Monday, November 21, 2016

ယူနိုက်တက်၏ လက်ရှိ အနေအထားအတွက် အလွန်အကျွံ တုန်လှုပ်နေရန် မလိုဟု ဂျုံးစ်မှတ်ချက်ပြု

မန်ချက်စတာ ယူနိုက်တက်၏ လက်ရှိ အခြေအနေများကြောင့် အလွန်အကျွံ တုန်လှုပ်နေရန် မလိုကြောင်း နောက်ခံလူ ဖီးလ်ဂျုံးစ်က နှစ်သိမ့် ပြောကြားခဲ့သည်။ ယူနိုက်တက်သည် မန်နေဂျာသစ် ဟိုဆေးမော်ရင်ဟို လက်အောက်တွင် အကြီးအကျယ် ပြင်ဆင်မှုများ ပြုလုပ်ထားသော်လည်း (၁၂)ပွဲ ကစားပြီးချိန်တွင် ထိပ်ဆုံးမှ ချယ်လ်ဆီးနှင့် (၉)မှတ်ထိ ပြတ်ကျန်နေပြီ ဖြစ်သည်။ မော်ရင်ဟိုသည် ယူနိုက်တက်တွင် လိဂ်ပွဲ(၃)ပွဲ ဆက် အနိုင်ဖြင့် အစကောင်းခဲ့သော်လည်း နောက်ဆုံး (၉)ပွဲတွင် (၂)ပွဲသာ နိုင်ထားသည်။ စနေနေ့က အိမ်ကွင်းတွင် အာဆင်နယ်နှင့် ရင်ဆိုင်ရာ၌လည်း ခြေအသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုး ရခဲ့သည့်တိုင် အာရုံစူးစိုက်မှု လျော့ကျရာမှာ နောက်ဆုံးမိနစ်တွင် ချေပဂိုး ခွင့်ပြုခဲ့ရပြီး နိုင်ပွဲပျောက်ခဲ့ပြန်သည်။

မော်ရင်ဟို လက်ထက်တွင် ချန်ပီယံဆု စိန်ခေါ်သည့် အသင်းကြီးများနှင့် ရင်ဆိုင်တိုင်း တစ်ပွဲမျှ အနိုင်မရခြင်းကလည်း အကြီးအကျယ် ဝေဖန်စရာ ဖြစ်လာခဲ့သည်။ အာဆင်နယ်ကို သရေကျခဲ့ခြင်းက ယူနိုက်တက် အနေဖြင့် (၁၉၉၂)ခုနှစ်နောက်ပိုင်း အိမ်ကွင်းတွင် (၃)ပွဲဆက် အနိုင်ရလဒ် ပျောက်ဆုံးသည့် မှတ်တမ်းဆိုးကို ပိုင်ဆိုင်လာစေသည်။ ဂျုံးစ်က “ဒီပွဲ သရေကျသွားတာဟာ (၆-၀)နဲ့ ရှုံးလိုက်သလိုကို ခံစားရပါတယ်။ တစ်ပွဲလုံးကို ထိန်းချုပ်ထားနိုင်သလို အာဆင်နယ်က ဘောလုံးရနေရင်တောင် တကယ့် ထိထိရောက်ရောက် ဖန်တီးတိုက်စစ်ဆင်မှု ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ ကောင်းကောင်း ခုခံကာကွယ်နိုင်ခဲ့သလို ရှင်းရှင်းလင်းလင်း အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့တယ်။ အာဆင်နယ်က အခွင့်အရေး တစ်ကြိမ်ပဲရပြီး ဂိုးသွင်းသွားတာပါ”ဟု ဆိုသည်။
၎င်းက “ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ရပါမယ်။ ဒီပွဲရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော်တို့ ကျေနပ်ပါတယ်။ ဒါပေမဲ့ ရလဒ်ကတော့ စိတ်ပျက်စရာပါပဲ”ဟုလည်း ဝန်ခံခဲ့သည်။ ယူနိုက်တက်သည် စတုတ်ခ်စီးတီး၊ ဘန်လေတို့နှင့် ပွဲစဉ်များတွင်လည်း ပြိုင်ဘက်အပေါ် ခြေအသာဖြင့် ကစားပြီး သရေကျခဲ့ခြင်း ဖြစ်သည်။ အသက်(၂၄)နှစ်ရှိ ဂျုံးစ်က “ဒါဟာ ရူးလောက်တဲ့ အခြေအနေပါ။ ဒီပွဲမှာ ကျွန်တော်တို့ နိုင် ခဲ့ရင် အာဆင်နယ်နဲ့ (၃)မှတ်ထိ ပြန်ကပ်သွားမယ်။ အာဆင်နယ်က ဒီရာသီ အင်မတန် ထူးကဲတဲ့ စွမ်းဆောင်ရည်မျိုး ပြသနေတယ်လို့ သတ်မှတ်ခံရပြီး ကျွန်တော်တို့က ရုန်းကန်နေရတယ်။ ပရီးမီးယားလိဂ်ကတော့ ဒါမျိုး ကြုံရတတ်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ပိုင်းက ကျေနပ်စရာပါ။ ဒီပွဲမှာ ကျွန်တော်တို့ ဂိုးပိုရခဲ့သင့်ပါတယ်။ ကျွန်တော်တို့ အရမ်း တုန်လှုပ်နေစရာ မလိုသေးပါဘူး။ ကျွန်တော်တို့ ကစား ပုံ ကောင်းနေသလို အခွင့်အရေးတွေလည်း ဖန်တီးနေနိုင်ပါတယ်။ ကံလေးပဲ လိုနေတာပါ။ ဒါကလည်း သိပ်မကြာခင် အဆင်ပြေလာဖို့ မျှော်လင့်ပါတယ်”ဟု လည်း ပြော ကြားသွားသည်။
Ref: Sky Sports

No comments:

Post a Comment