Wednesday, November 23, 2016

ကမ္ဘောဒီးယားအတိုက်အခံများ လွှတ်တော်ကို သပိတ်မှောက်ထားခြင်းအား အဆုံးသတ်

ကမ္ဘောဒီးယားအတိုက်အခံအမတ်များက ဝန်ကြီးချုပ် ဟွန်ဆန်၏ တရားရေးနှင့် နိုင်ငံရေးတို့အရ ဖိအားပေးမှုများကြောင့် လွှတ်တော်အား ခြောက်လကြာ သပိတ်မှောက်ထားမှုအား နိုဝင်ဘာ ၂၂ ရက်တွင် အဆုံးသတ်လိုက်ကာ လွှတ်တော်ပြန်လည် တက်ရောက်ပြီဖြစ်သည်။  အတိုက်အခံပါတီဖြစ်သော ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီ CNRP မှ အမတ်များက ပါတီ၏ ဒုတိယဥက္ကဌအပါအဝင် ပါတီဝင်တစ်ချို့အား အစိုးရက တရားတဘောင်လုပ်ကာ ဖမ်းဆီးခြင်းများအတွက် မေလအတွင်းက လွှတ်တော်ကို သပိတ်မှောက်ထားခြင်းဖြစ်သည်။ ၂၀၁၈ ရွေးကောက်ပွဲအတွက် စိုင်းပြင်းနေခြင်းနှင့်အတူ ဝန်ကြီးချုပ် ဟွန်ဆန်က လိုသလိုဆွဲသုံးနိုင်သည့် ကမ္ဘောဒီးယားတရားရုံးများအပြင် ၎င်း၏ နိုင်ငံရေးဥာဏ်နီဥာဏ်နက်များဖြင့် ပြိုင်ဖက်များကို အလဲထိုးနှက်မှုများ မြင့်မားလာခဲ့သည်။ ထိုနည်းဗျူဟာအသုံးချမှုများကို ဝန်ကြီးချုပ်ရာထူး ၃၁ နှစ်တာအတွင်း ကျင့်သုံးလာခဲ့ခြင်းလည်းဖြစ်သည်။ နိုဝင်ဘာ ၂၂ ရက်တွင် လွှတ်တော်အား သပိတ်မှောက်မှု အဆုံးသတ်ကာ အတိုက်အခံအမတ် ၃၉ ဦးက ၂၀၁၇ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ဘတ်ဂျက်ကိစ္စအား ပါဝင်ဆွေးနွေးခဲ့ကြသည်။ “ကျွန်တော်တို့ ဘတ်ဂျက်ကိစ္စရပ်မှာ ပါဝင်ဆွေးနွေးရမှာဖြစ်တယ်။”ဟု CNRP မှ ပြောရေးဆိုခွင့်ရှိသူနှင့် လွှတ်တော်အမတ်ဖြစ်သူ ယမ်ဆိုဗန်းက ပြောသည်။ ဟွန်ဆန်၏ ဖိအားကြောင့် ယခုကဲ့သို့ လွှတ်တော်သို့ ပြန်လည်တက်ရောက်ခြင်းလားဆိုသည်ကို ၎င်းက ငြင်းဆန်သော်လည်း ၎င်းတို့၏ ပါတီက နိုင်ငံရေးဖြိုခွင်းမှု၏ သားကောင်ဖြစ်ရကြောင်း ပြောခဲ့သည်။

No comments:

Post a Comment