Saturday, November 19, 2016

ချန်ပီယံဆုတွေ ဆွတ်ခူးပြီးမှသာ အသင်းကနေ ထွက်ခွာမယ်လို့ ဆိုလိုက်တဲ့ အီဒင်ဟာဇက်

ချဲဆီးအသင်းရဲ့ ကွင်းလယ်လူ ဟာဇက်ဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသော်လဲ၊ ဒီနှစ်ရာသီမှာတော့ အသင်းရဲ့ အသက်သွေးကြော ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြ ကစားပေးလျှက်ရှိပြီး၊ အောက် တိုဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုကိုလဲ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘယ်လ်ဂျီယံ ကစားသမားက သူ့အနေနဲ့ လက်ရှိမှာ ချဲဆီးကနေ ထွက်ခွာသွားဖို့ အစီစဉ် မရှိသေးသလို၊ ထွက်ခွာဖြစ်ခဲ့ပါက အသင်းအတွက် ဆုဖလားတွေ ဆွတ်ခူးပြီးမှသာ ထွက်ခွာသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ Guardian သတင်းစာနဲ့ အင်တာဗျူးမှာတော့ ဟာဇက်က " ဒီနှစ်တော့ ဒဏ်ရာကင်းကင်းနဲ့ ကစားပေးနေတာပါ။ ပြီးခဲ့တဲ့နှစ်က ပုံစံမျိုးတွေက အရမ်းရှုပ်ထွေးတယ်ဗျ။ လူတစ်ချို့က ကျနော့်မှာ ပေါင်ဒဏ်ရာ ရှိနေတယ် ဆိုတာကို မယုံကြည်ခဲ့ကြဘူးလေ။ ကျနော်ဆို ၁၀၀% ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ အနေအထားမျိုးကို လုံးဝမရှိခဲ့ပါဘူး၊ ဒါကြောင့်မို့ အကောင်း ဆုံးခြေစွမ်းတွေပြဖို့ ခက်ခဲခဲ့တာပါ။ ယူရိုပြိုင်ပွဲနဲ့ ရာသီအကြိုပြင်ဆင်တဲ့ အချိန်တွေက ကျနော်အတွက် အနားယူဖို့ အချိန်ကောင်းတွေပေါ့ဗျာ။



မတ်လလောက်ကတော့ ကျနော်ကွန်တီနဲ့ တွေ့ပြီး ပြီးခဲတဲ့ ရာသီက အကြောင်းတွေ စကားပြောဖြစ်ခဲ့ပါတယ်။ သူက ကျနော့်ဆီကနေ ဘာတွေ မျှော်လင့်ထားတယ်ဆိုတာတွေလဲ သိခွင့်ရခဲ့တာပေါ့။ ကျနော်က ဂိုးတွေ အများကြီး သွင်းမထားသည့်တိုင်အောင် သူက ကျနော့်ကို ဂိုးသွင်းကောင်းတဲ့သူလို့ မြင်တာဗျ။ ပြီးတော့ သူ့ စိတ်ကြိုက် ကစားကွက်တွေဖြစ်တဲ့ ရှေ့တန်းမှာ နှစ်ယောက်ထားကစားချင်တဲ့ ပုံစံမျိုးတွေ၊ ၃-၅-၃ ကစား ကွက်အကြောင်းတွေကို အားတက်သရောနဲ့ စိတ်ပါလက်ပါ ရှင်းပြခဲ့တာပါ။ ကျနော်ကိုယ်တိုင်ကလဲ ရာသီဆိုးတစ်ခုကို ရင်ဆိုင်ရပြီးကာစ အခြေအနေမျိုးမှာ အသင်းကနေ ထွက်သွားဖို့ ဆန္ဒမရှိသေးကြောင်း သူ့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြခဲ့တာပါ။ ကျနော်က အဲလိုပုံစံမျိုးနဲ့ အသင်းကို နှုတ်မဆက်ချင်ပါဘူး။ တကယ်လို့ ထွက်သွားမယ်ဆိုရင်တောင် ချန်ပီယံဆုတွေ ရယူပေးပြီးမှ ထွက်သွားချင်ပါတယ်။ ဒါမှ ပရိသတ်တွေက ကိုယ့်ကို အချိန်တိုင်း အမှတ်တရရှိနေကြမှာလေ" လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Ref: Mail

No comments:

Post a Comment