Wednesday, November 23, 2016

အမျိုးသားနေ့အထိမ်းအမှတ် ဆေးရောင်စုံခြယ်နှင့် ဥာဏ်စမ်းပဟေဠိပြိုင် ပွဲ ပြုလုပ်ပေး

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် နိုဝင်ဘာလ ၂၂ ရက် နံနက်က (၉၆)နှစ်မြောက် အမျိုးသားနေ့ကို ကြိုဆိုသော အားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ မူလတန်း အဆင့် ကျောင်းသားကျောင်းသူများ ဥာဏ်ရည်မြင့်မားနိုင်စေရန်အတွက် ဆေးရောင်စုံခြယ်ပြိုင်ပွဲနှင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ေ ကျာင်းသားကျောင်းသူများအနေဖြင့် စာကြည့်တိုက်သို့ ၀င်ထွက်သွားလာခြင်းဖြင့် စာအုပ် စာစောင်များနှင့်ရင်းနှီးပြီး စာဖတ်ချင်စိတ်များရရှိစေကာ အတွးအခေါ်မှန်ကန်ပြီး ဥာဏ်ရည်မြင့်မား လာစေရန်အတွက် ပြိုင်ပွဲများကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က ပြောသည်။


“ဌာနအနေနဲ့ ကလေးတွေအသိပညာဗဟုသုတတိုးပွားပြီး စာဖတ်စွမ်းရည်မြင့်မားအောင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲတွေ မကြာခဏဆိုသလို ဒီမှာ လုပ်ပေးနေပါတယ်။ ဒီနေ့ကတော့ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ်နဲ့ ကလေးတွေကို စာအုပ်ပြပွဲလေးလုပ်ရင်း ဒီပြိုင်ပွဲလေးထည့်လုပ်ပေးတာပါ” ဟု ၎င်းက ပြောသည်။
ပြိုင်ပွဲများတွင် ဘင်လှိုင်ရပ်ကွက်၊ အမက(လွန်) ၀ါးတောကျောင်းမှ ဒုတိယတန်းနှင့် တတိယတန်း ကျောင်းသားကျောင်းသူ ၁၅ ဦးတို့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသူများအား တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
ယင်းနောက် ကျောင်းသားကျောင်းသူများက ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်ပြဘုတ်များ၊ ဓာတ်ပုံများတို့ကို စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှု မှတ်သားခဲ့ကြသည်။
သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးများ စာကြည့်တိုက် နှင့် ရင်းနှီးမှုပိုပြီး ပျော်ရွင်စွာလာရောက်ကြစေရန်အတွက် ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယင်းကဲ့သို့ ပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းအပြင် လက်မှုပညာ အရုပ်နှင့် ပန်းခေါက်နည်းပညာများ သင်ကြား ပေးခြင်းနှင့် နှစ်သက်ရာ ကစားနည်းများတို့ကိုပါ ဆော့ကစားနိုင်ရန် စီစဉ်ထားရှိပေးထားပြီး အဆိုပါပြိုင်ပွဲများကို သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးတို့တွင်လည်း လိုက်လံ ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment