Monday, November 28, 2016

ဘတ်ဂျက်

လက်ရှိ အစိုးရသက်တမ်း၏ ပထမနှစ်ဖြစ်သော ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံမှုနှင့် ပတ်သက်သော ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကို အောက်တိုဘာလ ၃၁ ရက်က ကျင်းပခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခုဘဏ္ဍာရေးနှစ် ၂ဝ၁၆-၂ဝ၁၇ အတွက် ဘတ်ဂျက်ရသုံးမှန်းခြေ ငွေစာရင်းကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ယခင်အစိုးရလက်ထက် ပထမအကြိမ် ပြည်သူ့လွှတ်တော် နောက် ဆုံးအစည်းအဝေးတွင် ရေးဆွဲ၍ ဥပဒေဖြင့် အတည်ပြုခဲ့သည်။ ထို့နောက် အစိုးရသစ်လက်ထက်တွင် ပြန်လည်ပြင်ဆင်သည့် အရအသုံးဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သို့ တင် ပြ၍ အတည်ပြုချက် ရယူခဲ့သည်။



ယခုတစ်ဖန် ဖြည့်စွက်ခွင့်ပြု ငွေ တောင်းခံမှုစာရင်းကို ဘဏ္ဍာရေး ကော်မရှင်က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ ထောက်ခံတင်ပြရန် ရေးဆွဲခြင်းဖြစ်သည်။  နိုင်ငံတော်၏ ဘတ်ဂျက် ရသုံး မှန်းခြေကို ဘဏ္ဍာရေးနှစ် မတိုင်မီ ကြိုတင် ရေးဆွဲရခြင်းဖြစ်၍ အရအသုံး ခန့်မှန်းခြေစာရင်းသာ ဖြစ်ပါသည်။ လက် တွေ့ သုံးစွဲရသည့် အချိန်ရောက်လာသောအခါ အချိန်အခါ အခြေအနေပေါ် မူ တည်၍ ပြောင်းလဲမှု ရှိနိုင်မည်ဖြစ်ရာ ကြိုတင်ခန့်မှန်းတွက်ချက်သည်နှင့် ကွာဟမှု ရှိမည်သာဖြစ်သည်။ သို့သော် ကွာဟမှုများလေလေ ကြိုတင် ခန့်မှန်းရေးဆွဲမှု ညံ့လေလေဟု တည့်တည့် ပြောရမည်ဖြစ်သည်။ ဘတ် ဂျက်ရေးဆွဲသူ ပညာရှင်တို့မည်သည် ယခုတစ်နှစ်တည်းအတွက်သာရေးဆွဲရသော သူများမဟုတ်ဘဲ နှစ်ပေါင်းများစွာ တစ်နှစ်ပြီးတစ်နှစ် ဆက်၍ဆက်၍ ရေးဆွဲလာခြင်းသာဖြစ်ရာ ကြိုတင်တွက်ဆရမည့် အချက်ပေါင်း များစွာ အားလုံးလိုလို ခန့်မှန်းတွက်ဆတတ်ပြီ ဖြစ်ကြသည်။



