Friday, November 18, 2016

စစ်ကိုင်းမြို့နယ် ခိုတောင်ကျေးရွာအနီး တွေ့ရှိရသည့် ကိုယ်ဝန်ဆောင် ဧရာဝတီလင်းပိုင်သေ၏ အရိုးစုအား လေ့လာနိုင်ရန် မန္တလေးသို့ သယ်ဆောင်သိမ်းဆည်း

 စစ်ကိုင်းမြို့နယ် ခိုတောင်ကျေးရွာ အောက်ဘက် မြစ်ရေပြင်တွင် တွေ့ရှိရသည့် ကိုယ်ဝန်ဆောင် ဧရာဝတီ လင်းပိုင်သေ၏ အရိုးစုအား နှောင်းလူတို့ လေ့လာနိုင်ရန် မန္တလေးသို့ သယ်ဆောင်သိမ်းဆည်းခဲ့ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အဖွဲ့ထံမှ သိရသည်။ ကိုယ်ဝန်ဆောင် ဧရာဝတီလင်းပိုင်သေ တစ်ကောင်ကို နိုဝင်ဘာ ၁၃ ရက်က တွေ့ရှိ၍ ဒေသခံ ရေလုပ်သားများက ဆယ်ယူကာ လင်းပိုင်ထိန်းသိမ်ရေး အဖွဲ့သို့ အသိပေးအ ကြောင်းကြားလာသည့်အတွက် နိုဝင်ဘာ ၁၄ ရက်က ထိန်းသိမ်းရေး အဖွဲ့ဝင်များ သွားရောက်ပြီး လင်းပိုင်သေ၏ ပြင်ပရုပ်ပိုင်းဆိုင်ရာ လေ့လာတိုင်းတာမှုများ၊ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းများအား ခွဲစိတ်စစ်ဆေး ဆောင်ရွက်ခြင်းတို့ ပြုလုပ်ခဲ့ရာ လင်းပိုင်းသေ၏ ၀မ်းဗိုက်အတွင်း သားပေါက်ငယ်အသေ တစ်ကောင်ပါရှိကြောင်း သိရသည်။



အဆိုပါ လင်းပိုင်သေအား မျိုးဆက်သစ်များနှင့် လင်းပိုင်၏ ခန္ဓာဗေဒဖွဲ့စည်းပုံ လေ့လာချင်သူများ ဆက်လက် လေ့လာမှုပြုလုပ်နိုင်ရန် ရည်ရွယ်၍ လင်းပိုင်အရိုးငြမ်း အဖွဲ့အစည်း ရရှိနိုင်ရေးအတွက် သရက်ကုန်း ငါးလုပ်ငန်းစခန်းသို့ နိုဝင်ဘာ ၁၄ ရက်က သယ်ယူသိမ်းဆည်းခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် လင်းပိုင်၏ ခန္ဓာကိုယ်အလျားမှာ ခုနစ်ပေနှစ်လက်မနှင့် ခန္ဓာကိုယ်လုံးပတ်လေးပေ၊ ၁၀ လက်မရှိပြီး သွားများပြည့်စုံပြီး ကောင်းစွာဖွံ့ဖြိုးဆဲ တွေ့ရှိရခြင်းကြောင့် သက်လတ်အဆင့် အရွယ်အစား ဖြစ်ကာ အသက်အားဖြင့် ၂၀ နှစ်အထက်သို့ ရောက်ရှိနေကြောင်း ထိန်းသိမ်းရေးအဖွဲ့က ခန့်မှန်းထားသည်။ ယခု သေဆုံးခဲ့သည့် လင်းပိုင်မှာ ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ် သေဆုံးခဲ့သည့် လင်းပိုင်ဖြစ်ကြာင်း၊ ယခုနှစ် ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်ကလည်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း မင်းကွန်း - ကျောက်မြောင်းကြား မြစ်ရေပြင်တွင် ခန္ဓာကိုယ် အလျားခြောက်ပေ ခုနစ်လက်မရှိသော လင်းပိုင်အထီးတစ်ကောင် သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လင်းပိုင်သေဆုံးမှုနှင့် ပတ်သက်၍  ဒေသခံများက ဘက်ထရီရှော့တိုက် ငါးဖမ်းဆောင်ရွက်သူများကြောင့် သေဆုံးမှုဖြစ်နိုင်ကြောင်း သုံးသပ်ကြပြီး သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society - WCS) မှ ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုအပြင် မြစ်ရေအရည်အသွေး ကျဆင်းလာမှုကြောင့် သားလျှောသေဆုံးမှု ဖြစ်နိုင်ကြောင်း သုံးသပ် ထားရှိသည်။

ဧရာဝတီလင်းပိုင်များသည် ရှေးနှစ်ပေါင်းများစွာ ကတည်းက ဧရာဝတီမြစ်အတွင်း ရှင်သန်ကျက်စားလျက် ရှိခဲ့ရာမှ ယခုအခါ မျိုးသုဉ်းလုနီးပါး အဆင့်ရှိနေသည့်အတွက် ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်း သိမ်းရေးအဖွဲ့ (Wildlife Conservation Society - WCS) တို့ ပူးပေါင်း၍ ၂၀၀၂ ခုနှစ်မှ စတင်ကာ နှစ်စဉ်လေ့လာမှုများ ဆောင်ရွက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် မန္တလေးမြို့မှ ကျောက်မြောင်းမြို့အကြား မြစ်အစိတ်အပိုင်းကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြပြီး နှစ်စဉ်ထိန်းသိမ်းရေး ဧရိယာအတွင်း တစ်လနှစ်ကြိမ် သုတေသနပြု လေ့လာရေး၊ ပညာပေး လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလ လေ့လာရေး စာရင်းဇယားများအရ မန္တလေးမှ ဗန်းမော်မြို့အထိ ဧရာဝတီမြစ်အတွင်း လင်းပိုင်ကောင်ရေ စုစုပေါင်း ၆၅ ကောင်ရှိခဲ့ရာမှ သြဂုတ်လအတွင်း သေဆုံးခဲ့သော လင်းပိုင်တစ်ကောင်နှင့် ယခု လင်းပိုင်တစ်ကောင် သေဆုံးမှုကြောင့် စုစုပေါင်း ၆၃ ကောင်သာ ကျန်ရှိနိုင်ကြောင်း၊ မန္တလေး - မင်းကွန်းမှ ကျောက် မြောင်းမြို့အကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း ယခင် ၂၅ ကောင်ရှိခဲ့ရာမှ ယခုအခါ ၂၃ ကောင်သာ ကျန်ရှိနိုင်တော့ကြောင်း သိရသည်။


Writer:
အောင်သူ

No comments:

Post a Comment