Saturday, November 19, 2016

"အစိုးရပိုင်းက ကိုယ့်ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ပုတ်ခတ် ၊ အသရေဖျက်တာကို ဘာကြောင့် အရေးမယူလဲ ဆိုတာကို အံ့အားသင့်တယ်" ကိုကိုကြီး

တောင်ဥက္ကလာပမြို့နယ်၌ ဗိုလ်ချုပ်ကြေးရုပ် ထားရှိ ရေးအတွက် တောင်ဥက္ကလာပ မြို့နယ်သူ မြို့နယ်သားများ၏ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနှင့် တောင်ဥက္ကလာပမြို့ နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင် ဦးဆောင်သည့်ကော်မတီဟု အဖွဲ့ နှစ်ဖွဲ့ ကွဲလွဲနေပါသည်။ ထိုအထဲမှ တောင်ဥက္ကလာပ မြို့နယ်သူ မြို့နယ်သားများ၏ ဗိုလ်ချုပ်အောင် ဆန်းကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ နာယကဖြစ်သူ ဦးကိုကိုကြီးနှင့် ကော်မတီ၏ ဆောင်ရွက်ချက်များ၊ ကော်မတီတွင် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပြီး နာယကအဖွဲ့တွင် ပါဝင်ဖြစ်ပုံ၊ ဒေါက် တာ စောနိုင်နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိချက်များကို ရန်ကုန်တိုင်းမ်ဂျာနယ်မှ တွေ့ဆုံမေးမြန်းထားပါသည်။



တောင်ဥက္ကလာပ မြို့နယ်သူ မြို့နယ်သားများ၏ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှာ နာယကအဖြစ် ပါဝင်ခဲ့ပုံကို ရှင်းပြပေးပါဦး။

ကျွန်တော်က တောင်ဥက္ကလာဇာတိ တောင်ဥက္ကလာသား၊ တောင်ဥက္ကလာဈေးထဲမှာ ကြီးခဲ့တာပါ။ တောင်ဥက္ကလာ အထက (၁) ကျောင်းသားဟောင်းတစ်ဦးပါ။ ရှစ်လေးလုံးအရေးတော်ပုံမှာလည်း တောင်ဥက္ကလာ မှာ သပိတ် စဦးဆောင်ခဲ့တာက ကျွန်တော် စဦးဆောင်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ ထောင်ကျတော့ ထောင်ထဲမှာ ၁၉ နှစ်လောက် နေခဲ့ရတာပေါ့။ မြို့နဲ့ ကင်းကွာသွားခဲ့တယ်။ အခုတော့ တောင်ဥက္ကလာမြို့နယ်မှာ ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်မယ်ဆိုတော့ မြို့ခံတွေက ကျွန်တော့်ကိုလာဖိတ်တာပါ။ ကျွန်တော်သွားတက်တော့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးလည်း နာယကအဖြစ်နဲ့ပါတယ်။ မြို့နယ်လှုပ်ရှား မှုဖြစ်တဲ့အတွက် ကြောင့် တိုင်းဒေသကြီးအဆင့်နဲ့ အကြောင်းကြားဆောင်ရွက်ရမှာ ဖြစ်တဲ့ကိစ္စဖြစ်လို့ တိုင်းဒေသကြီးအဆင့်နဲ့ လုပ်ခဲ့တာပါ။ ကျွန်တော့်ကိုတော့ ဥက္ကဋ္ဌတာဝန် ယူပေးပါဆိုပြီး တောင်းဆိုတယ်။ ဥက္ကဋ္ဌတာဝန် ကျွန်တော်ယူပေးလိုက်တယ်။ နောက်တော့ ကျွန်တော့်မှာလည်း အလုပ်တာဝန်တွေများတော့ ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ခဲ့ပြီး နာယကအဖြစ်နဲ့ပါခဲ့တာပါ။ နာယကဆိုတော့ အကြံပေးရုံလောက် လုပ်ရ မယ်လည်း ဖြစ်တယ်လေ။


ဥက္ကဋ္ဌရာထူးကနေ ဘာကြောင့်နုတ်ထွက်ခဲ့တာလဲ ဒါကိုလည်း ရှင်းပြ ပေးပါဦး။

ကျွန်တော့်ကို ဥက္ကဋ္ဌရာထူး ယူပေးပါလို့ ပြောကတည်းက ကျွန် တော် မြို့မိမြို့ဖတွေကို ပြောခဲ့တာရှိပါတယ်။ ကျွန်တော်က လောလောဆယ်မှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကော်မတီမှာလည်း တာဝန်ယူထားရတော့ အဲဒီဟာက ပထမဦးစားပေးဖြစ် နေတယ်။ အဲဒါနဲ့ တိုက်ဆိုင်ရင်တော့ ဒီမြို့နယ်ကိစ္စမှာ ဆောင်ရွက်ရတာ အခက်အခဲရှိလာမယ်။ ပြီးတော့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းက အလုပ်တွေလည်း ရှိသေးတယ်။ တတ်နိုင်သမျှ မြို့နယ်အတွက်တော့ အချိန်ပေးလုပ်ပေးမယ်ဆိုပြီး ဥက္ကဋ္ဌတာဝန်ကို ယူလိုက်တယ်။ အဲဒီနောက်မှာ ကျွန်တော် ဘာလုပ်မယ်ဆိုတဲ့အစီအစဉ်တွေလည်း ရှိပါတယ်။ ယူပြီးနောက်ပိုင်းမှာ ဒေါက်တာစောနိုင် ဦးဆောင်ပြီး ၇ ရက် ဇူလိုင်လမှာ အစည်းအဝေးဖိတ်ကြားတယ်ဆိုပြီးသတင်းရတယ်။ ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက် ရေးကို မြေနေရာရရှိရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များမှ စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါသဖြင့် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းရန် ဖိတ်ကြားအပ်ပါသည်ဆိုပြီး လိုက်ဖိတ်တယ်။ ဖိတ်တဲ့အခါမှာလည်း သူ့ဘာသာသူ လက်သင့်ရာ ဖိတ်သွားတာ။ နောက် အဲဒီလို ရှုပ်ရှုပ်တွေဖြစ်တော့ ကျွန်တော်လည်း မိသားစုကိစ္စတွေရှိသေးတယ်။ အလုပ်တာဝန်တွေများတော့ ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်စာတင်တယ်။ အဲဒီတော့ ကော်မတီက နောက်ထပ် ဥက္ကဋ္ဌတစ်ယောက် ရွေး ချယ်ပြီးတဲ့အထိ တာဝန်ဆက်ယူပေးပါဦးဆိုပြီး ပြောတယ်။ နောက် တော့ ဥက္ကဋ္ဌအသစ်ရွေးပြီး ကျွန်တော့်ကို နာယကအဖွဲ့မှာ ပါပေးပါ ဆိုလို့ ကျွန်တော် နာယကအဖွဲ့မှာ ပြန်ပါလာတာပါ။


ဒါဆို ဒေါက်တာစောနိုင်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားခဲ့တာမျိုးရှိတယ်လို့ သိရပါတယ်။ ဒါကိုလည်း ရှင်းပြ ပေးပါဦး။

