Thursday, November 17, 2016

နည်းပြဂတ် ဖြတ်ကျော်ရမယ့် ဒုတိယတောင်ကုန်း

‘‘ပြင်ဆင်ချိန် သုံးလလောက် ရထားတဲ့ မြန်မာအသင်းကို အားကျတယ်’’ဟု မေလအတွင်းက မြန်မာနှင့် မလေးရှားတို့ ဂိုးမရှိ သရေကျခဲ့သည့် ခြေစွမ်းပွဲအပြီးတွင် မလေးရှားအသင်းနည်းပြ အွန်ကင်ဆွီးက မြန်မာမီဒီယာများအား ပြောကြားခဲ့သည်။ ၂၀၁၆ မြန်မာလိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲများမှာ သြဂုတ် နောက်ဆုံးပတ်က ပြီးဆုံးသွားခဲ့ပြီးနောက် ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်ချိန် သုံးလခန့်ရရှိသည့် မြန်မာအသင်း အနေအထားနှင့် ပြင်ဆင်ချိန် နှစ်လခန့်သာရရှိသည့် ၎င်း၏ အသင်းအနေအထားကို နှိုင်းယှဉ်ကာ အွန်ကင်းဆွီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။သို့သော် ၂၀၁၆ ဆူဇူကီး ဖလားပြိုင်ပွဲမတိုင်မီ နောက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် မြန်မာအသင်း၏ ခြေစမ်းပွဲ နှစ်ပွဲရလဒ်ကတော့ ပရိသတ်များအတွက် အားရစရာ အနေအထားတော့ မဖြစ်ခဲ့ပေ။




မြန်မာအသင်းသည် နိုဝင် ဘာ ၄ ရက်က အင်ဒိုနီးရှားအသင်း နှင့် ခြေစမ်းပွဲတွင် ဂိုးမရှိသရေကျခဲ့သည့် နည်းတူ နိုဝင်ဘာ ၁၄ ရက်က အိုမန်အသင်းနှင့် ခြေစမ်းပွဲ၌လည်း ၃-၀ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ထားသည်။

ပြိုင်ပွဲမတိုင်မီ နောက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် အာရှအင်အား ကြီးတစ်သင်းဖြစ်သည့် အိုမန်အသင်းနှင့်ပွဲတွင် မြန်မာအသင်းအတွက် အတွေ့အကြုံများစွာရရှိခဲ့ သော်လည်း ဒေသတွင်းပြိုင်ဘက် အင်ဒိုနီးရှားအသင်းနှင့် ခြေစမ်းပွဲ ရလဒ်နှင့် ခြေစွမ်းပိုင်းအခြေအနေမျိုးကိုမူ ဆူဇူကီးပြိုင်ပွဲဝင်မြန်မာအသင်း၌ ပရိသတ်များထပ်မံမြင် တွေ့လိုခြင်းရှိမည် မဟုတ်ပေ။

တစ်နှစ်ကြာမျှ နိုင်ငံတကာ ဘောလုံးလောကနှင့် ကင်းကွာနေသည့် အင်ဒိုနီးရှားအသင်းနှင့် ခြေစမ်းပွဲတွင် မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ဖိအားပေး နိုင်ခဲ့သော်လည်း တိုက်စစ်ပိုင်း အဆုံးသတ် အားနည်းမှုများ ရှိနေဆဲ ဖြစ်ပြီး ပြိုင်ဘက်အသင်း ခံစစ်ကို ထိုးဖောက်မှုတွင် ထိရောက်မှုမရှိခဲ့ပေ။ ထို့အတူ မြန်မာ့လက်ရွေးစင် ကစားသမားများ၏ အဓိက အားနည်းချက်မှာ ဘောလုံးရချိန်တွင် မည်သို့ပြုလုပ်ရမည်ကို ဆုံးဖြတ်ချက် မချနိုင်ခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှားအသင်းနှင့် ခြေစမ်းပွဲ အပြီး၌ မြန်မာအသင်း၏ အားနည်းချက်ကို နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ကိုယ်တိုင်က ၀န်ခံခဲ့သည်။

