Monday, November 21, 2016

စဉ်းစားတွေးခေါ်ခြင်း

ကျွန်ုပ် မည်သူတစ်ဦးတစ်ယောက်ကို မည်သည့်အရာမှ သင်ကြားမပေးနိုင်ပါဘူး။ ကျွန်ုပ် သူတို့ကို စဉ်းစားအောင်သာ လုပ်ပေးနိုင်ပါတယ်” (ဆိုကရေးတီး)
ဆိုကရေးတီးပြောခဲ့တဲ့ မှတ်သားဖွယ်ရာ စကားလေးတစ်ခွန်းကို ဖတ်ရတော့ ကျွန်မ တို့ ရှင်သန်ရာ ပတ်ဝန်းကျင်မှာ စဉ်းစားတွေးခေါ်မှုနဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် အားနည်းနေလဲ ဆိုတာတွေကိုပါ သိမြင်လာခဲ့ ရပါတယ်။ နိုင်ငံတကာမှာတော့ သူတို့ရဲ့ ကလေးဘ၀ အချိန်ခါမှာကတည်းက အဲဒီလို စဉ်းစားတွေးခေါ်မှုပိုင်းနဲ့ ပတ်သက်ပြီး လေ့လာသင်ယူခဲ့ရပေမယ့် ကျွန်မတို့နိုင်ငံမှာတော့ ဒီအပိုင်းက အင်မတန်မှ အားအနည်းဆုံး အပိုင်းဖြစ်နေတာကိုလည်း စိတ်မကောင်းဖွယ် တွေ့မြင်ရပါတယ်။ ခပ်ဝေးဝေးမကြည့်ပါနဲ့။ ကျွန်မတို့ဖြတ်သန်းခဲ့ရတဲ့ ကလေးဘ၀တွေကို ပြန်ကြည့်လိုက်ပါဦး။ ကလေးဘ၀မှာ အရာရာ စူးစမ်းလိုစိတ်နဲ့ မေးရင်တောင် လူကြီးတွေက သူတို့အလုပ်နဲ့ သူတို့ရှုပ်နေချိန်ဖြစ်လို့ဆိုပြီး ‘ဟာ ဒီကလေး တော်တော်အမေး အမြန်းထူတယ်။ ဘာမှမဟုတ်ဘူး အဲ့ဒါက။မေးမနေနဲ့တော့။ နောက်တော့သိလာလိမ့်မယ်’ စသဖြင့် အော်ဟစ်ပြောဆိုတာကိုလည်း ခံခဲ့ရဖူးမှာပါ။
ကိုယ်စဉ်းစားမိတာ တွေးမိတာ လေးပြောမိရင်တောင် ‘ပေါက်တတ်ကရတွေ လျှောက်ပြောနေပြန်ပြီ’ ဆိုပြီး ဟန့်လိုက်တာမျိုးတွေ၊ ဆက်စပ်စဉ်းစား တွေးခေါ်တတ်အောင်၊ ကိုယ့်ကလေးတွေးထားတဲ့ အတွေးက မှားနေရင်တောင် ပြန်လည်ပြင်ဆင်ပေးဖို့ထက် ဘာမှဆက်မပြော၊ဆက်မစဉ်းစား ဖြစ်တော့အောင် ပိတ်လိုက်သလို အပြုအမူတွေကို အမှတ်မထင် ပြုမူတတ်တာကိုလည်း မိဘတွေ၊ အုပ်ထိန်းသူတွေ အတော်များများမှာ တွေ့ရတတ်ပါတယ်။ ဒါကလည်း သူတို့ကိုယ်တိုင်က ဖြတ်သန်းခဲ့ရတဲ့ ခေတ်စနစ်ကြီးရဲ့ လွဲမှားမှုကြောင့်လည်း ပါတာပေါ့လေ။ နောက်ထပ်တစ်ခုကတော့ ကျွန်မတို့ကို ပညာနို့ရည်တိုက်ကျွေးတဲ့ ကျောင်းတော်ကြီး။ အဲဒီ ကျောင်းတော်ကြီးကနေရော ကျွန်မတို့ ဒီလို စဉ်းစားတွေးခေါ်ခြင်း ပညာရပ်ကို သင်ယူခွင့်ရခဲ့ပါရဲ့လား။ ဒါသင်၊ ဒါကျက်၊ ဒါဖြေစနစ်ကြီးက ခေတ်အဆက်ဆက် ကျွန်မတို့ရဲ့ အသိဥာဏ်တွေ စဉ်းစားတွေးခေါ်မှုတွေကို အလုပ်မလုပ်စေခဲ့တာ အားလုံးအသိပါပဲ။ စာစီစာကုံးတောင် ကျက်ဖြေခဲ့ရတာမျိုး၊ စာမေးပွဲမှာ ပါနိုင်လောက်မယ့် မေးခွန်းတွေလောက်သာရွေးပြီး ကျက်ခဲ့ရတာမျိုး၊ ဆရာက ရှေ့ကနေ စာတွေလက်တန်းရေးပြီး ပါးစပ်ကတတွတ်တွတ်နဲ့ ရွတ်သင်သွားတာကို တပည့်တွေက နောက်ကနေလိုက်ကူး ရေးပြီး အိမ်ရောက်မှ အလွတ်ကျက်ဖြေရတာမျိုး၊ စာသင်နှစ် တစ်နှစ်အတွင်း သင်ရိုးတွေပြီးပြတ်ဖို့လောက်ကိုသာ အာရုံစိုက် သင်ကြားခဲ့ရတာမျိုးတွေကိုလည်း ကျွန်မတို့ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက်မှာလည်း ရှိခဲ့သလို ယခုလိုကာလမှာတောင် တွေ့မြင်နေရသေးတာပဲ မဟုတ်လား။

