Thursday, November 24, 2016

ဘင်္ဂါလီ အကြမ်းဖက်သမားများ ဆက်လက် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက် လုပ်ရပ်များသည် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော် အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေ၍ ချေမှုန်းပေးနိုင်ရေး လိုအပ်သော အစီအမံ ချမှတ်ဆောင်ရွက်ပေးရန် အရေးကြီးအဆို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခွင့်မရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းရှိ နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်နှင့် ရဲကင်းစခန်းများအား တစ်ပြိုင်နက် ၀င်ရောက်အကြမ်းဖက်စီးနင်းခဲ့ကြသော ဘင်္ဂါလီ အကြမ်းဖက်သမားများ ဆက်လက်ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များသည် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော် အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေသည့်အတွက် ထိုအကြမ်းဖက်လုပ်ရပ်များအား လုံးဝချုပ်ငြိမ်းသွားသည်အထိ အမြစ်ပြတ် ချေမှုန်းပေးနိုင်ရေးအတွက် လိုအပ်သောအစီအမံ ချမှတ်ဆောင်ရွက်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခွင့် မရခဲ့ကြောင်း ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။



အဆိုပါ အရေးကြီးအဆိုကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က နိုဝင်ဘာ ၂၂ ရက် တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ထံတင်ပြခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်တွင် အဆိုနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ ဆောင်ရွက်နေပြီ ဖြစ်သောကြောင့်ဟုဆိုကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လက်မခံခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဦးဘရှိန်က ပြောကြားသည်။


“အဆိုကိုပယ်တာက ဥက္ကဋ္ဌအကြောင်းပြတာက အစိုးရကလုပ်နေတဲ့ အလုပ်တွေဖြစ်လို့တဲ့။ အစိုးရလုပ်နေတာတို့မြင်တာက တပ်မတော်က စစ်ဆင်ရေးတွေ၊ စစ်ကြောင်းတွေ ဆင်းပြီးလုပ်တယ်။ အဲဒီလောက်ပဲသိတယ်။ အခုလုပ်နေတာက အကြမ်းဖက်လုပ်ရပ်တွေကို စစ်ရေးလုပ်နေတာက တပ်မတော်ကလုပ်နေတာ။ အဲဒီလို အကြမ်းဖက်လုပ်ရပ်တွေကို အမြစ်ပြတ် ချေမှုန်းဖို့အတွက် နိုင်ငံတော်အစိုးရက အစီအမံတွေ ချပြီးတော့လုပ်ဖို့ လိုအပ်တယ်လို့ အဆိုမှာ အဲဒီလိုတင်ပြတာ။ အဲဒါတွေကို နားထောင်စေချင်တာ” ဟု ဦးဘရှိန်က ပြောကြားသည်။

အရေးကြီးအဆိုကို လွှတ်တော်မှ လုံးဝမပယ်သင့်သည့် အဆိုဖြစ်ကြောင်း၊ ယင်းအဆိုကို လူမျိုး၊ ဘာသာအမုန်းတရားနှင့် တင်ခြင်းမဟုတ်ကြောင်း၊ ပြည်ထောင်စု၏ အကျိုးစီးပွားအတွက်၊ နိုင်ငံ၏ အချုပ်အခြာအာဏာအတွက် တင်ပြခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်သူများ လက်တွေ့ခံစားနေရသည့် ပြဿနာဖြစ်သည့်အပြင် လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာ သည် ရခိုင်လူမျိုးတစ်မျိုးတည်း၏ ပြဿနာ မဟုတ်ဘဲ ဖွံ့ဖြိုးစ ဒီမိုကရေစီနိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်ကို ပြည်သူများသိရှိစေလိုခြင်းကြောင့် လွှတ်တော်ကို အားကိုး၍ တင်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့လွှတ်တော် ကိုယ်စားလှယ်များသည် ရခိုင်ပြည်သူများကို ကိုယ်စားပြုသူများဖြစ်ပြီး နယ်မြေဒေသအကြောင်းကို အသိဆုံးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်ခြင်းဖြစ်ကြောင်းနှင့် ဒေသတစ်ခု ဖွံ့ဖြိုးရေးအတွက် တင်သွင်းသည့် မေးခွန်းမျှသာဖြစ်ရမည့် အခြားအဆိုများကမူ တင်သွင်းခွင့်ရရှိခဲ့ပြီး ယခုပြည်ထောင်စု တစ်ခုလုံးနှင့် သက်ဆိုင်သည့်အဆိုမှာ လွှတ်တော်တွင်း ဆွေးနွေးခွင့်မရခြင်းသည် တစ်ခုခုလွဲမှားနေကြောင်း ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်များက ပြောကြားသည်။

