Thursday, November 17, 2016

ကုန်ဈေးနှုန်းတက်ခြင်းနှင့် ဈေးနှုန်းထိန်းချုပ်မှု

ဈေးကွက်အတွင်း သတ်မှတ်ထားနိုင်သည့် ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများ၏ ဈေးနှုန်းကို အစိုးရက ကန့်သတ်ခြင်းများအား ‘ဈေးနှုန်းထိန်းချုပ်မှု’ (Price Control) ဟုခေါ်သည်။ ယင်းကဲ့သို့သော ထိန်းချုပ်မှုများ အကောင်အထည်ဖော်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်မှာ ကုန်ပစ္စည်းဝယ်ယူရန် တတ်နိုင်မှုကို ထိန်းသိမ်းရန်၊ ကုန်ပစ္စည်းပြတ်လပ်မှု ကာလအတွင်း ကာကွယ်မှုပြုရန်နှင့် ငွေကြေးဖောင်းပွမှုနှုန်း နှေးကွေးစေရန် တို့ဖြစ်သည်။ အခြားတစ်ဖက်၌လည်း အချို့သော ကုန်ပစ္စည်း ထောက်ပံ့သူများအတွက် အနည်းဆုံး ရရှိမည့် ၀င်ငွေသတ်မှတ်ချက် ပြည့်မီစေရေးနှင့် အနိမ့်ဆုံး လုပ်ခသတ်မှတ်ချက် ပြည့်မီစေရေးတို့အတွက် သေချာစေရန်ဖြစ်သည်။ ဈေးနှုန်း ထိန်းချုပ်မှုများ၌ အခြေခံပုံစံ နှစ်ရပ်ရှိသည်။ ယင်းတို့မှာ အမြင့်ဆုံး ဈေးနှုန်းသတ်မှတ်ခြင်း (Price Ceiling) နှင့် အနိမ့်ဆုံး ဈေးနှုန်းသတ်မှတ်ခြင်း (Price Floor) တို့ဖြစ်သည်။

