Sunday, November 27, 2016

တောင်ဆူဒန်နိုင်ငံထဲ၌ အာဖရိက ဒေသတွင်း တပ်ဖွဲ့ဝင်များကို တပ်ဖြန့်ရန် အစိုးရက သဘောတူ

တောင်ဆူဒန်နိုင်ငံ၏ မြို့တော် ဂျူဘာ၌ ကုလသမဂ္ဂမှ လုပ်ပိုင်ခွင့်ရရှိထားသည့် ဒေသတွင်းတပ်ဖွဲ့များအား တပ်ဖြန့်ထားရေးကို အစိုးရက လပေါင်းများစွာ ချီတုံချတုံ ဖြစ်ခဲ့ပြီးနောက် လက်ခံလိုက်ပြီဖြစ်သည်ဟု အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ “ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ကို အခုကစပြီး ဘယ်အချိန်မှာမဆို တပ်ဖြန့်ခွင့်ပြုဖို့ကို ၀န်ကြီးအဖွဲ့က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြောင်း အစိုးရကိုယ်စား ပြည်သူတွေကို အသိပေးလိုပါတယ်” ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး အာကို ပေါကော်ဒစ်က နိုဝင်ဘာ ၂၅ ရက် နှောင်းပိုင်းက ပြောကြားခဲ့သည်။  သို့သော် မည်သည့်နေရာနှင့် မည်သည့်အချိန်တို့၌ တပ်ဖြန့်မည့်အကြောင်းကို အသေးစိတ် မထုတ်ပြန်ခဲ့ပေ။




ကမ္ဘာ့သက်တမ်း အနုဆုံးနိုင်ငံတောင် ဆူဒန်တွင် ဆူဒန်နိုင်ငံမှ လွတ်လပ်ရေးရပြီး နှစ်နှစ်အကြာဖြစ်သော ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ၌ သမ္မတဆယ်ဗာကီရာက ဒုသမ္မတ ရိမာချာသည် အာဏာသိမ်းရန် စီစဉ်နေသည်ဟု စွပ်စွဲခဲ့ပြီးနောက် တိုက်ပွဲများစတင် ဖြစ်ပွားခဲ့သည်။ ၂၀၁၅ ခုနှစ် သြဂုတ်လက ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့သော်လည်း ဇူလိုင်လတွင် တိုက်ပွဲများ အပြင်းအထန် ပြန်လည်ဖြစ်ပွားခဲ့ပြီး ကုလသမဂ္ဂမှ ငြိမ်းချမ်းရေး ထိန်းသိမ်းသည့် တပ်ဖွဲ့များကလည်း အရပ်သားများကို မကာကွယ်နိုင်ခဲ့ပေ။ ထို့ကြောင့် တောင်ဆူဒန်တွင် ရှိနှင့်ပြီးသား UNMISS ထက် လုပ်ပိုင်ခွင့်ပိုရထားသည့် အရှေ့အာဖရိကမှ တပ်ဖွဲ့ဝင် ၄၀၀၀ ကို ထပ်မံတပ်ဖြန့်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အတည်ပြုခဲ့ခြင်းဖြစ်သည်။ထိုကဲ့သို့ ထပ်မံတပ်ဖြန့်ခြင်းသည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်သည်ဟု သမ္မတကီရာက အစောပိုင်းက ကန့်ကွက်နေခဲ့သေးသည်။                  

ယခုတပ်ဖွဲ့သစ်ထဲတွင် အီသီယိုးပီးယားနှင့် ရ၀မ်ဒါတို့မှ ခြေလျင်တပ်ဖွဲ့ဝင်များပါဝင်မည် ဖြစ်သည်။ ကင်ညာက ၎င်း၏ခြေလျင် တပ်များစေလွှတ်ပေးမည်ဟု ဆိုခဲ့ဖူးသော်လည်း တောင်ဆူဒန် အရပ်သားများကို ကာကွယ်ရန်ပျက်ကွက်မှုဖြင့် ကင်ညာတပ်မှူး တစ်ဦးကို ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခဲ့မှုအပေါ် ဆန္ဒပြသည့် အနေဖြင့် တောင်ဆူဒန်တွင် တပ်ဖြန့်ထားသည့် ကင်ညာတပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်း သွားခဲ့သည်။ Ref ; AFP

No comments:

Post a Comment