‘‘လက်ရှိအနေအထားကို အားမရသေးဘူး။ ဥရောပမှာ ရခဲ့တဲ့ ခြေစွမ်းကို ပြန်မရသေးဘူး ဖြစ်နေတယ်။ ဥရောပခရီးစဉ်က အပြန်မှာ အသင်းညံ့တစ်သင်းကို တွေ့ရတာပါ။ ဒီနေ့ကစားပုံကို အရမ်းစိတ်ပျက်မိတယ်။ ဘောလုံး ရချိန်မှာ ဘာလုပ်ရမယ်ဆိုတာ ချက်ချင်းမဆုံးဖြတ်နိုင်ဘူး။ ဒါက အဓိက အားနည်းချက်တစ်ခုပဲ။ ဒီအနေအထားနဲ့ နိုင်ပွဲရယူဖို့ မလွယ် သေးဘူး’’ဟု မြန်မာအသင်း နည်းပြချုပ်က ဆိုသည်။

‘‘အင်ဒိုအသင်းက ခြေကုန် ထုတ်မကစားဘူးပေါ့ဗျာ။ ကျွန် တော်အားမရတာ အဲဒါပဲ။ အင်ဒိုက မြန်မာအသင်းရဲ့ အခြေအနေ ကိုကြည့်ပြီး ထိန်းကစားနိုင်တယ်။ မြန်မာအသင်းကစားတာက ပညာ သားပါဖို့ လိုသေးတယ်’’ဟု လက် ရွေးစင်ဟောင်း ဦးခင်မောင်ကြိုင် က အင်ဒိုနီးရှားနှင့် ခြေစမ်းပွဲအပြီး မြန်မာအသင်းအခြေအနေကို သုံး သပ်သည်။

  ဂျာမန်နည်းပြ ဂတ်ဖရိုင်း ဒရစ်တာဝန်ယူထားသည့် မြန်မာ့ လက်ရွေးစင်အသင်းသည် ပြိုင်ပွဲ မတိုင်မီ ဥရောပမြေသို့ တစ်လ ကျော်ကြာ သွားရောက်လေ့ကျင့် ခဲ့သည်။ ယင်းခရီးစဉ်အတွင်း ဂျာမနီ၊ နယ်သာလန်၊ ဆိုက်ပရပ်စ်ကလပ်အသင်းများနှင့်လည်း ခြေ စမ်းပွဲ ရှစ်ပွဲကစားခဲ့ရာ လေးပွဲနိုင်၊ နှစ်ပွဲသရေနှင့် နှစ်ပွဲရှုံးရလဒ် ရရှိခဲ့သည့်အပြင် အသင်း၏ ကစားပုံ အနေဖြင့်လည်း သိသာစွာ တိုးတက်လာခဲ့ကြောင်း အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်က ပြောခဲ့သည်။

သို့သော် ဥရောပခရီးစဉ်မှ အပြန် ပထမဆုံးခြေစွမ်းစမ်းသပ် သည့် ဒေသတွင်းပြိုင်ဘက် အင်ဒို နီးရှားနှင့် ပွဲ၌ မြန်မာအသင်းအနေ ဖြင့် အောင်မှတ်မရခဲ့ဘဲ အဓိက ပစ်မှတ်ဆူဇူကီးဖလားအတွက် ပရိသတ်များက စိုးရိမ်မှုဝင်လာပြီ ဖြစ်သည်။

အင်ဒိုနီးရှားနှင့် ခြေစမ်းပွဲ တွင် မြန်မာအသင်း၏ အဓိကအားနည်းချက်မှာ တိုက်စစ်ပိုင်းမှ ဂိုးရရှိရန် ရုန်းကန်နေရခြင်းဖြစ်ပြီး ပြိုင်ပွဲအမီ ယင်းအားနည်းချက်ကို မပြင် ဆင်နိုင်ပါက အခက်တွေ့လာနိုင် ဖွယ်ရှိကြောင်း မြန်မာဘောလုံး လေ့လာသူများက သုံးသပ်သည်။

ထို့အတူ မြန်မာအသင်းတွင် ကွင်းလယ်ပိုင်းနှင့် တိုက်စစ်ပိုင်းချိတ်ဆက်နိုင်မှုအားနည်းမှုကြောင့်လည်း ဂိုးရရှိရန် ရုန်းကန်နေရခြင်း ဖြစ်သည်။

