Friday, November 18, 2016

စွပ်စွဲခံရသူက ရှေ့နေဖြင့် ခုခံပိုင်ခွင့်

၂၀၁၆ နိုဝင်ဘာ ၁၀ ရက် 7Day Dailyသတင်းစာ စာမျက်နှာ ၇တွင်ဖော်ပြချက်အရ ကျွန်တော်ရရှိသော သတင်းအချက်အလက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် လူတစ်ဦးတစ်ယောက် ကို အရေးယူရန် တိုင်တန်းချက် အရ ရဲတပ်ဖွဲ့က ထိုသူကို ဖမ်းဆီး ခဲ့သည်။ ထို့နောက် ချုပ်မိန့် (Remand) တောင်းခံရန် မြို့နယ် တရားရုံးသို့ ရုံးထုတ်ရာ စွပ်စွဲခံရ သူအတွက် ရှေ့နေပါဝါ(ကိုယ်စား လှယ်စာ)တင်သွင်းခဲ့သည်။ ယင်းကို ရမန်ကာလအတွင်း ရှေ့နေ ပါဝါ လျှောက်ထားခွင့်မရှိဟူသော အကြောင်းပြချက်ဖြင့် တရားသူ ကြီးက ပယ်ချခဲ့ကြောင်း သိရသည်ဆိုသော အချက်ပဲဖြစ်သည်။ ယခု ကျွန်တော် ဆွေးနွေးလို သည်မှာ စွပ်စွဲခံရသူတစ်ဦးတစ် ယောက်ကို ရဲက ဖမ်းဆီးပြီး နောက် ချုပ်မိန့်တောင်းခံရန် တရားရုံးရှေ့သို့ တင်ပို့သည့် အချိန်တွင် ရှေ့နေဖြင့် ခုခံရန် ဆောင်ရွက်သည်ကို တရားရုံးက ငြင်းပယ်လိုက်ခြင်းမှာ မှန်ကန် မျှတခြင်း ရှိ၊ မရှိဆိုသော အချက် ပဲဖြစ်ပါသည်။



 ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၀(၁) ပြဋ္ဌာန်းချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ Any person accused of an offence before a criminal court, or against whom proc -edings are instituted under this Code in any such Court, may of right be defended by apleader.

‘‘ရာဇဝတ်တရားရုံးတစ်ရုံး တွင် ပြစ်မှုတစ်ရပ်ဖြင့် အစွပ်စွဲခံ ရသူ မည်သူမဆို သို့တည်းမဟုတ် ဆိုခဲ့သည့် ရုံးတစ်ရုံးတွင် ဤကျင့် ထုံးဥပဒေအရ အမှုစွဲဆိုခြင်းခံရသူ မည်သူမဆို ရှေ့နေဖြင့် ခုခံပိုင်ခွင့် ရှိသည်’’

ချုပ်မိန့်ရမန်ပေးမည့် မြို့ နယ်တရားရုံး၊  တရားသူကြီးက ရှေ့နေပါဝါကို  လက်မခံဘဲ ငြင်း ပယ်လိုက်ခြင်းမှာ  စွပ်စွဲခံရသူ သည် တရားရုံး၌ ‘အမှုစွဲဆိုခြင်း ခံရသူမဖြစ်သေး’ဟူသည့် ကောက်ယူချက်ကြောင့်ဖြစ်မည် ထင်ပါသည်။

  ရာဇဝတ်တရားသူကြီး၏ အမိန့် (သို့မဟုတ်) ဝရမ်းမိန့်မပါ ရှိဘဲ တစ်ဦးတစ်ယောက်သောသူ အား ရဲအရာရှိက ဖမ်းဆီးနိုင်သည့် အကြောင်းအရာများကို ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄ မှ ၅၉ အထိတို့တွင် ဖော်ပြထားသည်။ သို့သော် ဝရမ်းအမိန့်မပါဘဲ ဖမ်း ဆီးထားသူတစ်ဦးကို ရဲအရာရှိက (သာမန်အားဖြင့်) ၂၄ နာရီထက် ပို၍ ချုပ်နှောင်ခြင်းမပြုရန် ယင်း ဥပဒေပုဒ်မ ၆၁ (က) တင်းတင်း ကျပ်ကျပ် တားမြစ်ထားသည်။ အခြေခံဥပဒေကလည်း ခွင့်မပြု ချေ။