“ဒုတိယအကြိမ်လွှတ်တော်ရဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ ကျွန်တော်မှတ်မိသလောက် အဆိုက ၁၅ ခုလောက်တင်တယ်။ ၁၅ ခုလောက်ကို ရက်ပေါင်း ၃၃ ရက်လောက် ဆွေးနွေးခဲ့ကြတယ်။ အကုန်လုံးလိုလို မှတ်တမ်းတင်ဖို့ပဲ ဖြစ်သွားတယ်။ ကျွန်တော်မှတ်မိသလောက်ဆိုရင် ရန်ကုန်ဆေးရုံကြီးဆောက်တာနဲ့ ဒဂုံဆိပ်ကမ်း။ တစ်ဖက်ပါတီက လုပ်ခဲ့တာမို့လို့ အဲဒါကြောင့် ဖျက်သိမ်းဖို့ အတည်ပြုခဲ့တယ်။ ကျန်တာတွေက မေးခွန်းလည်း ဖြစ်သင့်တယ်။ သိပ်ပြီးတော့လည်း အရေးမပါဘူး။ အရေးမပါဘူးဆိုတာက အဆိုတစ်ခု တင်လာကတည်းက ဒါအစိုးရကလုပ်နေပါပြီလို့ ပြောဖို့ကို ၀န်ကြီးတွေမှာ အဆင်သင့်ပါလာပြီးသား။ အဲဒါတွေကို သိလျက်သားနဲ့ကို လွှတ်တော်ဥက္ကဋ္ဌက တင်ပေးခဲ့တယ်။ အဲဒါတွေက အကုန်လုံး မှတ်တမ်းတင်ပြီးတော့ ပြည်သူ့ဘဏ္ဍာတွေ၊ ပိုက်ဆံတွေ အများကြီးဆုံးရှုံးတယ်။ ၃၃ ရက်လုံးလုံး လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြတယ်။ အဲဒါမျိုးကျတော့ တကယ်တမ်းကျတော့ အဆိုတစ်ခုကို တကယ်တမ်းကျတော့ အစိုးရကလုပ်မယ်။ လုပ်နေပါတယ်လို့ပြောမှာ သေချာတဲ့ အဆိုမျိုးကို တင်ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကျေနပ်တယ်။ အဖြေရတယ်။ အစိုးရကလုပ်ပါမယ်ဆိုတဲ့ ကတိရတယ်။ အခုကျွန်တော်တို့ တင်သွင်းတဲ့အဆိုက အများကြီး ကျယ်ပြန့်တယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့လည်း ဆိုင်တယ်။ ပြီးတော့ တပ်ကတစ်ခုတည်း လုပ်လို့ရတာမဟုတ်ဘူး။ ဒေသခံတွေ ကြောက်လန့်နေကြတယ်။ သူတို့အဲဒီဒေသကို စွန့်ခွာပြီးတော့ ပြေးတော့မယ်။ အဲဒါကိုလည်း အစိုးရမှာ တာဝန်ရှိတယ်။ အဲဒီဒေသမှာ လူဦးရေဟာ မွတ်စလင်တွေက ၉၇ ရာခိုင်နှုန်းလောက် ရှိတယ်။ တိုင်းရင်းသား သုံးရာခိုင်နှုန်းပဲ။ အဲဒါတွေကို ဘယ်လိုလုပ်မလဲ။ ဒီဒေသ အချုပ်အခြာအာဏာ မကျဆုံးစေရေးအတွက် အစိုးရက ဘယ်လိုရေတို ရေရှည်စီမံကိန်းလုပ်မလဲ။ အဲဒါတွေကို ဘက်ပေါင်းစုံက သုံးသပ်ဖို့အတွက် အစိုးရ၀န်ကြီးဌာနတွေ အကုန်လုံး ဒီမှာလာပြီးတော့ အဖြေပေးရမှာ။ အဲဒါမှာ ကတိလည်းဖြစ်မယ်။ ကျွန်တော်တို့ အဖြေလည်းရမယ်။ ဒါနိုင်ငံရဲ့အချုပ်အခြာအာဏာ၊ တစ်နည်းအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ မခံဖူးသေးတဲ့ အကြမ်းဖက်မှုဆိုတဲ့ စကားကို တပ်ကလည်းသုံးပြီ။ အစိုးရကလည်းသုံးပြီ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သုံးပြီ။ ဒါအကြမ်းဖက်မှု၊ သမားရိုးကျစစ်ပွဲ မဟုတ်ဘူး။ တကယ်အကြမ်းဖက်မှုနဲ့ ရင်ဆိုင်လိုက်ရတဲ့ ဒီ Issue တစ်ခုအပေါ်မှာ ကျွန်တော်တို့က ဆွေးနွေးခွင့်မရဘူး။ ၀န်ကြီးဌာနက လုပ်နေပါပြီ။ လုပ်နေပါပြီဆိုတာ စစ်တပ်က တိုက်နေတာပဲ ကျွန်တော်တို့မြင်တယ်။ တခြားကယ်ဆယ်ရေးတို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ စစ်ဆေးမှာတို့။ အဲဒီနေရာတွေကို တပ်က၀င်လို့တောင် မရဘူး။ အဲဒီလိုစီမံချက်တွေ အများကြီး ရှိသေးတယ်။ အဲဒါတွေကို ဘယ်လိုလုပ်မယ်ဆိုတာ အစိုးရက တစ်စွန်းတစ်စမှ မပြောသေးဘူး။ အဲဒီအချိန်မှာ လွှတ်တော်ဥက္ကဋ္ဌက လုပ်နေပါပြီလို့ ပိတ်ပင်တာ လုံးဝသဘာဝမကျဘူး” ဟု ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