သဘာဝကပ်ဘေးကြီးများကို ကြိုတင်တွက်ဆနိုင်၏လောဟု မေးရန်ရှိသည်။ ၂ဝဝ၈ ခုနှစ်က နာဂစ်မုန်တိုင်းကြီးလောက် ကြီးမားသော ဘေးအန္တရာယ်ကိုမူ ကြိုတင်တွက်ဆရန် ခက်သော်လည်း နှစ်စဉ်နှစ်တိုင်းလိုလို ဘင်္ဂလားပင်လယ် အော်တွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းအဖြစ်ပျိုးကာ အသင့်အတင့်ရှိသော မုန်တိုင်းများ ဖြစ်ပေါ်နေသည်ကို ကြိုတင်သိရှိပြီ ဖြစ်ပါသည်။ ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ကမ္ဘာ့ရာသီဥ တုဖောက်ပြန်လာသည်ကိုလည်း ကြိုတင်သိကြပြီး ဖြစ်သကဲ့သို့ သစ်တောများ ပြုန်းတီးမှုကြောင့် မြစ်ဖျားဒေသများတွင် ရေစီးရေလာ ထိန်းသိမ်းနိုင်စွမ်း လျော့နည်းလာပြီး ရေကြီးရေလျှံမှုဘေးဒဏ်ခံရသည်ကိုလည်း ကြိုတင်တွက်ဆနိုင်ပြီ ဖြစ်သည်။ ကမ္ဘာ့ရေနံဈေးထိုးကျပြီး အမေရိကန်ဒေါ်လာ ဈေးတက်လာသည်ကို ကြိုတင်သိရှိနိုင်ပါသလောဟုမေးသော်၂ဝ၁၄ နှစ်လယ်လောက်မှစ၍ ရေနံဈေးကျဆင်းခဲ့သည်မှာ ၂ဝ၁၆ နှစ် ကုန်လောက်အထိ ယခင် ၂ဝ၁၄ ခုနှစ် မတက်မီကရှိခဲ့သော ရေနံစိမ်းတစ်စည် ဒေါ်လာ ၁ဝဝ အထက် ပြန်မရောက်နိုင်ဟုတော့ တွက်ဆပြနိုင်သည်။ အမေရိကန်ဒေါ်လာဈေး ၂ဝ၁၇ နှစ်စအထိ ကျနိုင်ဖွယ်မရှိဟု ခန့်မှန်း၍ရသည်။ သို့ဆိုလျှင် မြန် မာနိုင်ငံ၏ ငွေလဲလှယ်နှုန်းက ကမ္ဘာသုံး အမေရိကန်ဒေါ်လာ တက်နှုန်းထက် ပို မြင့်နေသည်ကိုရော ကြိုတင်ခန့်မှန်း သိရှိ နိုင်သလောဟု မေးရန်ရှိသည်။


မြန်မာငွေတန်ဖိုး ကျနှုန်းကိုလည်း ကြိုတင်ခန့်မှန်း တွက်ချက်နိုင်သူများရှိပါသည်။ မြန်မာတို့ကြောင့်ပင် ဖြစ်ပါသည်။ ယခင်အစိုးရ၏ နောက်ဆုံးနှစ်က လုပ်ဆောင်ချက်များ၏ အကျိုးသက် ရောက်မှုများကို တွက်ဆရ ပြီး ဖြစ်ပါသည်။ ၂ဝ၁၅ ခုနှစ်တွင် အသုံးစရိတ်များစွာတိုး မြှင့်ခဲ့ခြင်း၊ ဝန်ထမ်းလစာတိုးပေးခဲ့ခြင်း၊ ကျွန်းသစ်နှင့် တွင်းထွက်ပစ္စည်း မြောက် မြားစွာ Saturated Point  ပြည့်ဝရေချိန်မှတ်ရောက်အောင် ထုတ်လုပ် ခဲ့ခြင်း၊ ၂ဝ၁၆ ခုနှစ်အတွက် အသုံးစရိတ်များစွာ ရေးဆွဲသတ်မှတ်ခဲ့ခြင်းစသော လုပ်ရပ်များသည် ယခုဘဏ္ဍာနှစ်တွင် လာရောက်တိုက်ခတ်မည်ကို ကြိုတင်သိရှိပြီးဖြစ်သည်။ အစိုးရသစ်ရက်ပေါင်း ၁ဝဝ အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက် ရေးနှင့် ရှမ်း၊ ကချင်နှင့် ကရင်ပြည်နယ်များတွင် ရုတ်တရက်တိုက်ပွဲများ ပိုမိုပြင်းထန်လာရေးစသော ကုန်ကျစရိတ် ပိုများ စေသည့် လုပ်ရပ်များ ကိုမူ ယခင်နှစ် ဘတ်ဂျက်ရေးဆွဲစဉ်က ကြိုတင်ခန့်မှန်းတွက်ဆနိုင်ခြင်း ရှိမည်မထင်ပေ။ အလားတူ မြန်မာနိုင်ငံ အနောက်ဘက်တံခါးဝအနီးမှ ကြိတ်၍ ကြံစည်မှုကြီးမျိုးကိုလည်း ကြိုတင် သိရှိနိုင်မည်မထင်ပေ။