  ဥရောပလေ့ကျင့်ခရီးစဉ်အတွင်း မြန်မာအသင်း၏ အဓိက တိုက်စစ်မှူး ကျော်ကိုကိုနှင့် တောင်ပံကစားသမား သီဟဇော်တို့ကို အသင်းနည်းစနစ်ပိုင်းနှင့် အံမ၀င် ဟုဆိုကာ နည်းပြချုပ်က ပြန်လွှတ် ခဲ့သည်။ သို့သော် လက်ရှိ ဂိုးရရှိရန်ရုန်းကန်နေရသည့် မြန်မာအသင်း တိုက်စစ်ပိုင်းတွင် ကျော်ကိုကိုကဲ့ သို့ကျွမ်းကျင်မှု (Skill) ရှိသည့် တိုက်စစ်မှူးတစ်ဦးလိုအပ်မည်ဟု သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။

‘‘လက်ရှိတိုက်စစ်မှူးတွေ မ ကောင်းဘူးမပြောဘူး။ သူ့အရည် အချင်းနဲ့သူ ရှိတယ်။ ဒါပေမဲ့ ပြိုင် ဘက်အသင်း နောက်တန်းတွေကို အချိန်မရွေးခြိမ်းခြောက်နိုင်မယ့် ကျော်ကိုကိုလို တိုက်စစ်မှူးက လို ကိုလိုအပ်တယ်။ ဥပမာ- ချယ်လ် ဆီးအသင်းက ဒီယေဂိုကော်စတာ လိုပေါ့။ ပြိုင်ဘက်နောက်တန်းကို အချိန်မရွေးအန္တရာယ်ပေးနိုင်စွမ်း ရှိတယ်’’ဟု မြန်မာအသင်း၏ လက်ရှိတိုက်စစ်အနေအထားနှင့် ပတ် သက်၍ ဦးခင်မောင်ကြိုင်က သုံး သပ်သည်။

ထိုအတောအတွင်း မြန်မာ အသင်းတွင် တိုက်စစ်မှူးကျော်ကိုကို ပါဝင်မလာ၍ ပြိုင်ဘက်အသင်းများ အတွက် သတင်းကောင်းဖြစ်သည်ဟု ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် သတင်း ၀က်ဘ်ဆိုက်က ဖော်ပြခဲ့သည့်အတွက် ကျော်ကိုကိုအပေါ် ပြိုင်ဘက်အသင်းများ၏ အလေးထားမှုကို တွေ့မြင်ရမည် ဖြစ်သည်။

သို့သော် နည်းပြချုပ် ဂတ်ဖ ရိုင်းဒရစ်က မြန်မာအသင်းအ တွက် ကစားသမားထပ်မံဖြည့် တင်းရန် အစီအစဉ်မရှိဟု ပြော ကြားထားသည့်အတွက် ပြိုင်ဘက်အသင်းများအတွက် သတင်း ကောင်းတကယ်ဖြစ်၊ မဖြစ်ကို စောင့်ကြည့်ရန်သာ ရှိတော့သည်။

မြန်မာအသင်းခေါင်းဆောင် ရန်အောင်ကျော်ကမူ လက်ရှိအသင်းသည် လူငယ်အများစုဖြင့် ဖွဲ့စည်းထားသည့် အသင်းဖြစ်ပြီး စည်းလုံးမှုရှိကြောင်း၊ ဆူဇူကီးပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ကျော်ဖြတ်နိုင်ရန် အစွမ်းကုန်ပေးဆပ်ရန် အသင်းသားအားလုံးကို တိုက်တွန်းထားကြောင်း ဆိုသည်။

‘‘အသင်းမှာ ဘယ်သူမပါလို့၊ ဘယ်သူမရှိလို့ဆိုတာ သိပ်သဘာဝမကျဘူး။ ကျွန်တော်မရှိလည်း လက်ရွေးစင်အသင်းက ဆက်ရှိနေ မှာပဲ၊ ပြိုင်ပွဲတွေ ဆက်ဝင်နေမှာပဲ၊ အခုလက်ရှိအသင်းမှာရှိတဲ့ ကစားသမား အကုန်လုံးက ပြိုင်ဘက်အသင်းကို ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေချည်းပဲ’’ဟုမြန်မာအသင်း ခေါင်းဆောင်က ၎င်းအသင်းသားများအတွက် ယုံကြည်ချက်ခိုင်မာကြောင်း ပြောကြားထားသည်။

