြီး ဆက်လက်ေ ရွ့လျားနေကြောင်း အမေရိကန် အမျိုးသား ဟာရီကိန်း စင်တာက ကြေညာသည်။



မုန်တိုင်းသည် ကော်စတာရီကာနှင့် နီကာရာဂွာ ကမ်းခြေများအနီး ချဉ်းကပ်လာချိန်တွင် ပိုမိုအားကောင်းလာပြီး ကုန်းတွင်းဝင်ရောက် တိုက်ခတ်မည်ဟု ယုံကြည်ရသည်။ “အော့တိုရဲ့ လေတိုက်နှုန်း ပြင်းထန်မှုနဲ့အတူ လူ့အသက်အိုးအိမ်တွေကို ခြိမ်းခြောက်နိုင်လောက်အောင် ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေပါ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ပနားမား၊ ကော်စတာရီကာနဲ့ နီကာရာဂွာ ကမ်းခြေတွေမှာ အန္တရာယ်ကြီးမားတဲ့ လှိုင်းရိုက်ခတ်မှုတွေ ပေါ်ပေါက်လာနိုင်တယ်”ဟု စင်တာက သတိပေးထားသည်။

ပနားမားတွင် မြေပြိုမှုများအတွင်း လူ ၂ ဦး သေဆုံးပြီး အခြားတစ်ဦးမှာ လေပြင်းတိုက်ခတ်ရာမှ သစ်ပင်လဲကျ ပိမိ၍ သေဆုံးခဲ့ကြောင်း သိရသည်။ ပနားမားတွင် မုန်တိုင်း ဖြတ်သန်းနေချိန်၌ ကျောင်းများကို ပိတ်ထားရန် ညွှန်ကြားထားသလို အစိုးရ ဝန်ထမ်းများကိုလည်း နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းကတည်းက အိမ်ပြန်ခွင့် ပေးခဲ့ကြောင်း သိရသည်။

Ref: Reuters

No comments:

Post a Comment