ထို့အတူ ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက “လွှတ်တော်ဟာ အစိုးရကို ကာဗာပေးစရာမလိုဘူး။ အစိုးရ လုပ်တယ်မလုပ်ဘူးဆိုတာ လွှတ်တော်နဲ့မဆိုင်ဘူး။ ကျွန်တော်တို့က လွှတ်တော်ကတစ်ဆင့် အစိုးရကိုတင်ပြမှာ။ ကျွန်တော်တို့က ပြည်သူ့အသံကို လွှတ်တော်မှာ တင်ပြတာ။ ပိတ်ပင်တယ်ဆိုတာ ကျွန်တော်တို့ တစ်ဦးချင်းလည်း ပိတ်ပင်ခံရတာဖြစ်တယ်။ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒတွေ ကိုယ်စားပြုတဲ့ အသံကိုပိတ်ပင်ခံရတာလည်း ဖြစ်တယ်။ ပြည်ထောင်စု တစ်ခုလုံးရဲ့ အရေးအတွက် ပြောဆိုတဲ့ အကြံပေးတာကိုလည်း ပိတ်ပင်တာဖြစ်တယ်။ ဒီအဆိုအပေါ် ပိတ်ပင်မှုဟာ တရားမျှတမှုမရှိဘူးလို့ ကျွန်တော်တို့ခံစားရတယ်” ဟုပြောကြားသည်။

လွှတ်တော်အနေဖြင့် အစိုးရကို Check and Balance လုပ်ရမည်ဖြစ်ကြောင်း၊ အစိုးရကို တာဝန်ရှိရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တာဝန်မယူနိုင်ပါက တာဝန်ယူရန် လွှတ်တော်တွင် ဆွေးနွေးရမည်ဖြစ်ပြီး ပြည်သူများ သိရှိအောင်လုပ်ရမည် ဖြစ်ကြောင်း၊ ထိုအဆင့်ကို မရောက်ဘဲ အစိုးရက လုပ်နေပါသည်ဟု လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ပြောဆိုခြင်းသည် လွှတ်တော်ကိုယ်စားလှယ် အခွင့်အရေး ဆုံးရှုံးကြောင်းနှင့် ပြည်သူများ၏ အကျိုးစီးပွား နစ်နာကြောင်း၊ ယခုကဲ့သို့ ပိတ်ပင်ခြင်းသည် ဥက္ကဋ္ဌအနေဖြင့် လုပ်ပိုင်ခွင့်ဖြစ်သော်လည်း ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် သဘာဝမကျကြောင်း၊ အစိုးရ၏ လုပ်ဆောင်မည့် အစီအမံများကို ရခိုင်ပြည်သူများအနေဖြင့် သိလိုကြောင်း ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်များက ဝေဖန်ပြောကြားသည်။

