Wednesday, November 30, 2016

ဖြစ်ရပ်ဆိုး ကြုံခဲ့သည့် ချာပက်ကိုယန်ဆီ အသင်းကို ကူညီရန် ကမ္ဘာ့ဘောလုံး အသိုက်အဝန်း စုပေါင်းရပ်တည်

လေယာဉ်ပျက်ကျမှုအတွင်း အဖြစ်ဆိုး ကြုံခဲ့သည့် ချာပက်ကိုယန်ဆီ အသင်းကို ကမ္ဘာ့ ဘောလုံးအသိုက်အဝန်းက အကူအညီများ ပေးအပ်ရန် စုပေါင်း ရပ်တည်လာခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂၉ ရက်က ကိုလံဘီယာ နိုင်ငံတွင် ပျက်ကျခဲ့သော စင်းလုံးငှား လေယာဉ်ပေါ်၌ လူ ၇၇ ဦး လိုက်ပါခဲ့ရာ ၆ ဦးသာ အသက်ရှင်ခဲ့သည်။ ဘရာဇီးကလပ် ချာပက်ကိုယန်ဆီသည် ကလပ်အသင်း သမိုင်းတလျှောက် အကြီးကျယ်ဆုံး ပွဲစဉ်အဖြစ် ကိုပါ ဆုဒ်အမေရိက ဗိုလ်လုပွဲကို ကိုလံဘီယာကလပ် အက်တလက်တီကို နာစီယွန်နယ်လ်နှင့် ယှဉ်ပြိုင်ရန်အသွား ခရီးစဉ်၌ လေယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်သည်။ မိမိတို့၏ ပြိုင်ဘက်အသင်း အဖြစ်ဆိုးကို ကြားသိရသည့်နောက် နာစီယွန်နယ်လ်က ပြိုင်ပွဲတွင် ရှုံးနိမ့်သည့် အသင်းအဖြစ် သတ်မှတ်ခံလိုပြီး ချာပက်ကိုယန်ဆီကို အနိုင်ပေးရန် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုခဲ့သည်။ နာစီယွန်နယ်လ်က မူလသတ်မှတ်ထားသည့် ပွဲစဉ် အချိန်၌ ဘောလုံးကွင်းကို ဖွင့်ထားပြီး ပရိသတ်များက အဖြူရောင်များ ဝတ်ဆင်လာ၍ ချာပက်ကိုယန်ဆီ အသင်းအတွက် ဆုတောင်းပေးရန် ပန်ကြားခဲ့သည်။


ထို့အပြင် ဘရာဇီး အဆင့်မြင့်တန်း စီးရီးအေမှ ဘောလုံးအသင်းများကလည်း ချာပက်ကိုယန်ဆီအသင်းအတွက် ၎င်းတို့၏ ကစားသမားများကို အငှားချထားပေးလိုကြောင်း ကမ်းလှမ်းလာကြသည်။ ထို့အပြင် လာမည့် ၃ နှစ်တာ ကာလအတွင်း ချာပက်ကိုယန်ဆီ၏ ပြန်လည် တည်ဆောက်မှု ကာလအဖြစ် သတ်မှတ်ပေးပြီး ရလဒ်များ ဆိုးရွား၍ တန်းဆင်းရမည် ဆိုလျှင်ပင် ယင်းအခြေအနေမှ ကင်းလွတ်ခွင့် ပေးထားရန် ပရိသတ်များရော၊ ပြိုင်ဘက် အသင်းများကပါ ဝိုင်းဝန်း တောင်းဆိုကြသည်။

ဘရာဇီး တိုက်စစ်မှူး နေမာ၊ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ်မက်ဆီနှင့် အင်္ဂလန် တိုက်စစ်မှူး ဝိန်းရွန်နေးကဲ့သို့ ကမ္ဘာကျော် ဘောလုံးကြယ်ပွင့်များ အပါအဝင် ဘောလုံးလောကနှင့် ပတ်သက်သူ မြောက်မြားစွာကလည်း ချာပက်ကိုယန်ဆီ အသင်း၏ ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြေကွဲကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

ကိုလံဘီယာ လေကြောင်းပျံသန်းမှုဆိုင်ရာ အာဏာပိုင်များက လေယာဉ်ပေါ်တွင် ဘောလုံးအသင်းနှင့် ပတ်သက်သူများအပြင် သတင်းထောက် ၂၁ ဦးလည်း လိုက်ပါခဲ့ကြောင်း ဆိုသည်။ လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာများကို ရရှိထားပြီး ပျက်ကျမှု အကြောင်းရင်းကို စုံစမ်းနေဆဲဟု သိရသည်။ အသက်ရှင် ကျန်ရစ်သူ ၆ ဦးအနက် ကစားသမား ၃ ဦး ပါဝင်ခဲ့ပြီး ယင်းတို့မှာ ဘယ်နောက်ခံလူ အလန် ရူစ်ချဲလ်၊ ဗဟိုနောက်ခံလူ နီတို၊ အရန်ဂိုးသမား ဂျက်ဆန် ဖောလ်မန်တို့ ဖြစ်ကြသည်။ ဖောလ်မန်မှာ ဒဏ်ရာများကြောင့် ခြေတစ်ဖက်ကို ဖြတ်တောက်ကုသခြင်း ခံခဲ့ရကြောင်း သိရသည်။ အသင်း၏ ဂိုးသမား ဒန်နီလိုသည်လည်း ပျက်ကျမှုအတွင်း အသက်ရှင်ခဲ့သည့်တိုင် ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတွင် အသက်ဆုံးရှုံးခဲ့ရှာသည်။