မည်သို့ပင်ဆိုစေ ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းကြောင့် အမေရိကန် ဒေါ်လာဈေး မြင့်တက်လာသည်။ ပို့ကုန်ဘက်က ဈေးနှုန်း ကျပ်ငွေ ပိုတိုးသော်လည်း အရေအတွက် လျော့နည်း သဖြင့် ဝင်ငွေရငွေဘက်က ပိုမလာပဲ ဖြစ်နေသည်။ သွင်းကုန်ဘက်တွင်မူ ဈေးကြီး ပေးဝယ်ရပြီး အရေအတွက် လျော့သဖြင့် ထွက်ငွေသုံး ငွေ သိသိသာသာ ပိုကုန်လေသည်။ အထူးသဖြင့် ကုန်ဈေးနှုန်းတက်လာေ သာကြောင့် ဘဏ္ဍာရေးဘတ်ဂျက် ပိုသုံးရသည်။ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း ဈေးတက်လာသောကြောင့် တိုက်များ၊ လမ်းများ၊ တံတားများ ဆောက်ရာတွင် ပိုကုန်သည်။ ဓာတ်ဆီဈေး တက်လာ သောကြောင့် သယ်ယူပို့ဆောင်စရိတ် ပိုကုန်သည်။ လျာထားသော ဘတ်ဂျက်ရန်ပုံငွေ မလောက်တော့ဘဲ ဖြည့်စွက်ခွင့်ပြု ငွေ ထပ်တောင်းရတော့သည်။ ထို့ကြောင့် မူလလျာထားသော လုပ်ငန်းအတိုင်း ဆက်လုပ်မည်ဆိုပါက မည်မျှ စစ်စစ်စိစိသုံသုံး ပိုကုန်မည်သာ ဖြစ်သည်။ မည်မျှအလေအလွင့်မရှိအောင် ဂရုစိုက်စိုက် ပိုကုန်မည်သာ ဖြစ်သည်။ လုပ်ရမည့်အလုပ်ကို မည်မျှချင့်ချိန်၍သုံးသုံး ဈေးတက်လာ၍ ပိုကုန်မည်သာဖြစ်သည်။



ထို့ကြောင့် လျာထားချက်နှင့် လောက်အောင် သုံးရန်မှာ ကုန်ဈေးနှုန်း ဆက်မတတ်မှသာ ဖြစ်မည်။ ငွေကြေး ဆက်မဖောင်းပွမှသာ လောက်မည်။ ငွေ ကြေး ဆက်မဖောင်းပွအောင် မလုပ်နိုင်၊ ကုန်ဈေးနှုန်း ဆက် မတတ်အောင် မတား နိုင်ပါက ခွင့်ပြုလျာထားငွေဖြင့် လောက် အောင်မှာ လုပ်ငန်းအရေအတွက် လျှော့ချမှသာ ဖြစ်ပေမည်။ ဆိုလိုသည်မှာ တိုက်သစ် ၁ဝ လုံး ဆောက်မည့်အစား ကုန်ဈေးနှုန်း ၁ဝ ရာခိုင်နှုန်း တက်ပါ က တိုက်သစ် ကိုးလုံးသာ ဆောက်လျှင် လျာထားငွေ လောက် ပေမည်။ ထပ်မံ ဖြည့်စွက်တောင်းရန်မလို တော့။ ရုံးတစ်ရုံးက စက္ကူအထုပ် ၁ဝဝ သုံးမည့်အစား အထုပ် ၉ဝ သာ သုံးခြင်း တည်းဟူသော ချွေတာသည့် လမ်းဖက် ကိုလည်း လိုက်နိုင်သည်။ လူကြီးတစ်ဦး ၁ဝ ကြိမ် ကွင်းဆင်းမည့်အစား ကိုးကြိမ်ဆင်းလျှင် ဆင်းသည့်နှုန်းဖြင့် ချွေတာနိုင်ပါသည်။ အစည်းအဝေးပွဲတွင် တိုက်သော ကော်ဖီ၌ နို့ဆီ ၁ဝ ဘူး ကုန်မည့်အစား ကိုးဘူးနှင့် ဖျော်၍ တိုက်ခြင်းဖြင့်သာ လျာထားငွေကို  လောက်အောင် သုံးနိုင်ပါမည်။


