Thursday, November 24, 2016

တောင်ကိုရီးယားသမ္မတကို အဂတိလိုက်စားမှုနှင့် ဆက်နွယ်ပြီး ဆမ်ဆောင်ကုမ္ပဏီကို ၀င်ရောက်စစ်ဆေး

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးကို အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးနဲ့ ဆက်နွယ်ပြီး ဆမ်ဆောင် နည်းပညာကုမ္ပဏီနဲ့ အစိုးရအငြိမ်းစားဘဏ်တို့ကို လုံခြုံရေးတပ်ဖွဲ့ တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က ၀င်ရောက်စစ်ဆေးခဲ့ပါတယ်။ ဆမ်ဆောင်ကုမ္ပဏီနဲ့ လတ်တလော အမှုရင်ဆိုင်နေရတဲ့ သမ္မတရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတို့အကြား အခွင့်အရေးနဲ့ ငွေကြေးအပေးအယူ လုပ်ခဲ့သလားဆိုတာ စုံစမ်းစစ်ဆေးဖို့ အခုလို ၀င်ရောက်စီးနင်းခဲ့တာလို့ တောင်ကိုရီးယားအကြီးဆုံးသတင်းအေဂျင်စီကြီးဖြစ်တဲ့ ယွန်ဟတ်သတင်းအေဂျင်စီက ပြောဆိုပါတယ်။ အခုလို သမ္မတက အရင်းနှီးဆုံး မိတ်ဆွေတယောက်နဲ့ ပေါင်းပြီး အဂတိလိုက်စားမှု စွပ်စွဲမှုတွေ ထွက်ပေါ်လာတဲ့အတွက် တောင်ကိုရီးယားပြည်သူတွေ အမျက်ဒေါသထွက်နေကြပြီး သမ္မတကို နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာပါ။



သမ္မတရဲ့ ရင်းနှီးတဲ့ အမျိုးသမီးမိတ်ဆွေကိုတော့ အကျပ်ကိုင်မှု၊ လိမ်လည်ဖို့ ကြိုးစားမှု စွဲချက်တွေနဲ့ ရုံးတင်စစ်ဆေးနေပါတယ်။

သမ္မတကိုယ်တိုင်လည်း အဲဒီအဂတိ လိုက်စားမှုမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး အခု တပတ်ထဲမှာပဲ ဆိုလ်းမြို့တော် အစိုးရရှေ့နေတွေက ပြောဆိုပါတယ်။

သမ္မတ ပတ်ဂွန်ဟေးအပေါ် လူထုထောက်ခံမှုဟာလည်း အနိမ့်ဆုံးကို ကျဆင်းနေပြီး လာမယ့်လမှာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မတီနဲ့ သမ္မတကို စတင် စစ်ဆေးမေးမြန်းမယ်လို့ ဆိုပါတယ်။

သမ္မတကတော့ လက်ရှိအချိန်အထိ တာဝန်က နုတ်ထွက်ဖို့ ငြင်းဆန်ထားပါတယ်။

No comments:

Post a Comment