Tuesday, November 29, 2016

မြောက်ဥက္ကလာပ ဆေးရုံကြီးဝင်းအတွင်း အုတ်ရေကန်အသစ် ပြိုကျမှုကြောင့် အ၀တ်လျှော်နေသည့် အမျိုးသမီးတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရ

မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကြီး အတွင်းရှိ အုတ်ရေကန်အသစ် ပြိုကျမှုကြောင့် အ၀တ်လျှော်နေသည့် အမျိုးသမီးတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိမှု နိုဝင်ဘာ ၂၈ ရက် နံနက် ၇ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ အုတ်ရေကန်အသစ်မှာ မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကြီးဝင်းအတွင်းရှိ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန သူနာပြုသင်တန်းကျောင်းနှင့် စားဖိုဆောင်အကြားတွင် တည်ဆောက်ထားကြောင်း သိရသည်။ “ဖြစ်တာကတော့ အ၀တ်တွေလျှော်နေကြတာ။ အဘွားကြီးနဲ့ တစ်ယောက်နဲ့ တစ်ယောက် စကားပြောနေကြတာပေါ့။ အ၀တ်ကုန်းလျှော်နေကြတာ။ စကားပြောနေရင်း အဲဒါကြီးက ‘၀ုန်း’ ခနဲ ဆိုပြီးပြိုကျတော့ ညီမက သတိနဲ့ဆိုတော့ ဘေးကိုဖယ်လိုက်တာ အဲဒီအဘွားကြီးက ဆွဲလို့လည်း မရဘူး။ ရေတွေဘာတွေ စိမ့်ထွက်လာရင်တော့ ဘေးဖယ်လို့ရသေးတယ်။ အသစ်ကြီးဆိုတော့ ကိုယ်လည်းမထင်ဘူးလေ။ သေတဲ့သူကတော့ အုတ်ပြားကြီးအောက် ရောက်သွားတာပေါ့။ အဲဒီရေကန်က ဒီနေ့မှစဖွင့်တာ ထင်တယ်။ အသစ်ကြီး။
အဲဒီမှာ ကလေးအနှီးတွေ သွားလျှော်တာ။ ကျွန်မက ခြေထောက်ကျိုးသွားတယ်။ ကျောက်ပတ်တီး စည်းထားရတယ်။ ကိုယ်ကလည်း ဒါမျိုးက တစ်ခါမှမကြုံဖူးဘူး။ သူတို့က အလိုက်တသိနဲ့ လုပ်ပေးရင်တော့ ပြောစရာမလိုဘူး။ ကိုယ်လည်း ပိုက်ဆံမရှိဘူး။ တစ်ရပ်ကွက်တည်းက လူကို လူနာ လာစောင့်ပေးတာ။ ကျွန်မတို့ လူနာကလည်း ဒီနေ့ဆင်းရမယ့်နေ့။ သေသွားတဲ့ အဘွားကြီးကတော့ သူ့သမီးကို လာစောင့်ပေးတာ။ ဖြစ်တော့ ၈ နာရီ မထိုးသေးဘူး။ ၇ နာရီခွဲ ကျော်ကျော်လောက်မှာ ဖြစ်တာ။ အ၀တ်လျှော်ရင်းနဲ့ စကားပြောနေကြတာ။ သေသွားတဲ့သူက နင်တို့က ဘယ်အထိ ပြန်ရမှာလဲတဲ့။ ကျွန်မက ထောက်ကြန့်ဘက်ကိုလို့ပြောတော့ သူက အဲဒါဆို နင်တို့က ဝေးတယ်။ ငါတို့က နီးတယ်တဲ့။ ပုလဲမြို့သစ် အေးသာယာရပ်ကွက်မှာ နေတာတဲ့။ ဆေးတွေတော့ ၀ယ်ခိုင်းတယ်။ ကိုယ်မှာ ပိုက်ဆံမှမရှိဘဲ။ လူနာလာစောင့်ရင်းနဲ့ ဖြစ်တဲ့အခါကျတော့ ကိုယ်ကပြောပြတယ်။ ပိုက်ဆံမရှိဘူးလို့။ အဲဒီလိုဖြစ်တော့ ယောက်ျားကို လှမ်းခေါ်လိုက်တယ်။ သူလည်း ကမန်းကတန်းပြေးလာတာ။ သူတို့ ကုပေးလို့ ပျောက်သွားရင် တော်ပါပြီ။ တာဝန်ယူပေးရင် တော်ပါပြီ”ဟု အုတ်ရေကန်ပြိုကျမှုကြောင့် ခြေထောက်ကျိုးခဲ့သူ အမျိုးသမီးက ပြောကြားသည်။
လက်ရှိတွင် အသက်ရှင်ကျန်ရစ်သူ အဆိုပါအမျိုးသမီးမှာ မြောက်ဥက္ကလာပ ဆေးရုံကြီး အရေးပေါ်ခွဲစိတ်ကုသဆောင် (၃) တွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
“ဆေးဝယ်ဖို့ပြောတော့ မ၀ယ်နိုင်ဘူးလို့ ကျွန်တော်တို့မှာ ပိုက်ဆံလည်းမရှိဘူးလို့ ပြောလိုက်တယ်။ ဒီဆေးဝယ်ဖို့က သောင်းနဲ့ချီတာ ကျွန်တော့်မှာ ၀ယ်စရာတစ်ပြားမှ မရှိတာ။ ကျွန်တော်အမှန်ပဲ ပြောပြလိုက်တယ်။ အခု ခြေထောက်ကျိုးတဲ့သူနဲ့ ကျွန်တော်နဲ့က လင်မယား” ဟု ဒဏ်ရာရရှိခဲ့သည့် အမျိုးးသမီး၏ ခင်ပွန်းက ပြောကြားသည်။
အဆိုပါ အုတ်ရေကန်မှာ တည်ဆောက်ပြီးစီးသည်မှာ မကြာသေးကြောင်း၊ ယနေ့ စတင်အသုံးပြုစဉ် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“၈နာရီ မတ်တင်းလောက်မှာ ဖြစ်တာပေါ့။ ကျွန်တော်အသံကြားလို့ သွားကြည့်တဲ့ အခါကျတော့ အဒေါ်ကြီးတစ်ယောက်က ခြေထောက်တစ်ချောင်း ကျိုးနေတယ်။အဘွားတစ်ယောက်ကကျတော့ ပိနေတယ်။ အဲဒါနဲ့ ဒီကရှိတဲ့သူတွေကနေ အချိန်မီတော့ ကယ်တာပေါ့။ ဒါပေမဲ့ အသက်တော့မရှိတော့ဘူး။ အသက်ကတော့ ၅၀ ၀န်းကျင်လောက်တော့ ရှိမယ်။ သူ့သမီး မီးဖွားတာ ဒီနေ့ချုပ် ရိုးဖြည်ရမှာလို့ သိရတယ်။ သူ့သမက်က အိမ်ခဏ ပြန်တဲ့အချိန်မှာ သူကကလေးအနှီး လာလျှော်ရင်း ဖြစ်သွားတာလို့ သိရပါတယ်။ ရေကန်က ဆောက်ပြီးတာ မကြာသေးဘူး။ သူတို့ဖြစ်ခါနီးအချိန်မှာပဲ စဖွင့်တာ။ သူတို့နှစ်ဦး စလျှော်တဲ့နေ့မှာပဲ တစ်ဦးကသေပြီး တစ်ဦးက ခြေထောက်ကျိုးသွားတယ်။ သေတဲ့သူကိုတော့ ကျွန်တော်တို့ စင်ပေါ်တင်ပေးတဲ့အထိ ကူညီခဲ့ပါတယ်” ဟု အဆိုပါဖြစ်စဉ်အား ကူညီခဲ့သူ အမျိုးသားတစ်ဦးက ပြောကြားသည်။
ယင်းဖြစ်စဉ်အား မြောက်ဥက္ကလာပ မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃၃/ ၂၀၁၆ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Writer: နေမျိုးဝင်း

No comments:

Post a Comment