ဤနေရာ၌ မလိုအပ်သော အ ရေအတွက်ကို လျှော့ချခြင်းသည် ချွေတာခြင်းပင် ဖြစ်သည်။ အစည်းအဝေးတွင် တက်ရောက်သူတစ်ဦးလျှင် မုန့်သုံးခု ချ ကျွေးမည့်အစား နှစ်ခုသာ ချကျွေးသည့် နှုန်းဖြင့် ချွေတာနိုင် သည်။ ထိုတက်ရောက်သူ အနေဖြင့် မုန့်တစ်ခု လျှော့စားရ၍ အာဟာရ ချို့တဲ့ပြီး ကျန်းမာရေး ထိခိုက်သွားမည် မဟုတ်သည်မှာ သေချာ၍ ဤနည်းဖြင့် ချွေတာနိုင်သည်။ လူကြီးတစ်ဦးက ဖွင့်ပွဲတိုင်းလိုက်တက်၍ ကား တန်း (လမ်းကြောင်း)ဖြင့် သွားလာရသော စက်သုံးဆီနှင့် ကျွေးမွေးဧည့်ခံစရိတ် ကုန်ကျ နေသည်ကို အရေးမကြီးသော ဖွင့်ပွဲကို မသွားတော့ဘဲ နေခြင်းဖြင့် ချွေတာနိုင်သည်။ ဖွင့်ပွဲတိုင်းသည် လူကြီးတက်ရန် မလိုသည်ကို ချင့်ချင့်ချိန်ချိန် သုခမိန်နည်း ဖြင့် ချွေတာရန်ဖြစ်သည်။ ဤသို့ချွေတာရာတွင် တိုက် ဆောက်ရာ၌ ဘိလပ်မြေကို သဲနှင့် တစ်အချိုးလေး ထည့်ရမည့်အစား၊ တစ်အချိုး ခြောက်ထည့်၍ လုပ်သည့် ချွေတာ နည်းကို တော့ လုံးဝ မလုပ်သင့်ဟု ခံယူချက်ရှိရ ပေမည်။ လုပ်ငန်းတွင် မလိုအပ်သောအ ရေအတွက်ကို လျှော့ရန်ဖြစ်ပြီး အရည်အသွေး စံချိန်စံညွှန်းကို လျှော့သည့် အယူအဆကို မလုပ်မိရန် အရေးကြီးသည်။


သေချာတွေးမိပါက အစိုးရနှင့် လွှတ်တော်များတွင် တာဝန်ယူဆောင်ရွက် နေသော ခေါင်းဆောင်များအဆင့်မှစ၍ ဝန်ထမ်းအကြီးအကဲမှ အောက်ဆုံးအဆင့် ရုံးအကူအထိ လုပ်ငန်းသုံး၊ ရုံးသုံးပစ္စည်း ကိရိယာများကို ဗုံးပေါလဟော သူဌေးသုံး သုံးနေသလားဟူသော အချက်ကို သေချာစစ်ဆေးပြီး ချွေတာကြခြင်း ဖြင့် ဘတ်ဂျက်ရန်ပုံငွေ လုံလောက်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဘတ်ဂျက်လို ငွေပြခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ ပြီဖြစ်သည်။ ၁၉၉၄ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် အထိ နှစ်တိုင်း လိုငွေပြခဲ့သည်။ ၁၉၉၄ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်း နှစ်စဉ် ပျမ်းမျှ လိုငွေပြမှုကို GDP ၏ ရာခိုင်နှုန်းနှင့် တွက်ပါက ၃ ဒသမ ၈၂ ဖြစ်သည်။ အ ဆိုပါ နှစ်များ အတွင်း ၂ဝဝဝ ပြည့်နှစ်က လိုငွေအများဆုံးဖြစ်၍ GDP  ၏ ၇ ဒသမ ၁၆ ရာခိုင်နှုန်းအထိ မြင့်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင်မူ သုည ဒသမ ၁ဝ ရာခိုင်နှုန်း သာရှိပြီး လိုငွေနည်းဆုံးဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် လိုငွေပြမှုသည် GDP ၏ ၄ ဒသမ ၉ဝ ရာခိုင်နှုန်း ဖြစ်သည်။ ယခုဘတ်ဂျက် နောက်ဆုံးလျာထားချက် အရ လိုငွေသည် ကျပ် ၄ဝ၂၅ ဒသမ ၁၃ဝ ဘီလီယံဖြစ်ရာ GDP  ကျပ် ၈၁ဝ၆၄ ဒသမ ၃၃၉ ဘီလီယံ၏ ၄ ဒသမ ၉၇ ရာခိုင်နှုန်း ရှိသည်။


