Tuesday, November 22, 2016

သက်ငယ်မုဒိမ်း ဖြစ်ရပ်များအတွက် သတိပြုစရာ အချက်များကို ပုံဖော်မည့် သုံးမိနစ်စာဇာတ်လမ်းတို ဒါရိုက်တာ သည်ခေတ်နေရိုက်ကူးကာ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်မည်

သက်ငယ်မုဒိမ်း ဖြစ်ရပ်များအတွက် သတိပြုစရာ အချက်များကို ပုံဖော်မည့် သုံးမိနစ်စာ ဇာတ်လမ်းတိုကို ဒါရိုက်တာသည် ခေတ်နေရိုက်ကူးကာ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်သွားရန် စီစဉ်ထားသည်ဟု သိရသည်။ ယင်းဇာတ်လမ်းတိုကို နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စတင်ရိုက်ကူးသွားရန် စီစဉ်ထားခြင်းဖြစ်ပြီး နာမည်ကြီး အနုပညာရှင်များလည်း ပါဝင်ရိုက်ကူးရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါဇာတ်ကားတိုအား အနာဂတ်ကို သတ်ပုံမဖျက်နဲ့ဟု အမည်ပေးထားကြောင်းလည်း သိရသည်။ “အခုလတ်တလော နေ့တိုင်းလိုလို တွေ့မြင်ကြားသိနေရတာက သက်ငယ်မုဒိမ်းနဲ့ ပတ်သက်လို့ပေါ့။ ဒါနဲ့ပတ်သက်လို့ ကြားရတာမြင်ရတာတွေက လုံးဝကိုစိတ်မချမ်းသာဘူး။ ဘိုဘိုအင်တာတိန်းမန့်ကလည်း အွန်လိုင်း ကနေဇာတ်လမ်းတိုလေးတွေ လွှင့်မယ်ဆိုတဲ့အခါ ဒီအကြောင်းအရာလေးကို ရိုက်မယ်ဆို ပြီးစီစဉ်ဖြစ်သွားတာပါ။
အဓိကတော့ မိဘတွေ အနေနဲ့သားသမီးကို ရင်အုပ်မကွာထားဖို့။ ဆွေမျိုးအရင်းတွေကိုတောင် ယုံကြည်လို့မရတဲ့ အခြေအနေမျိုးဆိုတာကို အသိပညာပေး မယ့်ဇာတ်ကားလေးပါ။ ၀ါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ဖို့ရှိပါတယ်။ ရှေ့တစ်ပတ်ထဲမှာ စပြီးရိုက်ဖြစ်မှာပါ” ဟု ယင်းဇာတ်ကားတို အားရိုက်ကူးမည့် ဒါရိုက်တာ သည်ခေတ်နေက ဆိုသည်။
သက်ငယ်မုဒိမ်း ဖြစ်စဉ်များမှာ လတ်တလောတွင် မြန်မာနိုင်ငံတစ်ဝန်း၌ ဖြစ်ပွားမှု များပြားလျက်ရှိသည့် မှုခင်းဖြစ်စဉ်တစ်ခုဖြစ်ပြီး လူမှုအသိုင်းအ၀ိုင်းတွင် နာကြည်းရှုတ်ချမှု များပြားလျက်ရှိသည့် အခြေအနေတစ်ခုလည်း ဖြစ်သည်။ သက်ငယ်မုဒိမ်း ဖြစ်စဉ်များအား ကာကွယ်နိုင်ရန်နှင့် ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန်အတွက် ပြည်သူလူထုများမှ တတ်စွမ်းသရွေ့ ကြိုးပမ်းလျက်ရှိရာတွင် အနုပညာရှင်များလည်း ပါဝင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။ နိုဝင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် လိင်အကြမ်းဖက်မှု ပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ် ချမှတ်ပေးလှုပ်ရှားမှုတွင်လည်း အနုပညာရှင်များက ပါဝင်ရန် စီစဉ်လျက်ရှိသည်။
Writer: လင်းလင်းခိုင်

No comments:

Post a Comment