‘‘ကျွန်တော်ကတော့ အခုအချိန်မှာ ဘာမှကြိုမပြောချင်ဘူး။ ဖြစ်မလာရင်လည်း မကောင်းဘူး လေ။ ဒါပေမဲ့ ကျွန်တော်တို့က ပရိ သတ်လိုချင်တဲ့ ဆန္ဒနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို ဘောလုံးကွင်းထဲမှာ အကောင်းဆုံးဖြစ် အောင် ကြိုးစားသွားမှာပါ’’ဟု မြန်မာအသင်းနောက်ခံလူ ဇော်မင်းထွန်းက ပြောသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၁၆ အာဆီယံဆူဇူကီးဖလား (ယခင်တိုက်ဂါးဖလား)ဘောလုံးပြိုင်ပွဲအုပ်စု အဆင့်ပွဲစဉ်များကို နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၇ ရက်အထိ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ပူးတွဲ လက်ခံကျင်းပမည် ဖြစ်သည်။

မြန်မာ၊ ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည့် အုပ်စု (ခ)ပြိုင်ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ လက်ခံကျင်းပမည်ဖြစ်ပြီး အိမ်ရှင် ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် စင်ကာပူအသင်းတို့ ပါဝင်သည့် အုပ်စု (က) ကို ဖိလစ်ပိုင်နိုင်ငံက လက်ခံကျင်းပမည် ဖြစ်သည်။

မြန်မာအသင်းသည် နိုဝင် ဘာ ၂၀ ရက်တွင် အဖွင့်ပွဲစဉ်အ ဖြစ် အုပ်စုတွင်း ရေပန်းအစားဆုံး ဖြစ်နေသည့် ဗီယက်နမ်၊ နိုဝင်ဘာ ၂၃ ရက်တွင် ကမ္ဘောဒီးယားနှင့် နိုဝင်ဘာ ၂၆ ရက်တွင် မလေးရှား အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 မြန်မာအသင်းပါဝင်သည့် အုပ်စု (ခ) အသင်းများ၏ လက်ရှိ အနေအထားတွင် ဗီယက်နမ်အသင်းက အကြိုဗိုလ်လုပွဲ တက် ရောက်နိုင်ရေး ရေပန်းအစားဆုံး အသင်းအဖြစ် ရပ်တည်နေပြီး လက်ကျန်အကြိုဗိုလ်လုပွဲ တက်ရောက်ခွင့် တစ်နေရာအတွက် မြန်မာနှင့် မလေးရှားတို့ အပြိုင်လုရဖွယ်ရှိနေ ကြောင်း ဘောလုံးကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

မြန်မာအသင်း အနေဖြင့် အုပ်စုအဖွင့်ပွဲဖြစ်သည့် ဗီယက်နမ်အသင်းနှင့် ပွဲတွင် ရမှတ်မဆုံးရှုံးရန် လိုအပ်နေပြီး အကယ်၍ ရှုံးပွဲတွေ့ပါက ဖိအားဝင်နိုင်ကြောင်း နည်းပြချုပ်ဂတ်ဖရိုင်းဒရစ်က ပြောကြားထားသည်။ ထို့ကြောင့် အုပ်စုအဖွင့်ပွဲ ဗီယက်နမ်နှင့်ပွဲစဉ်က ယခု ပြိုင်ပွဲတွင် မြန်မာအသင်းအတွက် အရေးကြီးဆုံး ပွဲစဉ်ဟုပင် သတ်မှတ်ရမည် ဖြစ်သည်။

ဗီယက်နမ်အသင်းသည် ဆူဇူကီးမတိုင်မီ နောက်ဆုံးယှဉ်ပြိုင် ခဲ့သည့် ခြေစမ်းပွဲ ခုနစ်ပွဲတွင် အာရှအင်အားကြီး မြောက်ကိုရီးယား အသင်းကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည့် ပွဲစဉ်အပါအ၀င် လေးပွဲ နိုင်၊ သုံးပွဲသရေရလဒ်ကို ရရှိ အောင် စွမ်းဆောင်ထားသည်။

