Friday, November 25, 2016

လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းစစ်မီးများအခြားဒေသသို့ကူးစက်ပြန့်ပွားခြင်းမဖြစ်ရန် ထိန်းသိမ်းရန်လို

လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းစစ်မီးများအား အခြားဒေသသို့ကူးစက်ပြန့်ပွားခြင်းမဖြစ်အောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း KNU ဗဟိုစည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၊ ဌာနမှူး ဖဒိုစောလှထွန်းက ပြောဆိုလိုက်သည်။ “လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် အခက်ခဲပေါင်းမျိုးစုံရှိနေတယ်။ အထူးသဖြင့် နိုင်ငံမြောက် ပိုင်းတိုက်ပွဲဖြစ်စဉ်တွေက ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ဘယ်လောက်ထိ ထိခိုက်နိုင်သလဲ၊ အဲဒီတိုက်ပွဲတွေက ပြည်တွင်း စစ်မီးအနေနဲ့ အခြားသောဒေသတွေကို ကူးစက်မှာ စိုးရိမ်စိတ်တွေရှိနေကြပါတယ်။ ဒါပေမယ့် ဘယ်လိုရှိနေနေ ထိန်းရမယ်။ မထိန်းရင် ယိမ်းနိုင်တယ် မလဲအောင်ကျွန်တော်တို့ ထူရမယ်။ ထောက်ရမယ် ဒါကြောင့် ဒီနေ့မှာ ဒီအထောက်အကူပြု အဖွဲ့တွေနဲ့အတူ ကရင်အမျိုးသားများရဲ့ လိုချင်တဲ့နိုင်ငံရေးနဲ့ အမျိုးသား ရေးရည်မှန်းချက်တွေကိုရရှိနိုင်ဖို့ပြင်ဆင်ဆောင်ရွက်ရင်း နိုင်ငံရေးဆွေးနွေးပွဲကို ချီတက်သွားဖို့ အရေးကြီး ပါတယ်။” ဟု KNU ဗဟိုစည်းရုံးရေးနှင့် ပြန်ကြားရေးဌာနမှူး ဖဒိုစောလှထွန်းက ပြောသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် နိုဝင်ဘာ (၂၃) ရက်က ပြုလုပ်သည့် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ကရင်အထောက်အကူပြုအဖွဲ့များဖြစ်သည့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးကော်မတီဝင်( KUPC)များ၊ နိုင်ငံအတွင်းပြန့်နှံ့နေထိုင်လျက်ရှိသည့် ကရင်လူမှုအဖွဲ့အစည်းခေါင်း ဆောင်များ၊ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ၊ ကရင်အမျိုးသားဘာသာရေး ခေါင်းဆောင်များ စုပေါင်းတက်ရောက်ကြသည့် အခမ်းအနားတွင် ဖဒိုစောလှထွန်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။
လာမည့်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်(၃)နေရာ ခွဲခြားသတ်မှတ် ကျင်းပသွားရန် လွှတ်တော်၊ နိုင်ငံတော်နှင့် တပ်မတော်တို့ဘက်မှ အဆိုပြုတင်ပြခဲ့ကြောင်း သိရသည်။
“လာမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို (၃)နေရာခွဲပြီးကျင်းပဖို့လွှတ်တော်၊ နိုင်ငံတော်နဲ့
တပ်မတော်တို့ဘက်က တင်ပြခဲ့တယ်။ ဒီ(၃)နေရာလောက်နဲ့ဆို ပြည့်စုံလုံလောက်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကရင်အမျိုးသားတွေအနေနဲ့ ကရင်ပြည်နယ်အပြင် ကျန်တိုင်းဒေသကြီးများနဲ့ ပြည်နယ်တွေမှာလည်းပြန့်နှံ့နေ ထိုင်ကြတယ်။ အထူးသဖြင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး စတဲ့နေရာဒေသ
အသီးသီးမှာ ပြန့်နှံ့နေတဲ့အခါကျတော့ အဆင်သင့်ရှိတဲ့နေရာတွေမှာ ကျင်းပနိုင်ရင် ပိုကောင်းပါတယ်လို့၊ KNU ဗဟိုကတင်ပြခဲ့တဲ့အတွက် ဒါကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နားလည် သဘောတူပေးခဲ့တယ်။” ဟု KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်အမျိုးသားအဖွဲ့အစည်းများတွေ့ဆုံပွဲကို အောက်တိုဘာ (၁၂၊ ၁၃၊ ၁၄) ရက်များတွင် ဇွဲကပင်ခန်းမ်း၌ ပထမအကြိမ်တွေ့ဆုံခဲ့ဆွေးနွေးခဲ့ရာတွင် သဘောတူ အတည်ပြုခဲ့ကြသည့် ခေါင်းစဉ်ကြီး(၅)ရပ်မှာ (၁)နိုင်ငံရေး၊ (၂) လုံခြုံရေး၊ (၃)မြေယာနှင့် သဘာဝပတ်ဝန်း ကျင်ရေးရာ (၄) လူမှုရေးနှင့် (၅) စီးပွားရေးတို့ ဖြစ်ပြီး ခေါင်းစဉ်ငါးခုတွင် လုံခြုံရေးကိစ္စရပ်ဆိုင်ရာများ ကို နိုင်ငံတော်ပြည်ထောင်စုအဆင့်တွင်သာ ဆွေးနွေးသွားကြရမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment