Friday, November 25, 2016

အသပြာငွေသမိုင်း

အိန္ဒိယနိုင်ငံမှာ ၅ဝဝ တန်နဲ့ ၁ဝဝဝ တန် ရူပီးငွေစက္ကူတွေကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၈-၉ ရက်နေ့ကစပြီး တရားမဝင် လုပ်လိုက်ပါတယ်။ သူတို့ဆီမှာ အထူးအဆန်းပါ။ မြန်မာပြည်မှာ ဗိုလ်ချုပ်နေဝင်းက ကျပ်ငွေစက္ကူတွေကို တရားမဝင် သုံးခါတိတိ လုပ်ခဲ့တယ်။ အဂတိလိုက်စားမှုကြောင့်လို့ ဝန်ကြီးချုပ် နာရင်ဒါမိုဒီက ဆိုပါတယ်။ အင်ဖား-တမူး-ရန်ကုန် ရူပီးငွေ စီးပွားရေးလုပ်နေသူတွေ အတော်အထိနာသွားကြတယ်လို့ သိရတယ်။ ဗိုလ်ချုပ်နေဝင်းကတော့ ချမ်းသာတဲ့သူတွေဆီမှာ ငွေတွေစုပုံနေလို့ဆိုပြီး အကြောင်းပြပါတယ်။ အမှန်က စက္ကူတွေကို အစိုးရပိုင်ဝါဇီစက်ရုံကနေ ကြိုက်သလောက် ရိုက်နှိပ်သုံးစွဲခဲ့ပြီး ငွေဖောင်းပွမှု အဆမတန်များလို့နဲ့ ငွေတန်ဖိုးထိုးကျတာကြောင့် လုပ်တာဖြစ်ပါတယ်။ အဲဒီကတည်းက ကျပ်ငွေတန်ဖိုးကျနေတာ အခုအထိပါ။ ကျနော်တို့ငယ်ငယ်က အိန္ဒိယ ၁ ရူပီးဟာ မြန်မာငွေ ၆၅ ပြားနဲ့ ညီမျှပါတယ်။ ကနေ့ အိန္ဒိယ ၁ ရူပီးဟာ မြန်မာငွေ ၁၉ ဒသမ ၁၃ ကျပ် ရှိပါတယ်။ ၂,၉၄၃ ဆ ကျဆင်းသွားတာပါ။



မြန်မာပြည်မှာ ငွေစက္ကူတွေကို တရားမဝင်လုပ်တဲ့ ပထမတကြိမ်နဲ့ ဒုတိယအကြိမ်တွေမှာ ပမာဏအကန့်အသတ်နဲ့ အချိန်အကန့်အသတ်အတွင်း ပြန်လဲပေးပါသေးတယ်။ ဝိသမလောဘသမားတွေကို နှိမ်တာလို့ ဆိုပေမယ့် လက်လုပ်လက်စားနဲ့ အစိုးရဝန်ထမ်းတွေမှာ နစ်နာချက်တွေကို ကနေ့အထိ မမေ့နိုင်ကြသေးပါ။ တတိယအကြိမ် တရားမဝင်ကြေညာပြီးနောက် ၁၁ လနဲ့ ၃ ရက်အကြာမှာ ရှစ်လေးလုံးအရေးအခင်းကြီး ဖြစ်ပါတော့တယ်။ အဲဒါဟာ အကြောင်းခံတရပ် မဟုတ်ဘူးလို့ ငြင်းဖို့ခက်ပါတယ်။

မြန်မာနိုင်ငံမှာ အသပြာငွေကို ကုန်းဘောင်ခေတ်က စသုံးတယ်။ ငွေဒင်္ဂါး ခေါ် အကြွေ ခေါ် အနုပ်ကို ၁၈၅၂ ခုနှစ် မင်းတုန်းမင်းလက်ထက်က စသုံးတယ်။ ဒင်္ဂါးသွန်းလုပ်နည်းကို ပြင်သစ်က အကူအညီပေးခဲ့တယ်။ ပထမဆုံး ငွေစက္ကူ (ဆီးရီးစ်)က ၁၈၅၂ ကနေ ၁၈၈၉ အထိ ဖြစ်တယ်။ လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက် ၁၂-၂-၁၉၅၂ နေ့မှာ ငွေစက္ကူသစ် ၁၊ ၅၊ ၁ဝ နဲ့ ၁ဝဝ ကျပ်တန်တွေ ထုတ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံကို အသုံးပြုပါတယ်။ ၂၁-၉-၁၉၅၈ မှာ ၂ဝ ကျပ်တန်နဲ့ ၅ဝ ကျပ်တန်တွေ ထုတ်တယ်။ ၁၉၅၆ ကစပြီး ၁၊ ၅၊ ၁ဝ၊ ၂၅ နဲ့ ၅ဝ ပြား အကြွေတွေ ထုတ်တယ်။

၂-၃-၁၉၆၂ မှာ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ အုပ်ချုပ်တာ ၂ နှစ်နေတော့ စီးပွားရေးနဲ့ ငွေးကြေးဖောင်းပွမှုကို မထိန်းနိုင်လို့ ငွေတွေကို တရားမဝင်လုပ်ပါတယ်။ ၁၅-၅-၁၉၆၄ နေ့မှာ ပထမဆုံးအကြိမ် ၅ဝ ကျပ်တန်နဲ့ ၁ဝဝ ကျပ်တန်တွေကို တရားမဝင်ကြောင်း ကြေညာတယ်။ လူတယောက်ကို ကျပ် ၅ဝဝ စီသာ အချိန်ကာလအနည်းငယ်အတွင်း ပြန်လဲပေးခဲ့ပါတယ်။ ၃-၁၁-၁၉၈၅ နေ့မှာ ဒုတိယအကြိမ် ၂ဝ၊ ၅ဝ နဲ့ ၁ဝဝ ကျပ်တန် ငွေစက္ကူတွေကို တရားမဝင်ကြေညာတယ်။ ၅-၉-၁၉၈၇ နေ့မှာ ၂၅၊ ၃၅ နဲ့ ၇၅ ကျပ်တန် ငွေစက္ကူတွေကို တတိယအကြိမ် တရားမဝင် ကြေညာလိုက်တယ်။ နောက် စစ်အစိုးရလက်ထက်မှာလည်း အဲဒီလို လုပ်လေမလား သံသယတွေနဲ့သာ နေထိုင်ခဲ့ကြရပါတယ်။

၁၉၇၂ ခုနှစ်မှာ ငွေစက္ကူတွေကို ဝါဇီစက်ရုံကနေ ရိုက်ထုတ်ပါတယ်။ ဂျာမနီ Giesecke & Devrient က ကူညီခဲ့တာ ဖြစ်တယ်။ ၁၉၄၃ ကနေ ၁၉၄၅ အတွင်း သုံးခဲ့တာက ဂျပန်ငွေစက္ကူတွေ ဖြစ်တယ်။ ၁၊ ၅၊ ၁ဝ နဲ့ ၁ဝဝ ကျပ်တန်တွေ။ တန်ဖိုးမရှိလို့ (ထောင်မလဲ သဲကော်) လို့ ပြောခဲ့ကြတယ်။ ဂျပန်စစ်တပ်နဲ့အတူ ငွေစက္ကူလုပ်စက် ပါလာတယ်။ ဦးနေဝင်းရဲ့ မဆလ အစိုးရကလည်း ဝါဇီစက်ရုံထောင်တော့ ခပ်ဆင်ဆင်ပေါ့။

၁ဝ-၁၁-၁၉၈၅ နေ့မှာ ၇၅ ကျပ်တန် ငွေစက္ကူစထုတ်တယ်။ ဦးနေဝင်းရဲ့ ၇၅ နှစ်မြောက် မွေးနေ့အတွက်လို့ ယူဆရတယ်။ နောက်မှာတော့ ဒိထက် ရေတွက်ရ ခက်ခဲတဲ့ငွေတွေ ထုတ်ပါတယ်။ ၁-၉-၁၉၈၆ နေ့မှာ ၁၅ ကျပ်နဲ့ ၃၅ ကျပ်တန်တွေ ထုတ်တယ်။ ၂၂-၉-၁၉၈၇ နေ့မှာ ၄၅ ကျပ် ကျပ်တန်နဲ့ ၉ဝ ကျပ်တန် ငွေစက္ကူတွေ ထုတ်တယ်။ ဦးနေဝင်းရဲ့ ကံကောင်းတဲ့နံပါတ် ၉ အရလို့ ယူဆကြပါတယ်။ ၃၁-၁ဝ-၁၉၇၂ မှာ ၁ ကျပ်တန်မှာ တစ်ကျပ်လို့ မြန်မာစာသတ်ပုံကို ပြင်ထုတ်ပါတယ်။ ၃ဝ-၆-၁၉၇၃ နေ့ထုတ် ၁ဝ တန်ကိုလည်း တစ်ဆယ်လို့ ရေးလာတယ်။

