Thursday, November 24, 2016

အထူးအကျိုးစီးပွားနှင့် ဒီမိုကရေစီ

နိုင်ငံတစ်နိုင်ငံတွင် အထူးအကျိုးစီးပွားများ နေရာယူထားမှုက အများပြည်သူဟူသည့် ခေါင်းစဉ်အောက်မှ လုပ်ငန်းစဉ်များကို လမ်းလွဲစေပြီး ပြည်သူကို ကိုယ်စားပြုသည့် ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်လျက်ရှိသည်။ နိုင်ငံရေးသမားများအား လော်ဘီလုပ်သည့် အထူးအကျိုးစီးပွားရှိသူများ၏ ညစ်ပတ်သော လုပ်ရပ်များသည် ပိတ်ထားသောတံခါးများ နောက်ကွယ်၌သာ ဖြစ်ပွားလေ့ရှိသောကြောင့် သက်သေအထောက်အထားပြရန် ခက်ခဲသော်လည်း ၎င်းတို့ကြောင့် နိုင်ငံထိခိုက်နစ်နာမှုများမှမူ သက်သေအထောက်အထားအဖြစ် အကောင်အထည်လိုက် ပေါ်လာတတ်သည်။ ဒီမိုကရေစီစနစ်၌ နိုင်ငံကို ပြည်သူက အုပ်ချုပ်ခြင်းဖြစ်သောကြောင့် အားလုံးသော အကြောင်းအရာများ၌ ပြည်သူတို့အသံများ ထွက် ပေါ်လာမည်သာဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်များ အနေဖြင့် အထူးအကျိုးစီးပွားရှိသူများထံမှ ကိုယ်ပိုင်အကျိုးအမြတ်ရယူကာ ပြည်သူများ အား မတည်နိုင်သည့် ကတိများပေး၍ ဖြားယောင်းခဲ့လျှင် ယင်းအနေအထားမျိုးကို အထူးအကျိုးစီးပွားများက ဒီမိုကရေစီကို ပျက်စီးစေသည်ဟု ဆိုနိုင်သည်။

အထူးအကျိုးစီးပွားရှိသူများက ပြည်သူ့ကိုယ်စားလှယ်များအပေါ် ငွေကြေးကို အကြောင်းပြု၍ သြဇာလွှမ်းမိုးနိုင်ပါက ငွေကြေးက သြဇာအာဏာကို ၀ယ်ယူ၍ရသည်ဟု အဓိပ္ပာယ် သက်ရောက်မည်ဖြစ်သည်။ ဤသို့ဆိုလျှင် ဒီမိုကရေစီဟူသည် ပြည်သူ့အာဏာ မဟုတ်တော့ဘဲ ငွေကြေးချမ်းသာဆုံးလူများက သြဇာအာဏာအရှိဆုံး ဖြစ်လာမည်ဖြစ်သည်။ ငွေကြေးချမ်းသာသူ လူနည်းစု၏အသံက ပြည်သူများ၏အသံကို ဖုံးလွှမ်းသွားမည် ဖြစ်သည်။ အထူးအကျိုးစီးပွားရှိသူတို့၏ ငွေကြေးများက ပွင့်လင်းမြင်သာမှုကို ပိတ်ဆို့ကာ သတင်းအချက်အလက်များကို လိုသလို ကစားလာနိုင်မည်ဖြစ်သည်။
အထူးအကျိုးစီးပွားသည် နိုင်ငံရေးလုပ်ငန်းစဉ်များကိုလည်း ပျက်စီးစေနိုင်သည်။ အထူးအကျိုးစီးပွားဟူသည် သာမန်ပြည်သူတို့၏ အကျိုးစီးပွားနှင့် ဆန့်ကျင်ကွဲပြားတတ်ခြင်းကြောင့်ပင် ယင်းကို အထူးအကျိုးစီးပွားဟု ခေါ်ဆိုခြင်းဖြစ်သည်။ ဥပမာအားဖြင့် စီးပွားရေးတစ်ခုလုပ်ရန် ကုမ္ပဏီကြီးတစ်ခုက လယ်ယာမြေများကို သိမ်းယူခြင်းသည် အများပြည်သူအကျိုးစီးပွားနှင့် ဆန့်ကျင်သော အထူးအကျိုးစီးပွားဖြစ်သည်။ အင်အားကြီးမားသော အထူးအကျိုးစီးပွားများက အင်အားကြီးမားသော လော်ဘီများနှင့်အတူ အများပြည်သူတို့၏ဆန္ဒကို လွှမ်းမိုးဖျက်ဆီးပစ်ခြင်းဖြင့် ဒီမိုကရေစီကို ပျက်စီးစေနိုင်သည်။
အဘိဓာန်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ “အထူးအကျိုးစီးပွား” (Special Interest) ဟူသည် တစ်စုံတစ်ရာသောလုပ်ငန်း၊ အကျိုးတရား၊ လုပ်ပိုင်ခွင့် အစရှိသည်တို့အတွက် အစိုးရအဖွဲ့၌ ပါဝင်သူများအပေါ် သြဇာလွှမ်းမိုးရန် ကြိုးပမ်းသည့် လူအုပ်စုဖြစ်သည်။ ဒီမိုကရေစီ၏ အဓိကအကျဆုံး သဘောတရားတစ်ရပ်မှာ “government by the people, for the people” ဟူ၍ဖြစ်သည်။ ထို့ကြောင့် ပြည်သူက အုပ်ချုပ်သည့် ပြည်သူ့အတွက်ဖြစ်သည့် အုပ်ချုပ်ရေးအပေါ် အထူးအကျိုးစီးပွားအုပ်စုက လွှမ်းမိုးမှုမရှိရန် လိုအပ်သည်။ အမှန်တကယ်၌ အထူးအကျိုးစီးပွားအုပ်စုသည် ဒီမိုကရေစီစနစ်ကို ပုံဖျက်နေသူများသာ ဖြစ်သည်။ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိသော အစိုးရအဖွဲ့တစ်ရပ် အနေဖြင့်လည်း အထူးအကျိုးစီးပွားအုပ်စု၏ သြဇာလွှမ်းမိုးမှု ကင်းရှင်းကြောင်း ပြည်သူများကို ပြသနိုင်ရန် ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အထူးအကျိုးစီးပွားဟူသည် ဒီမိုကရေစီနှင့် လုံးဝဆန့်ကျင်ဘက်ကျသော အရာသာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments:

Post a Comment