Friday, November 18, 2016

ရွှေရောင်အဆင်း ကသမြင်ငါးတစ်ကောင်၏ ၀မ်းဗိုက်အတွင်းရှိ စည်ဖောင်းအား ရေလုပ်ငန်းရှင်တစ်ဦးက ကျပ်ရှစ်သိန်းဖြင့် လေလံအောင်မြင်

ကျောက်ဖြူမြို့တွင် ရွှေရောင်အဆင်း ကသမြင်ငါးတစ်ကောင်၏ ၀မ်းဗိုက်အတွင်းရှိ စည်ပေါင်းအား လေလံစနစ်ဖြင့် ရောင်းချခဲ့ရာ ရေလုပ်ငန်းရှင်တစ်ဦးက ငွေကျပ် ရှစ်သိန်းဖြင့် လေလံ အောင်မြင်သွားကြောင်း သိရသည်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြင်ဖြူမော်ကျေးရွာမှ ရေလုပ်သားသုံးဦးက နိုဝင် ဘာ ၁၅ ရက်က ကျောက်ဖြူမြို့ သံဇစ်မြစ်ဝ ပင်လယ်ပြင် ကျွန်းစုတစ်ခုဖြစ်သည့် ဆိပ်ကျွန်းအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကသမြင်ငါး (ဒေသခေါ်) ဆပ်ဖာငါးမှာ ကမ္ဘာ့ငါးဈေးကွက်တွင် ဈေးအကြီးဆုံးနှင့် အကောင်းဆုံး ငါးတစ်မျိုးဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးက ပြောကြားသည်။ “ကသမြင်ငါး လေလံပစ်တဲ့အခါ အသားတွေတော့ မပါဘူး။ ကသမြင်ငါး အဖိုတွေမှာ စည်ဖောင်းက ပိုကြီးပြီး ဈေးလည်း ပိုမြင့်ပါတယ်။ ဒီငါးကိုယ်ရဲ့ ၀မ်းဗိုက်ထဲက စည်ဖောင်းမှာ အလေးချိန်က ၁၀ ကျပ်သားခန့် ရှိပါတယ်။ အဲဒါကို လေလံပစ်တဲ့အခါ ငွေကျပ် ရှစ်သိန်းနဲ့ ရလိုက်တာပါ။
လက်ရှိ တရုတ်ဈေးကွက်မှာ တင်ရောင်းဖို့ စီစဉ်ထားပါတယ်။ ငါးရဲ့ အသားတွေကိုတော့ ဒေသပေါက်ဈေး တစ်ပိဿာကို ကျပ် ၇၀၀၀ နှုန်းနဲ့ ရောင်းချလိုက်ပါပြီ” ဟု ကျောက်ဖြူမြို့ မြစ်နားတန်းရပ်ကွက် KHA ကင်းပုစွန်နှင့် ကျောက်ပုစွန်အ၀ယ်ဒိုင်မှ စည်ဖောင်း လေလံအောင်မြင်သူ ရေလုပ်ငန်းရှင် ကိုလှအောင်က ပြောကြားသည်။

အဆိုပါ  ကသမြင်ငါး၏ စည်ဖောင်းမှာ တရုတ်ငါးစည်ဖောင်းဈေးကွက်သို့ တင်ပို့ရန် ဈေးနှုန်းကျွမ်းကျင်သူများနှင့် ငါးပုစွန် Export လုပ်ငန်းရှင်များ၊ ရေလုပ်ငန်းရှင်များအား ဆက်သွယ်ပြီး နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက လေလံတင်ရောင်းချရာ ရေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုလှအောင်က ငွေကျပ် ရှစ်သိန်းဖြင့် လေလံ အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ကမ်းရိုးတန်းဒေသတွင် ကသမြင် (ခေါ်) ဆပ်ဖာငါးစည်ဖောင်းမှာ တန်ဖိုးအမြင့်ဆုံး ပို့ကုန်ဖြစ်ပြီး ကျောက်ဖြူ၊ သံတွဲနှင့် မာန်အောင်၊ စစ်တွေ၊ မောင်တော ပင်လယ်ပြင်များတွင် အလေးချိန်ပိဿာ ၂၀ နှင့်အထက် ကသမြင်ငါးများ မကြာခဏ ဖမ်းဆီးရမိလေ့ရှိပြီး အဆိုပါငါးအား စည်ဖောင်း အရွယ်အစားအလိုက်  ငါးတစ်ကောင်လျှင် ကျပ်သိန်း၂၀ နှင့် ကျပ်သိန်း ၅၀ကျော်ထိ ဈေးအမျိုးမျိုးရရှိကြောင်း ငါးလုပ်ငန်ရှင်များထံမှ သိရသည်။
Writer:
အောင်ရမ္မာ (ကျောက်ဖြူ)

No comments:

Post a Comment