သို့ဖြစ်၍ ၂၄ နာရီအတွင်း မေးမြန်းစုံထောက်မှု ပြီးစီးရန် လက္ခဏာမရှိလျှင်ဖြစ်စေ၊ စွပ်စွဲ ချက် (သို့မဟုတ်) သတင်းပေး ချက်သည် ခိုင်လုံသည်ဟု ယုံ ကြည်ရန် အကြောင်းရှိလျှင်ဖြစ် စေ စွပ်စွဲခံရသူကို ရာဇဝတ်သူကြီး ထံသို့ ချက်ချင်းတင်ပို့ပေးရန် လည်း ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒမ ၁၆၇ တွင် အတိအလင်း ညွှန်ပြထားသည်။

ပြစ်မှုတစ်ရပ်ရပ်ဖြင့် စွပ်စွဲ ခံရသည့် တရားခံအား စီရင်ပိုင် ခွင့်အာဏာရှိသည့် တရားရုံးသို့ တရားစွဲတင်ပို့ခြင်းမှာ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၁၇၀ အရ ဆောင်ရွက်ခြင်းဖြစ်သည်။ စွပ်စွဲ ခံရသူကို ချုပ်မိန့် (Remand) တောင်းခံရန် ရာဇဝတ်တရားသူ ကြီး တစ်ဦးထံသို့ တင်ပို့ခြင်းမှာ ပုဒ်မ ၁၆၇ အရ ဆောင်ရွက်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ချုပ်မိန့်ရရှိ ရန်အတွက် ရာဇဝတ်တရားသူကြီး ထံသို့ တင်ပို့ခံရသည့် စွပ်စွဲခံရသူ သည် ပုဒ်မ ၃၄၀(၁)တွင် ဖော်ပြ သည့် ‘အမှုစွဲဆိုခြင်းခံရသူ’ဟုတ်၊ မဟုတ် ဆင်ခြင်ရန်ရှိပါသည်။

‘ရဲက တရားခံအား ချုပ်မိန့် ပေးရန် လျှောက်လွှာတစ်ခုသည် ဤဥပဒေအရ ပုဒ်မ ၁၆၇ အတွင်း ကျရောက်သည်ဖြစ်ရာ ဤဥပဒေ အရ ‘‘တရားရုံး၌ စွဲဆိုသောအမှု အခင်း’ဖြစ်သည်ဟု ဆုံးဖြတ်ရ မည်။ သို့ဖြစ်လေရာ ဖမ်းဆီးပြီး ၂၄ နာရီကြာပြီးနောက် တရားခံ သည် တရားရုံးရှေ့သို့ ရောက် သည့်အချိန်မှစ၍ ခုခံချေပခွင့်ရှိ လာသည်။ ထို့ကြောင့် ရဲကတရား ခံကို စွဲချက်ပြုလုပ်၍ တရားစွဲ တင်ပို့သည်ဖြစ်စေ၊ မတင်ပို့ရသေးသည်ဖြစ်စေ၊ တရားခံ၏ တရားဝင်ကိုယ်စားလှယ် (ရှေ့နေ) အား တရားခံနှင့် တွေ့ဆုံခွင့်ပေးရမည်’ဟု (၅၀ ဘုံ ဘေ၊ စာ ၇၄၁)တွင် ညွှန်ပြထားသည်။

‘မည်သူမဆို ရာဇဝတ်ရုံး၌ ပြစ်မှုတစ်ရပ်ဖြင့် အစွပ်စွဲခံရ သည့် အချိန်(သို့မဟုတ်) ဆိုခဲ့ သည့် ရုံးတစ်ရုံးတွင် ဤကျင့်ထုံး ဥပဒေအရ အမှုစွဲဆိုခြင်းခံရသည့် အချိန်တွင် ဤအခွင့်အရေးအစပြု သည်။

