Sunday, November 20, 2016

ချန်ပီယံဆု အကြောင်းပြောဆိုခြင်းကို ဇီဒန်း ပယ်ချ


ရီးယဲလ်အသင်းက မြို့ခံပြိုင်ဘက်အက်သလက်တီကိုအသင်းကို အဝေးကွင်းတွင် သုံးဂိုးပြတ်အနိုင်ရခဲ့သော်လည်း ရီးယဲလ်နည်းပြ ဇီဒန်းက ချန်ပီယံဆုအကြောင်း ပြောဆိုခြင်းကို ပယ်ချခဲ့သည်။ ထိုပွဲစဉ်တွင် ရီးယဲလ်အသင်းသည် စီရော်နယ်ဒို၏သွင်းဂိုး ၃ ဂိုးဖြင့် အက်သလက်တီကိုအသင်းကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ပွဲအပြီးတွင် ဇီဒန်းက ‘ကျွန်တော်တို့ အကောင်းဆုံးပွဲတစ်ပွဲကို ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာကိုမှ ကျွန်တော်တို့ အောင်နိုင်ခြင်း မရှိသေးပါဘူး။ ဒီပုံစံအတိုင်း ရာသီအဆုံးအထိသွားနိုင်ဖို့ဆိုတာ ခက်ပါတယ်။
အခုလက်ရှိမှာ ရီးယဲလ်အသင်းက ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေပါပြီ။ လာမယ့် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ်ပွဲကိုပဲ အခုအချိန်မှာ အာရုံစိုက်သွားတော့မှာပါ။ ပွဲစဉ်တိုင်းအနိုင်ရဖို့က အလွန်ခက်ပါတယ်။ အလွန်ကို ခက်ခဲတာပါ’ ဟု ပြောခဲ့သည်။ အက်သလက်နှင့်ပွဲတွင် စီရော်နယ်ဒိုသည် NO.9 နေရာတွင် ကစားခဲ့ပြီး သုံးဂိုးသွင်းနိုင်ခဲ့သော်လည်း ရီးယဲလ်နည်းပြ ဇီဒန်းက ထိုနေရာတွင် စီရော်နယ်ဒိုကို အမြဲကစားစေမည်မဟုတ်ဟု ပြောခဲ့သည်။ စီရော်နယ်ဒိုသည် ထိုပွဲတွင် သုံးဂိုးသွင်းနိုင်သည့်အတွက် မက်ဒရစ်ဒါဘီတွင် ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့သည်။ ယခင်က ရီးယဲလ်တိုက်စစ်မှူးဟောင်းကြီး ဒီစတီဖာနိုက သွင်းဂိုး ၁၇ ဂိုးဖြင့် စံချိန်တင်ထားသည်ကို စီရော်နယ်ဒိုက ၁၈ ဂိုးဖြင့် စံချိန်ချိုးလိုက်ခြင်း ဖြစ်သည်။ အောင်ငြိမ်းသွေး ရည်ညွှန်း အီးအက်စ်ပီအန်

No comments:

Post a Comment