Saturday, November 26, 2016

အစ္စရေး မီးလောင်မှုနှင့် ပတ်သက်ပြီး မီးစရှို့သည်ဟု သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီး

ရှို့မီးဟု ယူဆရသည့် ဆိုးဆိုးရွားရွား မီးကူးစက်လောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး မသင်္ကာသူ ၁၂ ဦးကို အစ္စရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ နိုင်ငံ၏ တတိယ အကြီးဆုံး မြို့ဖြစ်သော ဟိုင်ဖာတွင် ယခုသီတင်းပတ် အစောပိုင်းက စတင်လောင်ကျွမ်းခဲ့သည့် မီးကို နိုဝင်ဘာ ၂၅ ရက်တွင် စတင်၍ ထိန်းချုပ်လာနိုင်ပြီ ဖြစ်သော်လည်း အလုံးစုံ မငြှိမ်းသတ်နိုင်သေးချေ။ ထို့အပြင် လူပေါင်း သောင်းနှင့်ချီပြီး အရေးပေါ် ရွှေ့ပြောင်းမှုများ ပြုလုပ်ပေးထားရသည်။ ဟိုင်ဖာမြောက်ပိုင်းမှ မီးကူးစက်မှုများကို နှိမ်နင်း ငြှိမ်းသတ်ရန်အတွက် ရုရှား၊ တူရကီ၊ ဂျော်ဒန်၊ အီဂျစ် နိုင်ငံများကလည်း အရေးပေါ် ဝန်ထမ်းများနှင့် မီးသတ်လုပ်ငန်းသုံး လေယာဉ်များကို ပေးပို့ ကူညီထားကြသည်။ ထို့အပြင် ကမ္ဘာပေါ်တွင် အကြီးဆုံး မီးသတ်လေယာဉ် တစ်စီးဖြစ်သည့် Supertankerသည်လည်း အမေရိကန် ပြည်ထောင်စုမှ အစ္စရေးသို့ ပျံသန်းလာနေပြီဟု အစ္စရေး မီဒီယာများက ဖော်ပြခဲ့သည်။
Supertankerနှင့်အတူ အမေရိကန် မီးသတ်ဝန်ထမ်းများလည်း လိုက်ပါလာဖွယ် ရှိနေသည်။ အစ္စရေး ရဲတပ်ဖွဲ့က အဆိုပါမီးသည် ရှို့မီးမှ အစပြုသည်ဟု ယုံကြည်ရကြောင်း ကြေညာထားသလို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ထိုပြစ်မှုမျိုး ကျူးလွန်ခြင်းသည် အကြမ်းဖက်မှုပင်ဖြစ်ပြီး အစ္စရေးက ပြင်းပြင်းထန်ထန် တုံ့ပြန် အရေးယူသွားမည်ဟု ပြောကြားထားသည်။ လတ်တလောတွင်မူ ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် ဟိုင်ဖာ၌ ဒေသခံ ခြောက်သောင်းမှ ရှစ်သောင်းကြား အရေအတွက်မျှကို မီးဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးထားရသည်။ အစ္စရေး ရဲတပ်ဖွဲ့က ရှို့မီးကို အစပြုစေခဲ့သည်ဟု ယုံကြည်ရသည့် မသင်္ကာသူ ၁၂ ဦးကို ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့ပြီး မီးခိုးမွှန်မှုနှင့် အသေးစား ဒဏ်ရာရရှိမှုများ ခံစားရသူ ၁၀၀ ကျော် ရှိခဲ့သော်လည်း အသေအပျောက် မရှိဟု ကြေညာထားသည်။

No comments:

Post a Comment