၁၉၈၈ စက်တင်ဘာ ၃ဝ မှာ ၂၅ ကျပ်တန် စထုတ်တယ်။ ဝါဇီစက်ရုံကနေ ငွေစက္ကူရော ပုံနှိပ်တာပါ လုပ်နိုင်တာ ဖြစ်ပါတယ်။ ၁-၃-၁၉၉ဝ နေ့မှာ ၁ ကျပ်တန်ကို ဗိုလ်ချုပ်ပုံနဲ့ နောက်ဆုံး ထုတ်တယ်။ ၂၇-၃-၁၉၉ဝ တပ်မတော်နေ့မှာ ၂ဝဝ ကျပ်တန် ငွေစက္ကူတွေ ရိုက်ပါတယ်။ ၂၇-၃-၁၉၉၄ နေ့မှာ ၂ဝ၊ ၅ဝ၊ ၁ဝဝ နဲ့ ၅ဝဝ ကျပ်တန်တွေ ရိုက်နှိပ်ပါတယ်။

၁-၅-၁၉၉၅ နေ့မှာ ၅ ကျပ်တန်နဲ့ ၁ဝ ကျပ်တန်တွေ ရိုက်နှိပ်ပါတယ်။

၃၁-၁ဝ-၁၉၉၆ မှာ (ပထမဆုံး) ခြင်္သေ့ပုံနဲ့ ၁ ကျပ်တန်ထုတ်တယ်။ ၁၉၉၈ ထဲမှာ ၁ဝဝဝ ကျပ်တန် ငွေစက္ကူတွေ ရိုက်ပါတယ်။ ၂ဝဝ၄ ခုနှစ်ထဲမှာ ၂ဝဝ၊ ၅ဝဝ နဲ့ ၁ဝဝဝ ကျပ်တန်တွေကို အရွယ်အစား သေးလိုက်ပါတယ်။ ၁-၁ဝ-၂ဝဝ၉ နေ့မှာ ၅ဝဝဝ ကျပ်တန် ငွေစက္ကူသစ်တွေ ထုတ်တယ်။ ၁၅-၆-၂ဝ၁၂ နေ့မှာ ၁ဝဝဝဝ တန် ငွေစက္ကူတွေ ထုတ်တယ်။

Foreign Exchange Certificates (FEC) ခေါ်တဲ့ ဒေါ်လာတု ငွေစက္ကူတွေကို ၁၉၉၃ မှာ စထုတ်ပါတယ်။ ၂ဝ-၃-၂ဝ၁၂ နေ့မှာ FEC တွေကို တဖြည်းဖြည်း ရုပ်သိမ်းမယ်လို့ ကြေညာပြီး၊ ၂ဝ-၃-၂ဝ၁၃ နေ့မှာ FEC ကို ရုပ်သိမ်းလိုက်တယ်။

ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများ ပထမဆုံး ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့စထုတ်တာ တကျပ်၊ ငါးကျပ်၊ တဆယ်၊ တရာကျပ်တွေ ဖြစ်ပါတယ်။ ၁၉၅၈ ခု ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာပါ။ ၁၉၅၈ ဩဂုတ်လ တတိယအပတ်မှာ ၂ဝ တန် နဲ့ ၅ဝ တန် ထပ်ထုတ်ပါတယ်။

