Wednesday, November 23, 2016

တိုက်ပွဲဖြစ်ပွားမှုများကြောင့် ထောင်ချီသော မူဆယ်မြို့ခံများ တရုတ်နယ်စပ်မှ ကြယ်ခေါင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြ

ရှမ်းပြည်မြောက်ပိုင်းတွင် ယနေ့(နိုဝင်ဘာလ ၂၂ ရက်) နံနက်ပိုင်းက တိုက်ပွဲ ဆက်လက်ဖြစ်ပွားမှုများကြောင့် ထောင်ချီသော မူဆယ်မြို့ခံများက တရုတ်နယ်စပ်မှတဆင့် ကြယ်ခေါင်နှင့် ရွှေလီမြို့များသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ “ လောလောဆယ်တော့ မြို့ထဲမှာ တိတ်ဆိတ်နေတယ်။ အသွားအလာ လုံးဝ မရှိသလောက်ဖြစ်နေပြီ။ ဆိုက်တွဲတွေနဲ့ ဆိုင်ကယ်တစ်ချို့လောက်ပဲ သွားလာတာ တွေ့ရတယ်။ဘဏ်တွေ ၊ဈေးဆိုင်တွေနဲ့ စာသင်ကျောင်းတွေ အကုန်ပိတ်ကုန်ကြပြီး မြို့ခံအများစုက ကောလဟာလလွှင့်တဲ့ သတင်းတွေကြောင့် ကြယ်ခေါင်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြတယ်။ ခုချိန်ထိတော့ ရွှေလီ ကြယ်ခေါင်ဘက်ကို ကူးနေကြတာ ထောင်နဲ့ချီရှိတယ်။ တရုတ်နယ်စပ်ကတော့ ခုချိန်ထိတော့ တိမ်းရှောင်လာတဲ့သူတွေကို လက်ခံပေးနေတာပဲ။ ဒီမှာက ဌာနဆိုင်ရာတွေပဲ ကျန်တော့တာ ” မူဆယ်မြို့မှ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။




နိုဝင်ဘာလ ၂၁ ရက် ညပိုင်းက မူဆယ်မြို့မ ရဲစခန်းအား လက်နက်ကိုင်များမှ ၀င်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ယနေ့(နိုဝင်ဘာ ၂၂ ရက်) နံနက်ပိုင်းကလည်း မူဆယ်-ကွတ်ခိုင်လမ်းပိုင်းရှိ နေရာ ၇ နေရာခန့်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှု အရှိန်များကြောင့် မြို့ခံများမှာ စိုးရိမ်မှု မြင့်တက်ကာ တရုတ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံ ကြယ်ခေါင်မြို့သို့ ထွက်ပြေး တိမ်းရှောင်နေကြခြင်း ဖြစ်သည်။ ယင်းသို့အခြေအနေများကြောင့် ဒေသခံများမှာ ယနေ့ နံနက်ပိုင်းက စတင်ကာ တရုတ်နယ်စပ် ၀င်ပေါက် ထွက်ပေါက်များတွင် တန်းစီ၍ ထွက်ခွာလျက်ရှိပြီး ညနေပိုင်းအထိ ၀င်ရောက်နိုင်ခြင်း မရှိသေးသူများ ရာထောင်ချီ ရှိနေသေးသည်ဟု သိရသည်။

“ မြို့ထဲက စစ်ရှောင် စခန်းတွေမှာလည်း မနေရဲကြတော့ အကုန်လုံးနီးပါးက တရုတ်ဘက်ကို တိမ်းရှောင်နေကြလို့ နယ်စပ် ၀င်ပေါက်ထွက်ပေါက်တွေမှာ တန်းစီ စောင့်ဆိုင်းနေကြတဲ့သူတွေ ထောင်ချီနေတာ မနက်ကတည်းကပဲ။ ခု ညနေပိုင်းထိ ၀င်လို့ မရသေးတဲ့သူတွေ အများကြီး ကျန်သေးတယ်။ မြို့ထဲကတော့ ခြောက်ကပ်သွားပြီ။ ၁၀၅ မိုင် စခန်းမှာဆိုရင်လည်း အိမ်စီးကားနဲ့ ၀င်လာ ထွက်လာတာ မရှိသလောက်ပဲ။ ဒါပေမယ့် တရုတ်ဘက်ကနေ ၁၂ ဘီးကား သုံးလေးငါးစီးလောက် ကုန်အပြည့်နဲ့ အလုံပိတ်ပြီး ၀င်လာတာတော့ တွေ့ရတယ်။ ဒီကုန်သွယ်ရေးဇုန်မှာက စစ်တပ်ရော ရဲတပ်ဖွဲ့ကရော လုံခြုံရေး ယူထားတာဆိုတော့ ကျွန်မတို့ကတော့ အနေအထား စောင့်ကြည့်နေတာပါ။”  ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်အနီး နေထိုင်သူ မ၀င်းမာဦးက ဆိုသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြန်မာပြည်မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုများမှ ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်၊မုံးကိုး၊၊ပန်ဆိုင်း၊နမ့်ခမ်းနှင့် ကွတ်ခိုင်ဒေသများတွင် စစ်ဆင်ရေး ပူးပေါင်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်အထိ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလာခဲ့ကာ သေဆုံးသူ ကိုးယောက်ထိ ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment