Tuesday, November 22, 2016

အမြန်လမ်းတွင် တရားမ၀င်ကျွန်းသစ်များ သယ်ဆောင်လာသည့် ယာဉ်တစ်စီး မတော်တဆမှု ဖြစ်ပွားပြီး သံဃာနှစ်ပါး အပါအ၀င် သုံးဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၅၂ အနီး၌ ယနေ့ (နိုဝင်ဘာ ၂၁ ရက်) ညနေပိုင်းက တရားမဝင် ကျွန်းသစ်ခွဲသားများ တင်ဆောင်လာသော Alphard ယာဉ်တစ်စီး ရှေ့ဘီးပေါက်ကာ လမ်းလယ်ကျွန်းများအား ကျော်လွန်၍ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိရပ်တန့်သွားခဲ့ပြီး ယာဉ်ပေါ်ပါ သံဃာနှစ်ပါး အပါအ၀င် သုံးဦးထိခိုက် ဒဏ်ရာရရှိ သွားခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်မှာ နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီခန့်က တောင်ငူမြို့နေ ယာဉ်မောင်း ဦးဝိမလသာရ သက်တော် ၅၅ နှစ်၊ ၀ါတော် ၂၃ နှစ်(ဘ) ဦးမြင့်သိန်း၊ နန္ဒ၀န် ဓမ္မရိပ်သာ ကျောင်းတိုက်မှ ယာဉ်အမှတ် RLG/---- Alphard အဖြူရောင်ယာဉ်အား ရန်ကုန်-မန္တလေး လမ်းမကြီးအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၅၂ မိုင် ၇ ဖာလုံနှင့် ၅၃ မိုင်အနီးသို့ အရောက်တွင် ယာဉ်၏ရှေ့ဘီးပေါက်ရာမှ အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းအား ကျော်တက်ကာ ရန်ကုန်-နေပြည်တော်လမ်းမ ယာဉ်ကြောက်ဘက်သို့ ရောက်ရှိရပ်တန့် သွားခဲ့ကြောင်း သိရသည်။



ယာဉ်မတော်တဆ ဖြစ်ပွားခဲ့သည့် သတင်းအရ ဘောနီအမြန်လမ်း မကြီးရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်မျိုးပိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ဘောနီ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ လ/ထ ဦးစီးမှူးရန်မျိုးအောင် တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ ရောက်ရှိစစ်ဆေးခဲ့ရာ လမ်းပြောင်းပြန် ရောက်ရှိရပ်တန့်သွားသည့် Alphard ယာဉ်၏ နောက်ခန်းအတွင်း တရားမ၀င် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၂၂ တုံး ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ပေါ်ပါ မောင်ပိုင် ၂၅ နှစ် (ဘ) ဦးချစ်ဝင်း၊ မဲဖလံကျေးရွာ ဇရပ်ကြီးအရှေ့၊ ထန်းတပင်မြို့နယ် နေသူတွင် ယာခြေသလုံး ခြေမျက်စိအောက်ကျိုး၊ ယာခြေသလုံး ပွန်းပဲ့ဒဏ်ရာ ၀ဲမျက်ခုံး ပေါက်ပြဲဒဏ်ရာ၊ ဒူးခေါင်းအောက် ပွန်းခြစ်ဒဏ်ရာ၊ ယာဉ်မောင်းဖြစ်သူ သံဃာ ဦးဝိမလသာရတွင် ၀ဲနားထင်ပွန်းပဲ့ဒဏ်ရာ၊ ၀ါးပါးစောင်းပွန်းပဲ့၊ ၀ဲလက်မောင်းအောင့် ၀ဲပေါင်ရင်းအောင့်၊ ယာဒူးခေါင်းအောက် ဖူးယောင်ဒဏ်ရာနှင့် ဦးဝါသ၀ သက်တော် ၅၂ နှစ် ၀ါတော် ၅ ၀ါ (ဘ) ဦးကြည် သာသနာကတ်မရှိ နန္ဒ၀န်ဓမ္မရိပ်သာ ကျောင်းတိုက် တောင်ငူမြို့နယ် နေသူတွင် ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ၊ ညာနှာခေါင်း
ပေါက်ပြဲဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာများ အသီးသီး ရရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်သည့် ဦးဝိမလသာရအား ဘောနီအမြန်လမ်း ရဲစခန်းမှ ယာဉ်(ပ)၃၈/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူထားပြီး၊ ယာဉ်ပေါ်တွင် တရားမ၀င် ကျွန်းသစ်များ သယ်ဆောင်လာသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပဲခူးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးမင်းအောင်ကျော်ဦးနှင့် ဆက်သွယ်ကာ သစ်တောဥပဒေအရ အရေးယူနိုင်ရန်နှင့် ဦးဝိမလသာရအား လူဝတ်လဲ ဖမ်းဆီးနိုင်ရေး ပဲခူးမြို့နယ် သံဃာမဟာနာယကဥက္ကဋ္ဌ ဆရာတော် ဦးဝိတံတ၊ ဥဿာသီရိ စာသင်တိုက်သို့ သွားရောက်လျှောက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Writer:
ဇော်ဝင်းချစ် (တောင်ငူ)

No comments:

Post a Comment