Wednesday, November 23, 2016

မအူပင်တံတားအနီး ကားကျော်တက်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းနှစ်ဦး အပါအ၀င် ၁၁ ဦး ဒဏ်ရာရ

မအူပင်တံတားအနီး ကားကျော်တက်ရာမှ ယနေ့ (နိုဝင်ဘာလ ၂၃ ရက်) နံနက် ၅ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းနှစ်ဦး အပါအ၀င် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ မအူပင်-ရန်ကုန် အဝေးပြေးလမ်းမကြီး မိုင်တိုင်အမှတ် ၁၇/၆ နှင့် ၁၇/၇ ကြား၌ အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီကားနှင့် ထော်လာဂျီယာဉ်မှ ယာဉ်မောင်း နှစ်ဦး အပါအ၀င် ယာဉ်ပေါ်တွင် လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ “ကုမ္ပဏီကားက ထော်လာဂျီယာဉ်ကို ကျော်တက်ရာကနေ ထော်လာဂျီရဲ့ ၀ဲဘက် နောက်ခြမ်းကို ၀င်တိုက်မိခဲ့တယ်။ အဲဒီ့နောက် လမ်းမကြီးရဲ့ယာဘက်ခြမ်းမှာ ထော်လာဂျီက လဲကျ တိမ်းမှောက်သွားပြီး ကုမ္ပဏီကားကတော့ လမ်းမကြီးရဲ့ဝဲဘက် ရေမြောင်းထဲကို ထိုးကျသွားခဲ့ပါတယ်။ ဆေးစာရတဲ့ အနေအထားအရ ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောရမှာပါ”ဟု မအူပင်မြို့မရဲစခန်းမှ တာဝန်မှူး ရဲအုပ်ပြုံးချိုက ပြောကြားသည်။ “ထော်လာဂျီယာဉ်မောင်းနဲ့ ယာဉ်ပေါ်ပါသူအားလုံး ဒဏ်ရာရတာ တွေ့ရတယ်။ သူတို့ကို ကရုဏာလူမှုကူညီရေးအသင်းက ကူညီပေးခဲ့တယ်။ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ကတော့ ရေမြောင်းထဲ ထိုးကျနေတဲ့ ကုမ္ပဏီကားထဲမှာ ခြေထောက်ညပ်နေတဲ့ ယာဉ်မောင်းကို ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့တယ်။ ကားထဲကနေ ဆွဲထုတ်ပြီး ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ ယာဉ်မောင်းဘေးက တစ်ယောက်ကတော့ ဒဏ်ရာ မရလိုက်ဘူး”ဟု မအူပင်ခရိုင် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ် အောင်အောင် က ပြောကြားသည်။ အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment