Monday, November 21, 2016

ထရမ့်နှင့် ပတ်သက်ပြီး အဆိုးဆုံးချည်း တွေးမထားကြရန် အိုဘားမား တိုက်တွန်း

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သမ္မတသစ်အဖြစ် တင်မြှောက်ခံထားရသူ ဒေါ်နယ်ထရမ့်နှင့် ပတ်သက်ပြီး “အဆိုးဆုံးချည်း တွေးမထား ကြပါနဲ့” ဟု လက်တင်အမေရိကနှင့် ကာရေဘီယံဒေသမှ လူငယ်ခေါင်းဆောင် ၁၀၀၀ နှင့် နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း VOA သတင်းက ဖော်ပြသည်။ ပီရူးနိုင်ငံမြို့တော် လီမာတွင် ပြုလုပ်သော တွေ့ဆုံပွဲတွင် အမေရိကန်သမ္မတ အပြောင်းအလဲကြောင့် ဖြစ်လာနိုင်သည်များအပေါ် စိုးရိမ်နေကြသည့် လူငယ်ပရိသတ်၏ မေးခွန်းများကို အိုဘားမားက ဖြေကြားခဲ့ရသည်။ အကောင်းမြင်ကြရန် အိုဘားမားက တိုက်တွန်းခဲ့ပြီး မည်သူမျှ မျှော်လင့်ချက် မရှိဘဲ ပိုကောင်းအောင် လုပ်နိုင်စွမ်း မရှိဟု အကြံပေးခဲ့သည်။