၃ဝ-၄-၁၉၆၅ = ဗိုလ်ချုပ်ပုံ ၁ ကျပ်တန်၊ ၃ဝ-၄-၁၉၆၅ = ဗိုလ်ချုပ်ပုံ ၅ ကျပ်တန်၊ ၃ဝ-၄-၁၉၆၅ = ဗိုလ်ချုပ်ပုံ ၁ဝ ကျပ်တန်၊ ၃ဝ-၄-၁၉၆၅ = ဗိုလ်ချုပ်ပုံ ၂ဝ ကျပ်တန်၊ ၃၁-၁ဝ-၁၉၇၂ = ဗိုလ်ချုပ်ပုံ ၁ ကျပ်တန်၊ ၃၁-၁ဝ-၁၉၇၂ = ဗိုလ်ချုပ်ပုံ ၅ ကျပ်တန်၊ ၃၁-၁ဝ-၁၉၇၂ = ဗိုလ်ချုပ်ပုံ ၁ ကျပ်တန်၊ ၃ဝ-၆-၁၉၇၃ = ဗိုလ်ချုပ်ပုံ ၁ဝ ကျပ်တန်၊ ၃ဝ-၆-၁၉၇၃ = ဗိုလ်ချုပ်ပုံ ၁ဝ ကျပ်တန်၊ ၃၁-၁ဝ-၁၉၇၃ = ဗိုလ်ချုပ်ပုံ ၅ ကျပ်တန်၊ ၁ဝ-၁၁-၁၉၇၅ = ဗိုလ်ချုပ်ပုံ ၇၅ ကျပ်တန်၊ ၁၉၇၉ = ဗိုလ်ချုပ်ပုံ ၅ဝ ကျပ်တန်၊ ၃-၁၁-၁၉၈၅ = ဗိုလ်ချုပ်ပုံ ၂၅ ကျပ်တန်၊ ၁-၈-၁၉၈၅ = ဗိုလ်ချုပ်ပုံ ၃၅ ကျပ်တန်၊ ၁ဝ-၁၁-၁၉၈၅ = ဗိုလ်ချုပ်ပုံ ၇၅ ကျပ်တန်၊ ၁-၈-၁၉၈၆ = ဗိုလ်ချုပ်ပုံ ၁၅ ကျပ်တန်၊ ၃-၁၁-၁၉၈၆ = ဗိုလ်ချုပ်ပုံ ၂၅ ကျပ်တန်၊ ၁-၈-၁၉၈၆ = ဗိုလ်ချုပ်ပုံ ၃၅ ကျပ်တန်၊ ၁-၈-၁၉၈၆ = ဗိုလ်ချုပ်ပုံ ၁ဝဝ ကျပ်တန်၊ ၂၂-၉-၁၉၈၇ = ဆရာစံပုံ ၉ဝ ကျပ်တန်၊ ၂၂-၉-၁၉၈၇ = သခင်ဖိုးလှကြီးပုံ ၄၅ ကျပ်တန်၊ ၂၂-၉-၁၉၈၇ = ဆရာစံပုံ ၉ဝ ကျပ်တန်၊ ၁-၃-၁၉၉ဝ = ၁ ကျပ်တန် = ဗိုလ်ချုပ်ပုံဖြင့် နောက်ဆုံး ထုတ်ဝေခြင်း။

ခြင်္သေ့ပုံပါ ငွေစက္ကူများ ၃၁-၁ဝ-၁၉၉၆ = ခြင်္သေ့ပုံ ၁ ကျပ်တန် စတင်ထုတ်ဝေသည်။ ၁၉၉၇ = ခြင်္သေ့ပုံ ၅ ကျပ်တန်၊ ခြင်္သေ့ပုံ ၁ဝ ကျပ်တန်၊ ၂၇-၃-၁၉၉၄ = ခြင်္သေ့ပုံ ၂ဝ ကျပ်တန်၊ ၁၉၉၇ = ခြင်္သေ့ပုံ ၅ဝ ကျပ်တန်၊ ၂၇-၃-၁၉၉၄ = ခြင်္သေ့ပုံ ၁ဝဝ ကျပ်တန်၊ ၁၁-၁၂-၂ဝဝ၄ = ခြင်္သေ့ပုံ ၂ဝဝ ကျပ်တန်၊ ၁ဝ-၁ဝ-၂ဝဝ၄ = ခြင်္သေ့ပုံ ၅ဝဝ ကျပ်တန်၊ ၁၉၉၈ နိုဝင်္ဘာ = ခြင်္သေ့ပုံ ၁ဝဝဝ ကျပ်တန်၊ ၁၁-၁ဝ-၂ဝဝ၄ = ခြင်္သေ့ပုံ ၁ဝဝဝ ကျပ်တန် နောက်ဆုံးထုတ်ဝေပါတယ်။