အစိုးရအဖွဲ့များက ဈေးနှုန်းထိန်းချုပ်ခြင်းကို တစ်ခါတစ်ရံ၌ ပြုလုပ်လေ့ရှိသော်လည်း ဈေးနှုန်း ထိန်းချုပ်မှုများသည် ၎င်းတို့ရည်ရွယ်သည့်အတိုင်း အကောင်အထည် ပေါ်လာခြင်း မရှိကြောင်းနှင့် အထွေထွေသဘောအရ ယင်းကို ရှောင်ရှားသင့်ကြောင်း စီးပွားရေး ပညာရှင်များက သဘောတူလေ့ရှိကြသည်။ ဥပမာအားဖြင့် စစ်တမ်းတစ်ရပ်အရ “လုပ်ခ - ဈေးနှုန်း ထိန်းချုပ်မှုသည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်အတွက် အသုံးဝင်သည့် ရွေးချယ်စရာ မူဝါဒတစ်ရပ် ဖြစ်သည်” ဟူသည့် အဆိုကို လေ့လာချက်တွင် ပါဝင်သော စီးပွားရေးပညာရှင် လေးပုံသုံးပုံတို့က သဘောတူညီခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။
ဈေးနှုန်း ထိန်းချုပ်မှုကို ဆန့်ကျင်သည့် အဓိကကျသော ဝေဖန်မှုတစ်ရပ်မှာ “ဈေးနှုန်းကို ကျဆင်းအောင် ထိန်းချုပ်လိုက်ခြင်းဖြင့် ၀ယ်လိုအားတက်လာပြီး ရောင်းလိုအားက လိုက်မီနိုင်ခြင်းမရှိတော့” ဟူ၍ ဖြစ်သည်။ ရောင်းချရမည့် အမြင့်ဆုံးဈေးနှုန်းကို သတ်မှတ်ထားခြင်းကြောင့် ပစ္စည်းပြတ်လပ်သွားသည့်အခါ မှောင်ခိုဈေးကွက်များ ပေါ်လာပြီး မှောင်ခိုဈေးကွက်၌ ယင်းကုန်ပစ္စည်း၏ ဈေးနှုန်းသည် ယခင် ထိန်းချုပ်မထားမီက ဈေးနှုန်းထက်ပင် ကျော်လွန်သွားမည်ဟု ဆိုသည်။ ၎င်းအပြင် ထိန်းချုပ်ထားမှုကို ပြန်ဖွင့်ပေးလိုက်ချိန်၌ ဈေးနှုန်းများ ချက်ချင်းခုန်တက်သွားမည် ဖြစ်သောကြောင့် ယင်းသည် စီးပွားရေးစနစ်ကို ယာယီလှုပ်ခါစေနိုင်သည် ဟုဆိုသည်။
ဈေးနှုန်းထိန်းချုပ်မှုသည် ကုန်ပစ္စည်း ပြတ်လပ်မှုကို ဖြစ်ပေါ်စေကြောင်း ထင်ရှားသည့် ဥပမာတစ်ရပ်မှာ ၁၉၇၃ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှ ၁၉၇၄ ခုနှစ် မတ် ၁၇ ရက် အတွင်း အာရပ်မှ ရေနံတင်သွင်းမှုကို ပိတ်ပင်ထားစဉ် ကာလက ဖြစ်ရပ်ဖြစ်သည်။ အမေရိကန်ရှိ ဓာတ်ဆီဆိုင်များတွင် ကားများနှင့် ကုန်တင်ကားများ ရှည်လျားစွာ တန်းစီခဲ့ရပြီး လောင်စာပြတ်လပ်သွားသောကြောင့် အချို့ဆိုင်များဆိုလျှင် ပိတ်ပင်ပိတ်လိုက်ရသည်။ ယင်းအချိန်၌ အမေရိကန်အစိုးရက ဓာတ်ဆီဈေးနှုန်းကို သတ်မှတ်ထိန်းချုပ်ခဲ့သောကြောင့် ဖြစ်သည်။
၁၉၇၆ ခုနှစ် စီးပွားရေး နိုဘယ်ဆုရှင် မီလ်တန်ဖရက်ဒ်မန်က “ကျွန်တော်တို့ စီးပွားရေး ပညာရှင်တွေက အများကြီးမသိပါဘူး။ ဒါပေမဲ့ ကုန်ပစ္စည်းတစ်ခု ပြတ်လပ်အောင် ဘယ်လိုဖန်တီးရမလဲဆိုတာ သိပါတယ်။ ဥပမာအနေနဲ့ ခရမ်းချဉ်သီး ပြတ်လပ်စေချင်တယ်ဆိုရင် ဈေးရောင်းသူတွေကို ခရမ်းချဉ်သီး တစ်ပေါင်ကို နှစ်ဆင့်ထက်ပိုပြီး မရောင်းရဘူးလို့ ဥပဒေထုတ်လိုက်ရုံပဲ။ ချက်ချင်းခရမ်းချဉ်သီး ပြတ်လပ်သွားပါလိမ့်မယ်။ ရေနံတို့ ဓာတ်ဆီတို့ဆိုတာလည်း ဒီသဘောပါပဲ” ဟုပြောကြားခဲ့ဖူးသည်။
ကုန်ဈေးနှုန်း မြင့်တက်ရခြင်း၌ အခြေခံ အကြောင်းတရား သုံးရပ်ရှိသည်။ ယင်းတို့မှာ ၀ယ်လိုအားတက်လာခြင်း၊ ရောင်းလိုအား ကျဆင်းခြင်းနှင့် ငွေကြေး ဖောင်းပွခြင်း တို့ဖြစ်သည်။ ကုန်ဈေးနှုန်း မြင့်တက်ခြင်းသည် မညီမျှမှုများနှင့် ဆင်းရဲမွဲတေမှုများကို ပိုမိုဆိုးရွားစေသောကြောင့် အစိုးရတစ်ရပ် အနေဖြင့် မျက်ကွယ် မပြုသင့်သော ပြဿနာတစ်ရပ် ဖြစ်သည်။ သို့သော်လည်း ဈေးနှုန်းထိန်းချုပ်ခြင်း နည်းလမ်းဖြင့် ကုန်ဈေးနှုန်း ကျဆင်းအောင် ပြုလုပ်ရန် မဖြစ်နိုင်ဘဲ အခြားနည်းလမ်းများ ရှာဖွေကြရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments:

Post a Comment