ကျွန်မ အလယ်တန်း ကျောင်းသူအရွယ်လောက်က ကျွန်မတို့ စာသင်ခန်းထဲမှာ အရမ်းကို အမေးအမြန်းထူတဲ့ ကျောင်းသားတစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူမေးတာတွေက သက်သက်မဲ့ မေးခွန်းတွေ လျှောက်မေးပြီး ဆရာတွေကို ရစ်နေတဲ့ပုံစံမျိုးမဟုတ်ဘူး။ တကယ်ကိုပဲ သူသိချင်တာတွေကို မေးတာ။ တခြား ကျောင်းသား ကျောင်းသူတွေလည်း မေးသင့်တဲ့ မေးခွန်းမျိုးကို သူကရှေ့ကနေ ဦးဆောင်ပြီးမေးတာ။ ဒါပေမဲ့ အဲဒီလို မေးမြန်းတာမျိုးကို ဆရာ၊ ဆရာမတွေက ကြာတော့ ဒေါသထွက်ပြီး သူ့ကိုဆူပါလေရော။ နောက်ပြီးမှတ်မှတ်ရရ Cow “နွား”လို့ ဆရာမက သင်ပေးတဲ့အချိန်မှာ ဒါဆို နွားထီးကိုရော အင်္ဂလိပ်လို ဘယ်လိုပြောရလဲ’ လို့ ကျောင်းသားတစ်ယောက်က မေးတော့ ‘အဲဒါသိဖို့ မလိုပါဘူးသားရယ်။နွား ဆိုအတူတူပဲပေါ့။ အခုသင်တာကိုသာ သေချာလိုက်မှတ်’ လို့ ဆရာမက ဖြေလိုက်တာကို အဲဒီကျောင်းသားကိုယ်တိုင်ရော၊ ကျွန်မတို့ တခြား ကျောင်းသား ကျောင်းသူတွေကိုယ်တိုင်ပါ စိတ်ထဲဘ၀င်မကျစွာနဲ့ ဘာမှဆက်မပြောဘဲ နေခဲ့ရတယ်။