နဝတ၊ နအဖ၊ ပြည်ခိုင်ဖြိုး အစိုးရများလက်ထက် ၁-၅-၁၉၉၅ = ခြင်္သေ့ပုံ ၅ ကျပ်တန်၊ ၃၁-၁ဝ-၁၉၉၆ = ခြင်္သေ့ပုံ ၁ ကျပ်၊ ၁၉၉၇ = ခြင်္သေ့ပုံ ၁ဝ ကျပ်တန်၊ ၂၇-၃-၁၉၉၄ = ခြင်္သေ့ပုံ ၂ဝ ကျပ်တန်၊ ၂၇-၃-၁၉၉၄ = ခြင်္သေ့ပုံ ၁ဝဝ ကျပ်တန်၊ ၁၉၉၇ = ခြင်္သေ့ပုံ ၅ဝ ကျပ်တန်၊ ၁ဝ-၁ဝ-၂ဝဝ၄ = ခြင်္သေ့ပုံ ၅ဝဝ ကျပ်တန်၊ ၁၁-၁ဝ-၂ဝဝ၄ = ခြင်္သေ့ပုံ ၁ဝဝဝ ကျပ်တန်၊ ၁၁-၁၂-၂ဝဝ၄ = ခြင်္သေ့ပုံ ၂ဝဝ ကျပ်တန်၊ ၁-၁ဝ-၂ဝဝ၉ = ဆင်ဖြူတော်ပုံ ၅ဝဝဝ ကျပ်တန်၊ ၁၅-၆-၂ဝ၁၄ = နိုင်ငံတော်တံဆိပ် + မန္တလေးကျုံးပုံပါ ၁ဝဝဝဝ ကျပ်တန်။

အသပြာငွေသမိုင်းက ဘာတွေကို ပြသလဲ၊ မြန်မာပြည်မှာသုံးတဲ့ ငွေစက္ကူတွေ သမိုင်းဟာ မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ မြန်မာစာသမိုင်းလည်း ဖြစ်တယ်။ ဗိုလ်ချုပ်ပုံနဲ့ နောက်ဆုံးထုတ်ငွေစက္ကူက ၁-၃-၁၉၉ဝ နေ့မှာထုတ်တဲ့ ၁ ကျပ်တန် ဖြစ်တယ်။ ခြင်္သေ့ပုံသစ် ပထမဆုံးထုတ်က ၁-၅-၁၉၉၅ နေ့ကထုတ်တဲ့ ၅ ကျပ်တန် ဖြစ်ပါတယ်။ ငွေစက္ကူတွေပေါ်က ရုပ်ပုံတွေနဲ့ မြန်မာစာသတ်ပုံတွေဟာ အစိုးရတွေရဲ့ အတွင်းသဘောကို ဖော်ပြနေပါတယ်။ ကျပ်ငွေစက္ကူတွေပေါ်ကနေ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ကွယ်ပျောက်ခဲ့ရပြီး၊ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုတဲ့ ခြင်္သေ့ပုံနဲ့ အစားထိုးခဲ့ပါတယ်။ လူတွေက အတော်မကျေမနပ် ဖြစ်ခဲ့ကြတယ်။

သတ်ပုံ ‘တ’ နေရာမှာ ‘တစ်’တွေ ဖြစ်လာတယ်။ တကျပ်ကနေ တစ်ကျပ်၊ တဆယ်ကျပ်ကနေ တစ်ဆယ်ကျပ်နဲ့ တရာကျပ်ကနေ တစ်ရာကျပ် ဖြစ်လာတယ်။ အဲဒါလည်း ဗိုလ်ချုပ်နေဝင်း ပေးထားခဲ့တဲ့အမွေကို ကနေ့အထိ စွဲစွဲမြဲမြဲ ကျေကျေနပ်နပ် လိုက်နာသုံးစွဲနေကြတယ်။ နိုင်ငံရေးအမှားနဲ့ သတ်ပုံအလွဲဟာ ထပ်ထူကျပါတယ်။ နောက်ဆုံးထုတ် ငွေစက္ကူတွေမှာ ‘နိုင်’ နဲ့ ‘နှိုင်’ သတ်ပုံမှားနေတယ်။

လွတ်လပ်ရေးရပြီးထုတ်တဲ့ ငွေစက္ကူတွေပေါ်မှာလည်း ကေသရာဇာခြင်္သေ့ပုံ ရိုက်နှိပ်ထားပါတယ်။ အင်္ဂလန်မှာသုံးတဲ့ ၁ဝ ပဲနိပေါ်က Majestic Lion နဲ့ တူတယ်။ ၁၉၄၉ မတ်လမှာ ထုတ်တဲ့ မောင်ကောင်းလက်မှတ်ပါ ၅ ကျပ်တန်စက္ကူမှာလည်း ကေသရာဇာခြင်္သေ့ရုပ်ပဲ။ စစ်အစိုးရက ထုတ်တာကိုတော့ ခြင်္သေ့လိုသာ ခေါ်ကြတယ်။ အခုတော့ ခြင်္သေ့ရုပ်တွေ ဂူအောင်းနေကြပါတယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment