Monday, November 21, 2016

မြိတ်မြို့တွင် ဆိုင်ကယ်ကယ်ရီ ငှားစီးပြီး ယာဉ်မောင်းဖြစ်သူ၏လည်ပင်းအား ဓားဖြင့်လှီးကာ ဆိုင်ကယ်လုယူထွက်ပြေးမှု ဖြစ်ပွား

မြိတ်မြို့တွင် ဆိုင်ကယ်ကယ်ရီငှားစီးပြီး ယာဉ်မောင်းဖြစ်သူ၏ လည်ပင်းအား ဓားဖြင့်လှီးကာ ဆိုင်ကယ်လုယူ ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး တရားခံအား လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။ မြိတ်မြို့ ကန်ဖျားရပ်ရဲသိပ္ပံလမ်းထိပ်တွင် ဆိုင်ကယ်ကယ်ရီဂိတ် ထိုးထားသည့် မောင်နေထက်လင်း ( ၂၀ နှစ်)( ဘ ) ဦးခဲရှစ် ထံသို့ နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက အသက် (၃၅ နှစ်) ခန့်လူတစ်ဦးမှ တနင်္သာရီ မြို့သို့ လိုက်ပို့ပေးရန် ဆိုင်ကယ်အားငှားရမ်းခဲ့ကြောင်း သိရသည်။ အဆိုပါလူမှာ အင်္ကျီအမည်းရောင်၊ ဘောင်းဘီအမည်းရောင် ၀တ်ဆင်ထားပြီး မရင်းငယ်ကျေးရွာ၊ ကွန်ပျူတာတက္ကသိုလ် အနီးအရောက်တွင် အနောက်မှနေပြီးဓားဖြင့် လည်ပင်းနှင့် မျက်နှာတို့အား လှီးဖြတ်ကာ ဆိုင်ကယ်အား လုယူထွက်ပြေးသွားကြောင်း သိရသည်။



“ကျွန်တော့်ညီရဲ့ ဒဏ်ရာကတော့ ဒီနေ့နည်းနည်းသက်သာလာပါပြီ မနေ့ကအထိ အရေးပေါ်ခန်းထဲမှာရှိခဲ့ပြီး ဒီနေ့တော့ အပြင်ကုသဆောင်ကို ထွက်လာနိုင်ပါပြီ နောက်ကျောမှာလည်း ရှစ်ချက်လောက် ချုပ်လိုက်ရတယ်။ လည်ပင်းမှာတော့ ဘယ်လောက်အထိ ဒဏ်ရာပြင်းထန်သလဲတော့ မသိရသေးပါဘူး။ တရားခံကိုတော့ ရဲတွေလိုက်လံဖမ်းဆီး နေတုန်းပါ ဒီနေ့အထိတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ စကားပြောသံကတော့ ဒီဘက်က မြိတ်အသံနဲ့ပြောတယ်။ ကျွန်တော့် ညီလေးကတော့ တရားခံရဲ့ပုံစံကို ကောင်းကောင်း မှတ်မိပါတယ်” ဟု မောင်နေထက်လင်း၏ အစ်ကိုဖြစ်သူ ကိုအောင်စိုးဦးက ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကိုအောင်စိုးဦးက တရားလိုပြုလုပ် တိုင်တန်းထားသဖြင့် မြို့မရဲစခန်းမှ ( ပ ) ၂၀၄၉/ ၂၀၁၆၊ ရာဇသတ် ကြီး ပုဒ်မ ၃၈၂ အရအမှုဖွင့် ဆောင်ရွက်ထားပြီး တရားခံအား လိုက်လံရှာဖွေနေကြောင်း သိရသည်။ ဓားဖြင့်လှီးကာ ဆိုင်ကယ်လုယူ ထွက်ပြေးသွားသူမှာ ဒလရှောင်ရွာ၊ နွားလပို့ တောင်ပေါ်သို့ ဆိုင်ကယ်မောင်းကာ ထွက်ပြေးသွားကြောင်း သတင်းရရှိသည့်အတွက် ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေရာတောင် ထိပ်တောင်တက်လမ်းဝဲဘက်ခြမ်းတွင် ဆိုင်ကယ်အားလဲကျနေသည့် အနေအထားဖြင့် တွေ့ရှိရပြီး တရားခံမှာ ဆက်လက်တိမ်းရှောင်နေသဖြင့် လိုက်လံရှာဖွေနေသည်။
Writer:
ဇော်မိုးဦး

No comments:

Post a Comment