ပုဒ်မ ၁၆၇ အရ ရမန် (ချုပ် မိန့်)တောင်းခံသည့် လျှောက်လွှာ ကို ရဲအရာရှိက တင်သွင်းခြင်း သည် ဤကျင့်ထုံးဥပဒေအရ အမှု စွဲဆိုခြင်းဖြစ်သည်။ ထိုသူမှာ တရားခံဖြစ်၍ တရားသူကြီးရှေ့ သို့ ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ထိုသူ ၂၄ နာရီကြာ အဖမ်းခံထားရပြီးနောက် တရား ရုံးသို့ ရောက်လာသည့်အချိန်တွင် ဤအခွင့်အရေး အစပြုပေသည်။ သူ၏ ရှေ့နေ လာရောက်နိုင် သည်။ ချုပ်မိန့်ကို ကန့်ကွက်နိုင် သည်။ (သို့မဟုတ်) သူ၏ကိုယ် စား အခြားလျှောက်ထားမှု တစ်စုံ တစ်ရာ ပြုလုပ်နိုင်ပေသည်။

(Llewellyn Evans, 27 Criminal Law Journal.1169)

အဆိုပါစီရင်ထုံးနှင့် ဖွင့်ဆို ချက်၊ ညွှန်ပြချက်တို့အရဆိုလျှင် စွပ်စွဲခံရသူ (တရားခံ)အား ပြစ်မှု တစ်ရပ်ရပ်ဖြင့် တရားရုံးသို့ ရာ ဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၇၀ (၁) အရ တရားစွဲတင်သည့် အခါ တွင်သာမက ရဲက ဖမ်းဆီးထား သည့် စွပ်စွဲခံရသူ (တရားခံ) အား ချုပ်မိန့် (Remand)တောင်းခံရန် အတွက် ရာဇဝတ်တရားသူကြီး ရှေ့သို့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၇ အရ တင်ပို့သည့်အခါ တွင်လည်း ‘အမှုစွဲဆိုခြင်းခံရသူ’ အဖြစ် မှတ်ယူရမည်ဖြစ်ရာ ရာဇ ဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၀(၁) ပြဋ္ဌာန်းချက်နှင့်အညီ ‘ရှေ့နေဖြင့် ခုခံပိုင်ခွင့်’ကို ရရှိပေလိမ့်မည်။

မြန်မာနိုင်ငံ တရားရုံးများ လက်စွဲအပိုဒ် ၄၀၃(၁) တွင် ရာ ဇဝတ်တရားသူကြီးရှေ့သို့ တရား ခံကို မယူဆောင်ခဲ့သမျှ ထို့အပြင် ရမန်အမိန့်မပေးထိုက်ကြောင်း တရားခံက အကြောင်းပြခွင့်မရ ရှိသမျှ ရမန်ပေးရန် အမိန့်ကို ချမှတ်ခြင်း မပြုနိုင်ဟူ၍လည်း ဖော်ပြထားရာ ရမန်အမိန့် မပေး ထိုက်ကြောင်း   ‘တရားခံ၏ အကြောင်းပြချက်’ကို ရှေ့နေက ကိုယ်စားလှယ်ပါဝါ တင်သွင်း၍ ဆောင်ရွက်ခြင်းအား ရာဇဝတ် တရားသူကြီးက တားမြစ်နိုင်သည့် (သို့မဟုတ်) ငြင်းပယ်နိုင်သည့် အခွင့်အာဏာမရှိဟု ဆိုရပေမည်။