“အန်တီတို့က ဒီအဆိုကို လွှတ်တော်ထဲမှာ ဆွေးနွေးခွင့်ကိုပဲ လိုချင်ပါတယ်။ ဒီအဆိုကို မှတ်တမ်းတင်သည်ဖြစ်စေ၊ ပယ်ချသည်ဖြစ်စေ ဒီအဆိုဟာ အန်တီတို့ ရခိုင်ပြည်နယ်အတွက်ရော တစ်မျိုးသားလုံးအတွက် အင်မတန် အရေးကြီးတဲ့အဆို ဖြစ်နေတယ်။ ဒါကို လွှတ်တော်ကိုယ်စားလှယ်တွေ အသီးသီး သူ့အမြင် ကိုယ့်အမြင်နဲ့ ဆွေးနွေးခဲ့သည်ရှိသော် အန်တီတို့အနေနဲ့ တော်တော်လေး ၀မ်းသာရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မောင်တော၊ ဘူးသီးတောင်ကိစ္စကို မသိသေးတဲ့သူတွေလည်း ရှိတယ်။ နောက်တစ်ခါ အ၀င်ဝမှာ ဆိုင်းဘုတ်အကြီးကြီး ထောင်ထားတယ်။ လွှတ်တော်အသံ ပြည်သူ့အသံ၊ လွှတ်တော်ဆန္ဒ ပြည်သူ့ဆန္ဒ၊ ပြည်သူတွေရဲ့လိုအပ်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတဲ့ စကားလုံးတွေနဲ့ အန်တီတို့တစ်တွေဟာ ပြည်သူတွေရဲ့မဲတွေနဲ့ လွှတ်တော်အတွင်းမှာ ပြည်သူတွေရဲ့ကိုယ်စား ပြောပြဖို့ဝင်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ဖြစ်နေတယ်။ ဒီအခွင့်အရေးကို ပိတ်ပင်သလို ဖြစ်နေပါတယ်။ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ လုပ်ပိုင်ခွင့်ရှိသလို အန်တီတို့ရဲ့ လုပ်ပိုင်ခွင့်ကို လွှတ်တော်က အသိအမှတ်ပြုရမှာပါလို့ တင်ပြချင်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

လက်ရှိဖြစ်စဉ်တွင် တပ်မတော်အနေဖြင့် ပြဿနာကြီးတစ်ရပ်ကို ရင်ဆိုင်နေရသည့် အချိန်တွင် မိမိတို့အနေဖြင့် တပ်မတော်၊ အစိုးရတို့ကို ၀န်းရံမည်ဖြစ်ကြောင်း၊ ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ လော်ဘီများသည် ကမ္ဘာတွင် အားကြီးနေသဖြင့် တုံ့ပြန်နိုင်စွမ်း အားနည်းနေသည့်အပေါ် လွှတ်တော်ထဲတွင် ဘက်ပေါင်းစုံမှ ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဥက္ကဋ္ဌ၏ ပိတ်ပင်ခြင်းကို ခံလိုက်ရကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

ထို့အတူ နိုဝင်ဘာ ၂၁ ရက်က အမျိုးသားလွှတ်တော်တွင်လည်း ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံး အန္တရာယ်ကင်းဝေးပြီး စားဝတ်နေရေး အဆင်ပြေစွာ ဘ၀လုံလုံခြုံခြုံ ရပ်တည်နိုင်ရေး၊ အကြမ်းဖက်သမားများ ကျူးကျော်သူများ နောက်ထပ်မကျူးကျော်နိုင်ရေး စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခွင့် မရရှိခဲ့ကြောင်း အဆိုတင်သွင်းသူ ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောကြားသည်။            
Writer:
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

No comments:

Post a Comment