“ကမ္ဘာတစ်လွှားက ဘယ်သူမဆို ချက်ချင်းလက်ငင်း ဆုံးဖြတ်ချက် ချတာမျိုး မလုပ်ဖို့ အရေးကြီးပါတယ်။ သမ္မတသစ်အဖြစ် ရွေးကောက်ခံထားရသူက သူ့အဖွဲ့ သူဖွဲ့ပြီး ကိစ္စတွေကို ဆန်းစစ်ပါစေဦး၊ မူဝါဒတွေ ချပါစေဦး။ ဘယ်လိုပုံစံနဲ့ မဲဆွယ်လှုပ်ရှားတယ် ဆိုတာနဲ့ ဘယ်လိုအုပ်ချုပ်တယ် ဆိုတာ အမြဲတစ်ထပ်တည်းကျတာ မဟုတ်ပါဘူး” ဟု အိုဘားမားက ပြောကြားခဲ့သည်။
အိုဘားမားနှင့် အခြားကမ္ဘာ့ခေါင်းဆောင်များသည် လီမာမြို့တွင် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေကြခြင်း ဖြစ်သည်။
အိုဘားမား၏ အိမ်ဖြူတော် ၈ နှစ်တာ သက်တမ်းအတွင်း ၅၂ ကြိမ်မြောက်နှင့် နောက်ဆုံး ပြည်ပခရီးစဉ်တွင် ထရမ့်နှင့် ပတ်သက်၍ ပူပန်နေမှုများ ဖြေလျှော့နိုင်ရန် အိုဘားမားက ကြိုးစားသွားခဲ့သည်။
အာရှ၊ ဥရောပနှင့် အာဖရိကတစ်လွှား အိုဘားမား၏ ခရီးစဉ်များတွင် လုပ်လေ့လုပ်ထ ရှိသည့်အတိုင်း ပီရူးတွင်လည်း လူငယ်များနှင့် တွေ့ဆုံပွဲတစ်ရပ် ကျင်းပခဲ့ခြင်း ဖြစ်သည်။
လူငယ်များနှင့် တွေ့ဆုံပွဲအပြီးတွင် အိုဘားမားသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သီးခြားတွေ့ဆုံခဲ့သည်။
“တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ လမ်းဆုံလမ်းခွကို ရောက်နေပါတယ်။ နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်ဖို့၊ မတူကွဲပြားမှုတွေကို စီမံဖို့၊ ဆက်ဆံရေး ချောချောမွေ့မွေ့ ရှေ့ဆက်နိုင်ဖို့၊ ရှေ့ဆက်ဖွံ့ဖြိုးနိုင်ဖို့ နှစ်ဖက်စလုံးက လက်တွဲလုပ်ကြဖို့ မျှော်လင့်ပါတယ်” ဟု ရှီက အိုဘားမားနှင့် မတွေ့ဆုံမီ သတင်းထောက်များကို ပြောကြားခဲ့သည်။
အိုဘားမားနှင့် ရှီကျင့်ဖျင်တို့သည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်နှင့် ပဲ့ထိန်းဒုံးကျည်စနစ် အဆင့်မြှင့်ရန် အားထုတ်မှုများ၏ အန္တရာယ် အလားအလာကို ဆွေးနွေးခဲ့ကြသလို ကိုရီးယားကျွန်းဆွယ် နျူဖျက်သိမ်းရေး အောင်မြင်စေရန်လည်း သန္နိဋ္ဌာန်ချထားဆဲ ဖြစ်ကြောင်း နှစ်ဖက်အပြန်အလှန် အာမခံခဲ့ကြသည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မကြာသေးမီက ရာသီဥတု ပြောင်းလဲလာမှုကို ကိုင်တွယ်ဖြေရှင်းရန် ပါရီသဘောတူစာချုပ် လက်မှတ်ထိုးနိုင်ခဲ့ခြင်းမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာခြင်းကို ဖော်ပြနေကြောင်း နှစ်ဖက်ခေါင်းဆောင်များက ထောက်ပြခဲ့ကြသည်ဟု ဆိုသည်။
သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ထရမ့်က ရာသီဥတု ပြောင်းလဲလာမှု ကိုင်တွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာ ကုန်သွယ်ရေး စာချုပ်များနှင့် နိုင်ငံတကာလုံခြုံရေး မဟာမိတ်ဖွဲ့မှုများ အပေါ် လိုလားနှစ်သက်ခြင်း မရှိသည့် သဘောမျိုး ပြောထားခဲ့ရာ ဥရောပနှင့် အာရှခေါင်းဆောင်များက စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားထားသည်။
အိမ်ရှင် ပီရူးသမ္မတ ပက်ဒရိုပက်ဘလို ကက်ဇင်းစကီး အပါအဝင် လက်တင်အမေရိက ခေါင်းဆောင်များကလည်း ထရမ့်၏ အမေရိကန် နယ်စပ်များကို ပိတ်ပစ်ပြီး အထောက်အထားမရှိ ဝင်ရောက်လာသော လက်တင်အမေရိကမှ ရွှေ့ပြောင်းအခြေချသူများကို နှင်ထုတ်မည်ဆိုသော သဘောထားအပေါ် ပူပန်မိကြောင်း ပြောကြားခဲ့ကြသည်။
အမေရိကန်သည် ဒီမိုကရေစီ မူဝါဒများနှင့် မဟာမိတ်ဖွဲ့မှုများကို ဆက်လက်ခိုင်မာစွာ ကိုင်စွဲထားမည် ဖြစ်ကြောင်း အိုဘားမားက ပြည်ပခေါင်းဆောင်များကို အာမခံခဲ့သည်။ ပီရူးသို့ မသွားမီ ဂရိနှင့် ဂျာမနီခရီးစဉ် အတွင်းတွင်လည်း ယင်းအချက်ကို အိုဘားမားက အဓိကထား ပြောသွားခဲ့သည်။
ထရမ့်နှင့် နယူးယောက်တွင် တွေ့ဆုံခဲ့သော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ထရမ့်သည် ယုံကြည်စိတ်ချရသည့် ခေါင်းဆောင်တစ်ဦးဟု ယူဆကြောင်း မှတ်ချက်ပေးခဲ့သည်။
The Voice

No comments:

Post a Comment