အစကတည်းက ဒေါက်တာစောနိုင်က လွှတ်တော်ကိုယ်စားလှယ်များဆိုပြီး ဖိတ်တော့ ကျွန်တော်တို့ကော်မတီမှာလည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက နာယကအဖြစ် ပါနေတယ်။ ကိုယ်စားလှယ် က ရှိတာမှ လေးယောက်။ အမျိုးသားလွှတ်တော်က ဒေါက်တာမြတ်ဥာဏစိုး မေးကြည့်တော့ သူလည်း မသိဘူးတဲ့။ ကျွန် တော်တို့လည်း တစ်ခုခုတုံ့ပြန်မှဖြစ်မယ်ဆိုပြီး လွှတ်တော်ကိုယ်စား လှယ် လေးယောက်မှာ အမျိုးသားလွှတ်တော်က ဒေါက်တာမြတ်Óဏ စိုးရယ်၊ တိုင်းဒေသကြီးနှစ်ယောက်ဖြစ်တဲ့ ဒေါ်သစ်သစ်မြင့်ရယ်၊ ဦးမိုးမြင့်ရယ် သုံးဦးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စောနိုင် ဆောင်ရွက်နေတာတွေ က သူတို့နဲ့ ဘာမှမဆိုင်ပါဘူး။ သူတို့ဟာ ဦးကိုကိုကြီး ဦးဆောင်တဲ့ မြို့သူမြို့သားများပါဝင်တဲ့ ကော်မတီကို ထောက်ခံပါတယ်ဆိုပြီး ဝန်ကြီးချုပ်ဆီကို အရေးယူဆောင်ရွက် ပေးဖို့ တိုင်စာပို့တယ်။ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ဆီကိုလည်း လွှတ်တော်ကိုယ်စားလှယ် သုံးယောက်ကိုယ်စား ဒေါက်တာမြတ် ဥာဏစိုးကတိုင်တယ်။ အတွင်းရေးမှူးအဖွဲ့ဖြစ်တဲ့ ဦးဝင်းထိန်ဆီကိုလည်း တိုင်တယ်။ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာန ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်ဆီကိုလည်းတိုင်တယ်။ တိုင်ထားပေမယ့် အောက်မှာက ခွင့်ပြုချက်မရဘဲနဲ့ ဥပဒေမဲ့ ရုံးခန်းဖွင့်တာ၊ ဆိုင်းဘုတ်ထောင်တာ၊ အလှူခံထွက်တာ၊ အများပြည်သူ အပန်းဖြေတဲ့ ပန်းခြံမှာ မြက်ခင်းတွေဖျက်ဆီး၊ မြေသားစမ်းသပ်မှုတွေဆိုပြီး လုပ်နေတယ်။ အဲဒီလို တွေ ဆောင်ရွက်နေပါတယ်ဆိုပြီး ဝန်ကြီးချုပ်ဆီကိုထပ်တိုင်တယ်။ သုံးကြိမ်ထပ်တိုင်တယ်။ ကျွန်တော်တို့ကလည်း မြေနေရာ ရရှိရေးအတွက် တရားဝင်ခွင့်ပြုချက် တောင်းထားတယ်။ ဒါက ကျွန်တော် ဥက္ကဋ္ဌတာဝန်ယူခဲ့စဉ်က ဖြစ်ခဲ့တာ။ အဲဒီအတောအတွင်းမှာ စည်ပင်က ကျွန်တော်တို့ကော်မတီကို လုပ်ငန်းဆောင်တာတွေ၊ ဆောင် ရွက် နေတာတွေကို အသေးစိတ်တင်ပြပါဆိုပြီး တရားဝင်အကြောင်း ကြားစာရတယ်။ အကြောင်းကြားစာရတဲ့အချိန်ကစပြီး မြို့နယ်မှာ အလှူခံတာတွေ စပြီးလုပ်တယ်။ ကျွန်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ တဲ့အတော အတွင်းမှာ တရားဝင်ခွင့်ပြုချက်နဲ့ လုပ်တယ်။ သူများလုပ်လို့ ကိုယ်လိုက်မလုပ်ဘူး။ မြို့နယ်မှာလည်း ဥပဒေမဲ့ဆောင်ရွက်တဲ့ ကိစ္စမျိုးကို ဘယ်သူလုပ်လုပ် ဥပဒေကြောင်းအရ  စုံစမ်းအရေးယူ ပေးပါလို့ ကျွန်တော်တို့ တိုင်တယ်။


ဦးကိုကိုကြီးကော်မတီမှာ နာယကတစ်ဦးဖြစ်တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်ကလည်း ဒေါက်တာစောနိုင်နဲ့ အတူ လက်မှတ်ရေးထိုးပြီး ဒီကော်မတီကို ကန့်ကွက်တာတွေ ရှိတယ် လို့လည်း သိရပါတယ်။ ဒါကရော ဟုတ်ပါသလား။