နိုင်ငံတစ်နိုင်ငံ၏ ဘတ်ဂျက်လိုငွေပြခြင်းသည် ဝင်ငွေနှင့်အသုံးစရိတ် မမျှ၍ဖြစ်ရာ သာမန်အားဖြင့် စီးပွားရေးမကောင်း၍ ဖြစ်သည်ဟုဆိုကြသည်။ သို့ သော် နိုင်ငံ၏ အသုံးစရိတ်ကို အဘယ်အတွက်သုံး သနည်း ဟူသော အချက်က ပို၍အရေးကြီးသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံ တိုင်းလိုလိုပင် ဘတ်ဂျက်လိုငွေ ပြဖူးကြသည်။ ၁၅ နှစ်အတွင်း လုံးဝလိုငွေမပြဘဲ ပိုငွေသာပြသည့် နိုင်ငံများမှာ အဇာဘိုင်ဂျန်၊ နော်ဝေနှင့် ကာတာ သုံးနိုင်ငံ သာရှိသည်။ ဆွစ်ဇာလန်နှင့် စင်ကာပူ နိုင်ငံတို့မှာ ဘတ်ဂျက်လိုငွေ အလွန်နည်းပြီး အများအားဖြင့် ပိုငွေအနည်းငယ်နှင့် မှန်တန်းတွင်ရှိသည်။ အမေရိကားဆိုလျှင် ယမန်နှစ်က လိုငွေ ၂ ဒသမ ၈ဝ ရာခိုင်နှုန်း ရှိ၍ ပိုငွေ  ၄ ဒသမ ၆ဝ ရာခိုင်နှုန်းအထိ ရှိခဲ့ဖူးပြီး လိုငွေ ၁၂ ဒသမ ၁ဝ ရာခိုင်နှုန်းအထိရှိခဲ့ဖူးသည်။ အရေးကြီးသည်မှာ တိုင်းသူ ပြည်သားများကို အကျိုးပြုသော လုပ်ငန်းများအတွက် များစွာ အကုန်အကျခံသော ကြောင့် လိုငွေပြလျှင် အကျိုးပြုသော လို ငွေဟုဆိုရပါမည်။ ပညာရေး၊ ကျန်းမာ ရေးနှင့် အကျိုးပြုလုပ်ငန်းအတွက် ဘတ်ဂျက် ပို၍လျာထားနိုင်ရန် Fiscal Policy  ခေါ် ဘဏ္ဍာရေးဘတ်ဂျက် မူဝါဒချမှတ်ထားသင့် သည်။ ပြည်တွင်းစစ်အတွက် အသုံးစရိတ်၊ အဆောင်အယောင် ပကာသနအတွက် အသုံးစရိတ်နှင့် ယဉ်ကျေးမှုအ ကြောင်းပြသော ဖျော်ဖြေရေး အသုံးစရိတ်များကို ရာခိုင်နှုန်းသတ်မှတ်၍ ကြီးကြပ်ရန် မူဝါဒချမှတ် ထားလျှင် ဘတ်ဂျက်သည် လိုငွေများများ ပြမည်မဟုတ်သလို ပြသောလိုငွေသည် ပြည်သူ့အကျိုးအတွက် သုံးခြင်းသာ ဖြစ်ပေတော့မည်။    


အောင်ချိန်ဘွား

No comments:

Post a Comment