Wednesday, November 23, 2016

မူဆယ်ဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် မန္တလေး-မူဆယ် ကုန်စည်စီးဆင်းမှု အ၀င်အထွက် ရပ်နားနေ

မူဆယ်ဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် မန္တလေး-မူဆယ် ကုန်စည်စီးဆင်းမှု အ၀င်အထွက် ရပ်နားနေရကြောင်း မန္တလေးမြို့ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းက သိရသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် နိုဝင်ဘာ ၂၀ ရက် နံနက် ၂ နာရီခန့်မှ စ၍ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် မန္တလေး-မူဆယ် ပြေးဆွဲနေသည့် ကုန်တင်ယာဉ်များ ၂၀ ရက်မှ စတင်ပြီး လုံးဝရပ်နားထားကြောင်း သိရသည်။ “လမ်းကြောင်း အခြေအနေအရ မူဆယ်ဘက်ကို ကုန်တင်မပို့နိုင်ဘူး ဖြစ်နေတယ်။ ကုန်တင်ယာဉ်တွေ လုံးဝ ရပ်နားထားရတယ်။ နောင်ချို၊ ကျောက်မဲ၊ သီပေါတို့ဘက်မှာတင် ပိတ်မိနေတဲ့ ကားတွေ အများကြီးပဲ။ ကွတ်ခိုင်ကို မကျော်နိုင်ဘဲ ပိတ်မိနေတဲ့ ကားတွေလည်း ရှိသေးတယ်။ နောက်ပြီး မူဆယ်ဘက်ကနေ ဒီဘက်ကို လာတဲ့ ကုန်တင်ယာဉ်တွေလည်း ပိတ်မိနေသေးတယ်။ ပြောရမယ်ဆိုရင် ပိတ်မိနေတဲ့ ကုန်တင်ယာဉ် အရေအတွက်ဟာ အများကြီးပါပဲ။ မှန်းလို့ မရဘူး ဖြစ်နေတယ်” ဟု မန္တလေးမြို့ ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ် ရပ်နားစခန်းမှ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောကြားသည်။



ယခု ဖြစ်ပွားနေသော စစ်ပွဲများမှာ မည်မျှ ကြန့်ကြာနိုင်မည်ကို မခန့်မှန်းနိုင်သေးသောကြောင့် အဆိုပါ ရပ်နားထားသော ကုန်တင်ယာဉ်များ၊ ကုန်စည်စီးဆင်းမှုများ မည်သည့် အချိန်တွင် ပြန်လည် လည်ပတ်နိုင်မည်ကို မသိသေးကြောင်း၊ အခြေအနေပေါ် မူတည်၍ ရက်များ ကြန့်ကြာသွားပါက ကုန်သည်များ၊ ကုန်တင်ယာဉ်မောင်းများ အလုပ်အကိုင်၊ စားဝတ်နေရေး စသည့် အခက်အခဲများ ကြုံတွေ့လာနိုင်ပြီး ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း၊ ယခုကဲ့သို့ ယာဉ်ကြောပိတ်ဆို့ ရပ်နားထားရမှုများ၊ ကုန်စည်စီးဆင်းမှု ရပ်တန့်ထားရမှုများ ယခင်က မကြုံဘူးခဲ့ကြောင်း ဆက်လက်ပြောကြားသည်။

မန္တလေးမြို့ စွယ်တော်ကားကြီးဝင်းမှ မူဆယ်မြို့သို့ ဆန်၊ သကြား၊ ပြောင်း စသည့် ကုန်ပစ္စည်းများ အဓိက ပို့ဆောင်နေလျက်ရှိပြီး မူဆယ်မြို့မှ လူသုံးကုန် ပစ္စည်းများ အဓိက ၀င်ရောက်လျက် ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ကုန်တင်ယာဉ်များ မန္တလေး-မူဆယ် လမ်းတစ်လျှောက်တွင် ပိတ်ဆို့နေမှုကြောင့် အချို့သော ကုန်တင်ယာဉ်မောင်းများ အခက်အခဲများဖြင့် တွေ့ကြုံနေလျက်ရှိပြီး မန္တလေးဘက်သို့ လမ်းကြောင်းပြန်လှည့်ဖို့ရန် အတွက်လည်း ကုန်သည်များနှင့် ညှိနှိုင်းရမည်ဖြစ်ကြောင်း သိရသည်။ အချို့သော ကုန်တင်ယာဉ်များ လမ်းကြောင်းပြန်လှည့်ရန် စီစဉ်လျက် ရှိသော်လည်း အချို့မှာ အခြေအနေကောင်း၍ လမ်းကြောင်း ပြန်ပွင့်မည့် အချိန်ကို စောင့်စားနေကြကြောင်း သိရသည်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင်လည်း ကုန်စည်ကူးသန်းမှုများ မရှိသေးဘဲ ကုန်စည်တင်ပို့သည့် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ် အချို့လည်း မူဆယ်မြို့သို့ သွားရောက်နေကြပြီဖြစ်ကြောင်း၊ ပစ်ခတ်မှုများ မဖြစ်ခင် ရောက်နှင့်နေသော ဖရဲသီးကားများမှာ တရုတ်နယ်စပ် ကျိန်စမ်းကျော့ဘက်တွင် သွားရောက် အရောင်းအ၀ယ် ပြုလုပ်နေရကြောင်း သိရသည်။

မန္တလေး-မူဆယ် ကုန်းလမ်းမှ ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းသည် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ အဓိကကျသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး ယခုကဲ့သို့ စစ်ပွဲများ ဖြစ်ပွားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် များစွာအကျိုးသက်ရောက်မှုများ ရှိလာနိုင်ကြောင်း သိရှိရသည်။
Writer:
ဟေမာန်ဦး

No comments:

Post a Comment