ကျွန်တော်တို့ကော်မတီကို စည်ပင်က တရားဝင် ခွင့်ပြုချက် ချပေးတဲ့အချိန်မှာပဲ  ဒေါက်တာစောနိုင်နဲ့ ဦးမိုးမြင့်တို့နှစ်ယောက်က ကန့်ကွက်ပါတယ်ဆိုပြီး ပေါ်လာတယ်။ ကျွန်တော်တို့ကလည်း အံ့အားသင့်တာက  ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း သူတို့ကို အစည်းအဝေး ဖိတ်ပါတယ်။ ကျွန်တော်တို့ကော်မတီမှာ သူတို့ ပြောချင်တာ၊ ဆွေး နွေးချင်တာရှိရင် ဆွေးနွေးနိုင်အောင်ဆိုပြီး ဖိတ်တာရှိခဲ့တယ်။ မြို့မှာ ရုပ်ပျက်ဆင်းပျက်မဖြစ်ဖို့ သွားဖိတ်တဲ့အခါမှာ သွားဖိတ်တဲ့သူကို တော်တော် ပြင်းပြင်းထန်ထန် ပြောလိုက်တာရှိတယ်။ ခင်ဗျားတို့ နာယကကိုယ်တိုင်က ခင်ဗျားတို့ကော်မတီက နုတ်ထွက်သွားတာ ခင်ဗျားတို့ မသိဘူးလားတဲ့။ ကျွန်တော်တို့လည်း တကယ်မသိဘူး။ နာယကက နာယကအဖြစ် ဆောင်ရွက်နေတဲ့ကော်မတီမှာ နုတ်ထွက် စာမတင်ဘဲနဲ့ ဟိုဘက်မှာ နုတ်ထွက်စာ သွားတင်တယ်။ နှစ်လ လောက်ရှိပြီတဲ့ တင်ထားတာ။ ကျွန်တော် တို့ကော်မတီက နာယက တစ်ယောက်ဖြစ်တဲ့ ဒေါ်သစ်သစ်မြင့်က ကိုမိုးမြင့် ရှင်နုတ်ထွက်တယ်လို့ ပြောတယ်။ ဘယ်လိုဖြစ်တာလဲဆိုမှ အစ်မရယ် ကျွန်တော်လည်း ဘယ်ဘက်မှ မပါချင်ဘူးဆိုပြီး နောက်မှ လက်ရေး နဲ့ နုတ်ထွက်စာ လာတင်တယ်။ ဒါပေမဲ့ ဟိုဘက်မှာပါပြီး ကန့်ကွက်ပါတယ်ဆိုပြီးလုပ်တာ။ ကန့်ကွက်တာကလည်း အစိုးရအဖွဲ့အစည်းက ဌာနဆိုင်ရာ တွေကို အသေရေဖျက်တဲ့စာသားတွေ ပါတယ်။


ဒေါက်တာစောနိုင်တို့က ကန့်ကွက်တဲ့နေရာမှာ အစိုးရဌာနဆိုင်ရာ တွေကို ဘယ်လိုပုတ်ခတ်တဲ့သဘောမျိုးတွေ ပါနေတာလဲ။

ဆင်ခြင်တုံတရား ကင်းမဲ့စွာလုပ်တယ်ဆိုတဲ့ စာသားမျိုးတွေ ပါနေတယ်။ အဲဒါလည်း အစိုးရပိုင်းက ကိုယ့်ဌာနဆိုင်ရာအဖွဲ့အ စည်းတွေကို ပုတ်ခတ်၊ အသရေဖျက်တာကို ဘာကြောင့် အရေးမယူ လဲဆိုတာကို အံ့အား သင့်တယ်။ နောက်တစ်ခုက တရားဝင် ခွင့်ပြုချက်မရဘဲနဲ့ ဖွဲ့ထားတာကိုက ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဆိုပြီး နောက်ကနေ လိုက်ပြီးလုပ်တယ်။ နောက်မှ ကျွန်တော်တို့ သိရတာက ၂ဝ၁၆ ခုနှစ် ဇွန် ၂ဝ ရက်မှာ ကော်မတီ ဖွဲ့ဖို့ မြို့သူမြို့သားအားလုံးကို ဖိတ်တုန်းက မလာဘဲနဲ့ ၂ဝ၁၆ ခုနှစ် ဇွန် ၂၂ ရက်မှာ သူ့တစ်ယောက်တည်းသဘောနဲ့ မြေနေရာသွား လျှောက်တယ်လို့ သိတယ်။



စည်သူကျော်

No comments:

Post a Comment