လတ်တလောတွင် လေယာဉ်ပျက်ကျမှုကို စုံစမ်းရာ၌ ကူညီရန်အတွက် ဗြိတိန်က ကျွမ်းကျင်ပညာရှင် သုံးဦးကို ကိုလံဘီယာသို့ စေလွှတ်ပေးထားသည်။ ဘရာဇီး သမ္မတ မစ်ချယ်လ် တမ်မာက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝမ်းနည်းကြေကွဲမှု သုံးရက်ကြာ သတ်မှတ်ထားမည်ဟု ကြေညာခဲ့သည်။ စပိန်ထိပ်တန်း ကလပ်နှစ်သင်းဖြစ်သည့် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့က ၎င်းတို့ ထိပ်တိုက်ရင်ဆိုင်မည့် ပွဲစဉ်မတိုင်မီတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ရန် သဘောတူခဲ့သည်။

ယခုဖြစ်ရပ်ဆိုးတွင် ကံဖယ်၍ ကျန်ခဲ့သူများလည်း ရှိပြီး ချာပက်ကိုယန်ဆီ ဂိုးနည်းပြ မာဆယ်လို ဒီကွာဒရော့စ်ကွန့်စ်သည် ယင်းခရီးစဉ်တွင် လိုက်ပါမသွားဖြစ်ခဲ့ချေ။ “ကွယ်လွန်သူတွေရဲ့ ဇနီးတွေကို ကျွန်တော် မြင်ပါတယ်။ အားလုံးလိုလို ဖြူဖျော့ပြီး နွမ်းနယ်နေကြရှာတယ်။ မိသားစုဝင်တွေက သူတို့တွေ ကျန်ခဲ့တဲ့ ဘောလုံးကန် ဖိနပ်လေးတွေကို ကိုင်လာကြတယ်”ဟု ဆိုသည်။

အာဂျင်တီးနား တိုက်စစ်မှူး အေလက်ဂျန်ဒရို မာတင်နက်စီသည် အသင်းနှင့်အတူ လိုက်ပါမသွားရသဖြင့် ဝမ်းနည်းနေခဲ့သူ ဖြစ်သည်။ သို့သော် ထိုသို့ လွဲချော်မှုကပင် ၎င်းကို သေဘေးမှ လွတ်မြောက်သွားစေသည်။ “ကျွန်တော် ကျန်ခဲ့တာက ဒဏ်ရာကြောင့်ပါ။ အခုတော့ အသင်းဖော်တွေအတွက် အရမ်းကြေကွဲမိပါတယ်။ ကျွန်တော် လုပ်ပေးနိုင်တာက သူတို့အတွက် ဆုတောင်းပေးဖို့ ဆိုတာပါပဲ” ၎င်းက ကြေကြေကွဲကွဲ ဖွင့်ဟခဲ့သည်။

ဘရာဇီးတွင် အသင်းစွဲဖြင့် အားပေးသူများသည် ပြိုင်ဘက်အသင်း တစ်သင်း၏ ဂျာစီကို ဝတ်ဆင်ခြင်းမျိုး အလွန်ရှားပါးသည်။ သို့သော် နိုဝင်ဘာ ၂၉ ရက်တွင်မူ အသင်းအသီးသီး၏ ပရိသတ်များက ချာပက်ကိုယန်ဆီ အသင်းဂျာစီကို ဝတ်ဆင်ကာ ၎င်းတို့၏ အိမ်ကွင်း အရီနာ ကွန်ဒီတွင် သွားရောက် စုရုံးခဲ့ကြသည်။ ကျောင်းများက ကျောင်းသူကျောင်းသားများကို ခွင့်ပေးပြီး ထိုစုဝေးမှုကို တက်ရောက်ရန် လက်ခံသဘောတူပေးခဲ့သည်။ ဆိုင်များကလည်း ဝန်ထမ်းများ သွားရောက်ပူးပေါင်းစေရန် ပိတ်ထားကြသည်။ ပရိသတ်များသည် ချာပက်ကိုယန်ဆီ၏ အဖြူနှင့် အစိမ်းရောင် ဂျာစီကို ဝတ်ဆင်ပြီး အရီနာ ကွန်ဒီကွင်းထဲသို့ ငြိမ်သက်တိတ်ဆိတ်စွာ ရောက်လာကြသည်။ ၎င်းတို့ရှေ့ မြက်ခင်းပြင်တွင် မည်သူမျှ ရှိမနေကြချေ။ ပရိသတ်များ အနေဖြင့် ဖြစ်ရပ်ဆိုးကို ယုံကြည်လက်ခံရန် ခက်ခဲနေကြဆဲ ဖြစ်သည်။

လတ်တလောတွင် ဘောလုံးအသိုက်အဝန်းက ကံဆိုးမိုးမှောင် ကျခဲ့သည့် ဘရာဇီး စီးရီးအေ ကလပ်ကို ဘက်ပေါင်းစုံမှ ကူညီရန် စုပေါင်း ဆောင်ရွက်နေဆဲဖြစ်ပြီး ပြင်သစ်ကလပ် ပီအက်စ်ဂျီက ချာပက်ကိုယန်ဆီအသင်း ပြန်လည်ထူထောင်ရေးအတွက် ယူရို သန်း ၄၀ လှူဒါန်းသွားလိုကြောင်း ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)ထံ ခွင့်ပန်ထားသည်။ ထို့အပြင် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း ၎င်းကိုယ်ပိုင် ငွေကြေးများအနက် ယူရို ၃ သန်းကို ချာပက်ကိုယန်ဆီအတွက် လှူဒါန်းရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Ref: BBC

No comments:

Post a Comment