ဗီယက်နမ်နည်းပြချုပ် ငုယင်ဟောင်သောင်ကမူ ဗီယက်နမ်ပရိ သတ်များအတွက် အာဆီယံချန်ပီယံရှစ်ဖလားအရယူပေးချင် ကြောင်း အင်ဒိုနီးရှားကို အိမ် ကွင်း၌ ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် ပြောကြားထားသည်။

မြန်မာယူ-၂၀ အသင်းကို ပထမဆုံးအကြိမ် သမိုင်းဝင်ကမ္ဘာ့ဖလားဝင်ခွင့် ယှဉ်ပြိုင်ခွင့်ရရှိ အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် လက်ရှိလက်ရွေးစင်အသင်း နည်း ပြချုပ် ဂတ်ဖရိုင်းဒရစ်ကမူ မြန်မာ အသင်း အနေဖြင့် ခြေစမ်းပွဲများ၌ ရလဒ်မကောင်းဖြစ်နေသော်လည်း ဆူဇူကီးဖလားအုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည် ထားကြောင်း ဆိုသည်။

မြန်မာအသင်းနည်းတူ ပြိုင် ဘက် မလေးရှားအသင်းသည် လည်း ၎င်းတို့၏ နောက်ဆုံးခြေစမ်း ပွဲ ငါးပွဲတွင် တစ်ပွဲသာအနိုင်ရရှိ ထားပြီး သုံးပွဲသရေနှင့် တစ်ပွဲရှုံး ရလဒ်ထွက်ပေါ်ထားသည်။ ထို့အ တူ အသင်းတွင် ဒဏ်ရာရကစား သမားများကြောင့် လက်ရွေးစင် အသင်းမှ အနားယူသွားသည့် ဆာ ဖစ်ရာဟင်နှင့် မိုဟာမက်အမီရူလ် ဟာ ဒီဇာအင်နယ်လ်တို့ နှစ်ဦးကို အွန်ကင်ဆွီးက  ပြန်လည်ခေါ်ယူ ထားသည်။

ကမ္ဘောဒီးယားအသင်းမှာ ဆူ ဇူကီးဖလားပြိုင်ပွဲကို ခြေစစ်ပွဲအ ဆင့်မှ စတင်ယှဉ်ပြိုင်ရခြင်း ဖြစ် သည်။ သို့သော် ကမ္ဘောဒီးယားအ သင်းမှာ ခြေစစ်ပွဲအဆင့်တွင် သုံး ပွဲကစားပြီး ရာနှုန်းပြည့်နိုင်ပွဲများ ရယူကာ အုပ်စုအဆင့်ကို တက် ရောက်လာခြင်း ဖြစ်ပြီး မြန်မာအသင်း နည်းပြကိုယ်တိုင်ကလည်း ကမ္ဘောဒီးယားအသင်း၏ ခြေစွမ်းကို လျှော့မတွက်ရန် အသင်းသားများအား တိုက်တွန်းထားသည်။

 လက်ရွေးစင်အသင်းများ ယှဉ်ပြိုင်ရသည့် ဒေသတွင်းအဆင့် အမြင့်ဆုံး အာဆီယံဆူဇူကီးဖလား (ယခင်တိုက်ဂါးဖလား)ဘောလုံး ပြိုင်ပွဲကို ၁၉၉၆ က စတင်ကျင်းပခဲ့ သည်။ မြန်မာအသင်းသည် အဆို ပါပြိုင်ပွဲတစ်လျှောက်အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၂၀၀၄ ပြိုင်ပွဲ တစ်ကြိမ်သာ အကြိုဗိုလ်လုပွဲအ ဆင့်သို့ ရောက်ရှိထားသည်။

