Friday, November 18, 2016

ရော်ဘာကုန်ကြမ်း ဝယ်လိုအား မြင့်တက်လာ၍ ပြည်တွင်း ရော်ဘာဈေးနှုန်း ဆက်တိုက်မြင့်တက်လာ

နိုင်ငံတကာရော်ဘာကုန်ကြမ်း ဝယ်လိုအားမြင့်တက်လာသဖြင့် ပြည် တွင်း ရော်ဘာဈေးနှုန်း ဆက်တိုက်မြင့်တက်လာ သည်ဟု မြန်မာနိုင်ငံရော် ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ ''ရေနံ တို့ ကားထုတ်တဲ့လုပ်ငန်းတွေ ကောင်းလာတော့ ရော်ဘာအဝယ်ပြန်တက်လာတယ်။ ဈေးလဲပြန်တက်လာတယ်လေ'' ဟု ၎င်းအသင်းအတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။ ကမ္ဘာ့ဈေးကွက်တွင် ရော်ဘာကုန်ကြမ်း ဝယ်လိုအားမြင့်တက်လာ၍ ရော်ဘာအစေး လှီးရာသီတွင် ပြည်တွင်းရော် ဘာဈေးနှုန်းသည် အောက်တိုဘာမှ စတင်မြင့်တက်လာ ခြင်းဖြစ်သည်။ ၂ဝ၁၆ခုနှစ် နှစ်ဦးပိုင်းတွင် ရော်ဘာတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၂ဝဝခန့်သို့ ကျဆင်းခဲ့သည့် ကမ္ဘာ့ရော်ဘာ ဈေးနှုန်းသည် နိုဝင်ဘာ ၁ဝ ရက်တွင် ဒေါ်လာ ၁,၈ဝဝခန့်သို့ ပြန်လည်မြင့်တက်လာ သည်။ ရော် ဘာအများဆုံးစိုက်ပျိုးသည့်ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် မိုးရွာသွန်းမှုများသဖြင့် ရော်ဘာထုတ်လုပ်မှုကျဆင်းလာခြင်း၊ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း မြင့်တက်လာချိန်တွင် ဝယ်လိုအားအနည်း ငယ် ပြန်တက် လာခြင်းတို့ကြောင့် ပြည်တွင်း ရော်ဘာဈေးနှုန်း မြင့် တက်လာခြင်းလည်း ဖြစ်သည်။

လက်ရှိပြည်တွင်းတွင် ရော်ဘာကုန် ကြမ်းတစ်ပေါင်လျှင် ကျပ် ၈၂ဝခန့်ရှိပြီး ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ကျပ် ၁၄ဝကျော် ဈေးပိုနေသည်။ ရော်ဘာကုန် ကြမ်းတစ်ပေါင်လျှင် အလုပ်သမားခအပါအဝင် ထုတ် လုပ်မှုကုန်ကျစရိတ်မှာ ကျပ် ၆ဝဝခန့်ရှိပြီး လက်ရှိ ပြည်တွင်းရော်ဘာ ပေါက်ဈေးမှာ ကျပ်၈ဝဝကျော် ရရှိနေ၍ ရော်ဘာခြံပိုင်ရှင်များမှာ တွက်ခြေကိုက်နေသည်ဟု ရော်ဘာခြံပိုင်ရှင်များထံမှ သိရသည်။ မြန်မာ့ရော် ဘာကုန်ကြမ်းများ အများဆုံးရောင်းချနေရသည့် တရုတ်နိုင်ငံကလည်း ယခုနှစ်တွင် ရော်ဘာကုန်ကြမ်းဝယ် ယူမှုမှာ ပုံမှန်ရှိနေသည်။ ထို့ကြောင့် ပြည်ပသို့ ရော်ဘာကုန်ကြမ်းတင်ပို့မှုကို ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်တွင် တန်ချိန် ၉ဝ,ဝဝဝမှ ၁ဝဝ,ဝဝဝကြားရှိမည်ဟု မြန်မာနိုင်ငံရော် ဘာစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းက ခန့်မှန်းသည်။
စည်သူကျော်

No comments:

Post a Comment