စာသင်ခန်းထဲမှာ သမိုင်းဘာသာရပ် တစ်ခုသင်တဲ့အခါမှာ အကြောင်းအရာတစ်ခုကို သင်တဲ့အခါမှာ စာကို နှုတ်တိုက်ရွတ်ဖတ်ပြရုံနဲ့ စိတ်ဝင်စားစရာ မကောင်းပါဘူး။ အကျိုး အကြောင်း ဆက်စပ်ရှင်းပြပြီး စိတ်ဝင်စားလာအောင် ပြောဆိုသင်ပြတတ်ဖို့လည်း အရေးကြီးပါတယ်။ အပြန်အလှန် မေးခွန်းတွေ မေးမြန်းတာမျိုး၊ ကလေးတွေ သူတို့ကိုယ်တိုင် ဆက်စပ်စဉ်းစား တွေးခေါ်တတ်အောင်၊ မေးခွန်းတွေ ပြန်လည်မေးမြန်းတတ်အောင်၊ သူတို့ကို မေးတဲ့အခါမှာလည်း သူတို့ရဲ့စဉ်းစားတွေးခေါ်မှု စွမ်းရည်ပေါ်မူတည်ပြီး ဖြေဆိုတတ်အောင် လုပ်ဆောင်ပေးနိုင်ဖို့ အရေးကြီးပါတယ်။

တခြားသော ပြည်ပတိုင်းပြည်တွေမှာတော့ အဲဒီလို ကျောင်းသားကျောင်းသူကိုယ်တိုင် စဉ်းစားတွေးခေါ်မှု အပေါ် အခြေခံပြီး သင်ကြားပေးပေမယ့် ကျွန်မတို့ဆီမှာတော့ စဉ်းစားတွေးခေါ်မှုမပါတဲ့ စာသက်သက် သင်ကြားမှုမျိုးကိုပဲ သင်ယူခဲ့ကြရတဲ့အတွက် ကျွန်မတို့တွေ အရွယ်ရောက်တဲ့အထိ အဲဒီလိုစဉ်းစား တွေးခေါ်မှုနဲ့ပတ်သက်ပြီး တခြား တိုင်းပြည်ကလူတွေနဲ့ ယှဉ်တဲ့အခါ အင်မတန်မှ အားနည်းတာကိုလည်း တွေ့မြင်ရပါတယ်။ တချို့သော ကိုယ်တိုင်လေ့လာစူးစမ်း၊ စာတွေဖတ်ပြီး ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်မှုစွမ်းရည်ကို ကိုယ်တိုင်ပျိုးထောင်ယူတဲ့သူ တချို့ကလွဲရင် ကိုယ့်ကို အဲဒီလို ပျိုးထောင်သင်ကြားပေးမယ့် လမ်းညွှန်ပေးမယ့် ပတ်ဝန်းကျင်ကောင်းတဲ့ မတွေ့ခဲ့ရတဲ့ လူတော်တော်များများကတော့ စဉ်းစားတွေးခေါ်မှု အပိုင်းမှာ အင်မတန် အားနည်းတဲ့သူ ဖြစ်လာခဲ့ရပါတယ်။ အဲဒါတွေရဲ့ အကျိုးဆက်ကတော့ အခုနောက်ပိုင်းလို နည်းပညာတွေ တိုးတက်လာတဲ့အချိန်မှာ အွန်လိုင်းလို ဆိုရှယ်မီဒီယာတွေမှာတောင် မဖြစ်သင့်တဲ့ ပြဿနာတွေ ဖြစ်လာရပါတယ်။ အကြောင်း အရာ တစ်ခုတက်လာရင်တောင် ဒါဟာတကယ်ပဲဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစားမနေဘဲ သူများမိုးခါးရေသောက်တိုင်း လိုက်သောက်မယ်၊ ပြောမယ်ဆိုမယ်၊ အလွယ်တကူ ကွန်မန့်တွေ ၀င်ရေးမယ်၊ Share မယ်၊ ဆဲဆိုမယ် ဆိုတာမျိုး တွေဖြစ်လာပါတယ်။ ဒါကို Share ရင် ပိုက်ဆံတွေ ဘယ်လိုဝင်မယ်ပြောလည်း ယုံပြီး Share လိုက်တာပဲ၊ သူများက ဒါတကယ်၊ ဒါအမှန်လို့ ပြောတာနဲ့ ကိုယ်တိုင်စဉ်းစားတွေးခေါ် ဆင်ခြင်သုံးသပ်မနေတော့ဘဲ အလွယ်တကူ ယုံကြည်လိုက်တာပဲ။ စဉ်းစားတွေးခေါ်မှု မရှိတဲ့အခါ မလုပ်သင့်တာတွေလုပ်မိ၊ ပြောမိတတ်ကြပါတယ်။ အခုနောက်ပိုင်း မှုခင်းဖြစ်ရပ်တွေ ပိုများလာတယ်၊ လူကုန်ကူးခံရတာမျိုး ဖြစ်လာတယ်၊ ပြဿနာတစ်ခုခု ဖြစ်လာရင် အုံနဲ့ကျင်းနဲ့ ဆဲဆိုကြမယ် အော်ဟစ်ကြမယ် ဆိုတာမျိုးတွေ၊ လက်နက်တွေနဲ့ တိုက်ခိုက်ကြမယ်၊ လူသတ်ဖို့တောင် ၀န်မလေးတော့ဘူး ဖြစ်နေကြတာတွေက လူသားပီပီ စဉ်းစားတွေးခေါ်မှုတွေ မရှိလို့ ဖြစ်လာကြတာတွေပါပဲ။ သက်ရှိသတ္တ၀ါတွေထဲမှာ လူတွေက အသိဥာဏ်အမြင့်ဆုံး သတ္တ၀ါတွေပါပဲ။ ဒီလိုအသိ ဥာဏ်မြင့်မားမှုကို ပိုင်ဆိုင်ထားတဲ့လူတွေက တိရစ္ဆာန်တွေလောက်တောင် စဉ်းစားတွေး ခေါ်မှုမရှိရင် တိရစ္ဆာန်နဲ့ ဘာမှမခြားတော့ပါဘူး။ အဲဒီတော့ ကျွန်မတို့ကိုယ်တိုင်လည်း စဉ်းစားတွေးခေါ်တတ်တဲ့ အသိဥာဏ်ရှိဖို့အတွက် ကိုယ်တိုင်လေ့လာ သင်ယူသင့်သလို၊ ကျွန်မတို့ရဲ့ နောက်မျိုးဆက်တွေအတွက်လည်း ငယ်စဉ်ကတည်းက စဉ်းစားတွေးခေါ်တတ်တဲ့ အလေ့အကျင့်တွေ ပျိုးထောင်ပေးနိုင်မယ့် ပတ်ဝန်းကျင်တွေရှိနေဖို့လည်း ဖန်တီးပေးသင့်ပါတယ်။

ကျွန်မတို့ရဲ့ အုပ်ထိန်းသူတွေ၊ မိဘဆရာတွေက ကျွန်မတို့အတွက် စဉ်းစားတွေးခေါ်မှုကိုသာ သင်ကြားပေးနိုင်မယ်ဆိုရင် ကျန်တဲ့အရာအားလုံးကို သင်ကြားဖို့ဆိုတာ ဘာမှမခက်တော့ပါဘူး။ စဉ်းစားတွေးခေါ် တတ်ခြင်းက အင်မတန်မှ အရေးကြီးပါတယ်။ စာအုပ်တစ်အုပ်ကို ဖတ်ရင်တောင် ဖတ်ရုံသက်သက်ဖတ်လိုက်ရင် ကျွန်မတို့အတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ပါဘူး။ စာကိုဖတ်ပြီး စဉ်းစားတွေးခေါ်တတ်မှသာ အဲဒီစာရဲ့ အနှစ်သာရကို နားလည်သဘောပေါက်ပြီး ကျွန်မတို့အတွက် အကျိုးရှိတဲ့၊ အသုံးဝင်တဲ့စာတွေ ဖြစ်လာစေမှာပါ။ ဒါကြောင့် ကျွန်မတို့အတွက် စဉ်းစားတွေးခေါ်မှု ပညာကို ငယ်စဉ်ကတည်းက သင်ယူခွင့်မရခဲ့ရင်လည်း အပြစ်တင်မနေတော့ဘဲ ဒီစဉ်းစားတွေးခေါ်မှုဟာ ဘ၀မှာ ဘယ်လောက်ထိ အရေးပါလဲဆိုတာကို သိတဲ့အချိန်ကစပြီး အားလုံးပဲ စဉ်းစားတွေးခေါ်တတ်ခြင်းကို ပျိုးထောင်ပါ၊ ရှင်သန်အောင် မွေးမြူကြပါဆိုတာ ပြောကြားရင်း...။
Writer:
သဲသီရိကျော်

No comments:

Post a Comment