ယခုနှစ် ဆူဇူကီးပြိုင်ပွဲသည် ၁၁ ကြိမ်မြောက်ရှိပြီ ဖြစ်သည်။ ပြီးခဲ့သည့် ပြိုင်ပွဲ ၁၀ ကြိမ်တွင် ထိုင်း နှင့် စင်ကာပူအသင်းတို့က ချန်ပီယံဆု လေးကြိမ်စီနှင့် အောင်မြင်မှုအ ရှိဆုံး အသင်းများအဖြစ် ရပ်တည် နေပြီး ဗီယက်နမ်နှင့် မလေးရှား အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲ ထားသည်။

   ပထမဆုံးအကြိမ်လက်ခံ ကျင်းပမည့် ၂၀၁၆ ဆူဇူကီးပြိုင်ပွဲ တွင် အောင်မြင်မှုရရှိရန် အဖွဲ့ချုပ် က မျှော်မှန်းထားပြီး မြန်မာအသင်းကို ပထမဆုံးယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရရန် စွမ်းဆောင်ပေး ထားသည့် နည်းပြချုပ် ဂတ်ဖရိုင်း ဒရစ်လက်ထဲသို့ လက်ရွေးစင်အ သင်းကို အပ်နှံခဲ့ခြင်း ဖြစ်သည်။ လက်ရှိအနေအထားအရ မြန်မာ အသင်းအနေဖြင့် ဆူဇူကီးပြိုင်ပွဲ တွင် အနိမ့်ဆုံးအကြိုဗိုလ်လုပွဲအ ဆင့်သို့ တက်ရောက်နိုင်ပါက အောင်မြင်သည်ဟု သတ်မှတ်နိုင် ပြီး နည်းပြချုပ် ဂျာမနီနိုင်ငံသား ဂတ်ဖရိုင်းဒရစ်၏ အရည်အသွေး ကို ထပ်မံအသိအမှတ်ပြုရမည် ဖြစ်သည်။

ဆူဇူကီးပြိုင်ပွဲကျင်းပပုံစနစ် အရ အကြိုဗိုလ်လုပွဲအဆင့်မှစ တင်ကာ နှစ်ကျော့စနစ် (အိမ်ကွင်း၊အဝေးကွင်း)ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ၂၀၀၄ ပြိုင်ပွဲတွင် မြန် မာအသင်းအကြို ဗိုလ်လုပွဲအဆင့် သို့ တက်ရောက်နိုင်ခဲ့သော်လည်း အိမ်ကွင်းလက်ခံကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ မလေးရှားနိုင်ငံတွင်သာ အိမ်ကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် ဆူဇူကီးဖလား အုပ်စုအဆင့်ပွဲစဉ်များကို ပထမ ဆုံးအိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် နည်းတူ မြန်မာအသင်း ယခု နှစ်ပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါက ပြိုင်ပွဲတစ် လျှောက် အကြိုဗိုလ်လုပွဲအဆင့်သို့ ဒုတိယအကြိမ်တက်ရောက်ခွင့်ရ ရှိခြင်း ဖြစ်မည် ဖြစ်သော်လည်း သုဝဏ္ဏကွင်းတွင် ကျင်းပမည့် အကြိုဗိုလ်လုပွဲအဆင့် အိမ်ကွင်းပွဲ စဉ်မှာမူ ပထမဆုံးအကြိမ်ဖြစ်လာ မည် ဖြစ်သည်။

မြန်မာအသင်း၏ အုပ်စုအ ဆင့်ပွဲစဉ်များသာမက အကြိုဗိုလ် လုပွဲ၊ ဗိုလ်လုပွဲအဆင့်အထိ အိမ် ကွင်းပွဲစဉ်များကို ပထမဆုံးအ ကြိမ် ပရိသတ်များအားပေးနိုင်ရေးအခွင့်အရေးကို ဖန်တီးပေးနိုင်ရန် မှာ မြန်မာအသင်းနည်းပြချုပ်အပါ အ၀င် အုပ်ချုပ်သူများတွင်လည်း တာဝန်ရှိနေပြီး မြန်မာ့လက်ရွေး စင်ဘောလုံးအသင်းကစားသမား အားလုံးက စွမ်းဆောင်နိုင်မည် လားဆိုသည်ကိုမူ စောင့်ကြည့်ရ မည် ဖြစ်သည်။ ဘိုဘိုမင်း

No comments:

Post a Comment