စွပ်စွဲခံရသူအား ချုပ်မိန့် တောင်းသည့်အချိန်တွင် စွပ်စွဲခံ ရသူအတွက် ရှေ့နေပါဝါတင် သွင်းသည်ကို လက်ခံ၍ အဘယ် ကြောင့်  ချုပ်မိန့်မပေးထိုက် ကြောင်းနှင့် အဘယ်ကြောင့် အာ မခံရထိုက်ကြောင်း အကြောင်း ပြချက်ကို ကြားနာရန်ဖြစ်ပြီး ရှေ့ နေပါဝါ တင်သွင်းသည်ကို ငြင်း ပယ်လိုက်ခြင်းသည် ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၃၄၀(၁)အရ ‘ရှေ့နေဖြင့် ခုခံပိုင်ခွင့်’ကို ငြင်းဆို ရာရောက်နိုင်သဖြင့် နောင်အခါ ဆင်ခြင်သင့်ကြောင်း  အကြံပြု လိုက်ပါသည်။

‘‘ခင်ဗျားကို ကျွန်တော် ဖမ်း လိုက်ပြီ။ အခုအချိန်ကစပြီး ခင်ဗျား ရဲ့ရှေ့နေကို ခေါ်နိုင်ပါတယ်’’

ပြည်ပဝတ္ထုနှင့် ရုပ်ရှင်ကား များ၌ မည်သို့သော ပြစ်မှုဖြင့် စွပ် စွဲခံရသူကိုမဆို ရဲက တာဝန်အရ ဖမ်းဆီးသည့်အခါတိုင်း ထိုသို့ ပြောလေ့ရှိပြီး ထိုသို့ပြောသည်ကို ကြားရသည့်အခါတိုင်းတွင်လည်း ရာဇဝတ်ပြစ်မှုဖြင့် စွပ်စွဲခံရသူ တစ်ဦး၏ ဥပဒေကပေးအပ်ထား သည့် အခွင့်အရေးနှင့် ခုခံချေပ ခွင့်ကို အလေးထားသည့် စကား ရပ်အဖြစ် ကျေနပ်မိပါသည်။ ဤ သည်လည်း တရားဥပဒေစိုးမိုးမှု၏ ကောင်းမွန်သည့် အမှတ်လက္ခ ဏာတစ်ခု ဖြစ်တန်ရာပါသည်။

သဘောရိုးဖြင့် မှားယွင်း တတ်ပါသည်။ ဥပဒေကို ကိုင် တွယ်ကျင့်သုံး၍ တာဝန်ထမ်းရသူ များ၏သောက၊ မောဟတို့ကို စာနာနားလည်ပါသည်။ သို့ရာ တွင် နှစ်ကာလများအတွင်း တရားစီရင်ရေးဆိုင်ရာ လွတ်လပ် မှုနှင့်စပ်လျဉ်း၍ ပြင်းထန်သည့် ဝေဖန်ထိုးနှက်ချက်များကို ရင် ဆိုင်ခဲ့ရခြင်းနှင့် အခြားအကြောင်း များကြောင့် စိုးရိမ်ထိန်လန့်မှု မကင်းသည့် တရားစီရင်မှု သန္ဓေ သားကို ထပ်မံ၍ မဖွံ့ဖြိုးမကြီး ထွားစေလိုတော့ခြင်းမှာ ဤစာ ရေးသားခြင်း၏ အကြောင်းရင်း တစ်ခုဖြစ်ပါသည်။

 ပုံစံခွက်တစ်ခုတည်းတွင် အရွတ်တက်နေသော တရားသူ ကြီးများကို မဆိုလိုပါ။ ပျိုရွယ် သော၊ ကြည်လင်နေဆဲဖြစ်သော တရားသူကြီးငယ်လတ်များအနေ ဖြင့် ပညာပြည့်အောင်လည်းအား ထုတ်စေလိုပါသည်။ နှလုံးလှ အောင်လည်း သတိမူစေလိုပါ သည်။ ‘ပညာပြည့်ဝ နှလုံးလှ’ပါမှ မဆုတ်မနစ်သော သတ္တိဖြင့် စီရင် ဆုံးဖြတ်နိုင်ပါမည်။ ပင်ပန်းလှပါ ပြီ။ တိုင်းသူပြည်သားတွေကို အမှန်တရား ပြန်ပေးပါဆိုသည်ကိုပြောပြဖို့ မလိုတော့ဘူးထင်ပါသည်။ ပြေလွင်မြင့်

No comments:

Post a Comment