Wednesday, November 23, 2016

၁၃ နှစ် အရွယ် ကျောင်းသူ တစ်ဦး ဆိုင်ကယ်ကို အမြန် လမ်းမပေါ် တက်ရောက် မောင်းနှင်မှုကြောင့် ယာဉ်နှင့် တိုက်မိကာ သေဆုံးမှုဖြစ်

လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၂ဝ/၂) နှင့် (၂ဝ/၃) အကြား၌ ယမန်နေ့ ညနေ ၅ နာရီ မိနစ် ၂ဝ က အဋ္ဌမတန်း ကျောင်းသူ မောင်းနှင်သော ဆိုင်ကယ်နှင့် မော်တော်ယာဉ်တို့ တိုက်မှု ဖြစ်ပွားရာ ဆိုင်ကယ် မောင်းနှင်သူ ပွဲချင်းပြီး သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်သင်းဦးနှင့် တပ်ဖွဲ့ဝင်များသည် ယာဉ်တိုက်မှု သတင်းအရ အခင်း ဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးရာ ရန်ကုန်ဘက်မှ နေပြည်တော် ဘက်သို့ မပပမျိုး ၁၃ နှစ် အဋ္ဌမတန်း ကျောင်းသူ မြေနီကွင်း အခြေခံပညာ အထက်တန်း ကျောင်း ဒေါင်းမီးခွက်ကျေးရွာ လှည်းကူးမြို့နယ် နေသူ မောင်းနှင်လာသော ဇင်းနစ် ၁၁ဝ အနက်ရောင် ဆိုင်ကယ်မှာ အမြန်လမ်းမကြီး အတိုင်း မောင်းနှင်လာပြီး လမ်းလယ်ကျွန်း လမ်းကူးမှ ဖြတ်လမ်း အနောက်ဘက်သို့ ဖြတ်ကူးနေစဉ်
နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ကျော်ဇော်ဟိန်း ၂၆ နှစ် ဆားခါးလမ်း (၂၃)ရပ်ကွက် တောင်ဒဂုံမြို့နယ် နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 7D/..... HONDA CIVIC ခဲရောင် မော်တော်ယာဉ်နှင့် တိုက်မိရာ မပပမျိုးတွင် ဦးခေါင်း နောက်စေ့ ပေါက်ပြဲ၊ ယာလက် ပေါက်ပြဲ၊ ယာလက်မောင်းကျိုး၊ ဝဲခြေမျက်စိ ပေါက်ပြဲ၊ မျက်နှာပွန်းပဲ့ ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အမြန် လမ်းမကြီးပေါ်သို့ ဆိုင်ကယ် တက်ရောက် မောင်းနှင်ရာမှ ယာဉ်မတော်တဆ ဖြစ်ပွားပြီး သေဆုံးသူ မပပမျိုးကို အမှတ်(၃) လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းက ယာဉ်(ပ)၅၉/၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ မြ၀တီ

No comments:

Post a Comment