Friday, November 18, 2016

ထိုင်းနိုင်ငံအလံ အရောင်များရှိသည့် တိုက်ငါးတကောင် စံချိန်တင်ဈေးဖြင့် လေလံအောင်

ထိုင်းနိုင်ငံအလံပါ အရောင်တွေရှိတဲ့ တိုက်ငါးတကောင်ကို အွန်လိုင်းမှတဆင့် လေလံတင်ရောင်းချခဲ့ရာမှာ စံချိန်တင်ဈေးနှုန်းတခုနဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ ခုရောင်းချခဲ့တဲ့ ဈေးနှုန်းဟာ ဘတ်ငွေ ၅၃,၅၀၀ (အမေရိကန်ဒေါ်လာ ၁,၅၃၀) ဖြစ်ပြီး ဒါဟာ ရောင်းချခဲ့သမျှထဲမှာ အမြင့်ဆုံးဈေးနှုန်းတခုဖြစ်တယ်လို့ အေပီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဆိုပါတိုက်ငါးရဲ့အရောင်ဟာ ထိုင်းနိုင်ငံအလံထဲမှာပါရှိတဲ့ အရောင်တွေအတိုင်း အပြာရောင်၊ အနီရောင်နဲ့ အဖြူရောင် အလျားလိုက်အစင်းတွေပုံစံနဲ့ ပါရှိနေတာပါ။ ဖိုက်တာငါးလို့သိကြတဲ့ ဒီငါးကို ပိုင်ရှင်ဖြစ်သူ ကာချန်ဝေါ်ရာချိုင်က ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ငါးလေလံရောင်းဝယ်ရေးအုပ်စု (Betta Fish Auction Group) မှတဆင့် မျှဝေခဲ့ချိန်မှာ စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။



သူ့အနေနဲ့ အစကတော့ ဒီငါးကို ၀ယ်ယူမယ့်သူတွေဟာ ဘတ်ထောင်ဂဏန်းလောက်သာ ပေးဝယ်ကြလိမ့်မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပေမယ့် ဒုတိယနေ့အရောက်မှာတော့ ဘတ်ငွေ ၁ သောင်းထိ မြင့်တက်လာခဲ့တာလို့ ကာချန်က ပြောပါတယ်။

အသက် ၄၀ အရွယ် ကုန်စုံစတိုးဆိုင်ပိုင်ရှင်တဦးဖြစ်တဲ့ ကာချန်ဟာ အလှမွေးငါး မွေးမြူရတာကို ၀ါသနာပါသူတဦးဖြစ်ပြီး ခုလောက်ဈေးရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ကြောင်း ပြောပါတယ်။

သူဟာ ခုလေလံအောင်ခဲ့တဲ့ငါးကို နိုဝင်ဘာ ၆ ရက်နေ့မှာ အဖွင့်ဈေး ဘတ်ငွေ ၉၀ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၂) နဲ့ စတင်ခဲ့ကာ နိုဝင်ဘာ ၈ ရက်နေ့မှာ ပိတ်ခဲ့တာပါ။

No comments:

Post a Comment