Wednesday, November 30, 2016

ပုသိမ်ထောင်တွင်း ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ခြင်းမှာ အကျဉ်းသားတစ်ဦး ဆေးဝါးကုသခွင့် တောင်းဆိုရာက စတင်ခြင်းဖြစ်ကြောင်း သိရ

အကျဉ်းသားတစ်ဦး ဆေးဝါးကုသခွင့် တောင်းဆိုရာမှ ပုသိမ်ထောင်တွင်း ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အကျဉ်းထောင်တာဝန်ခံအရာရှိထံမှ သိရ သည်။ အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သူ အကျဉ်းသားလေးဦးကို အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားပြီး အကျဉ်းထောင်တွင်း စစ်ဆေးမေးမြန်းမှုလည်း ဆောင်ရွက်နေကြောင်း သိရသည်။ “လောလောဆယ်မှာ သူတို့ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးတွေကို စစ်ဆေးမေးမြန်းနေပါတယ်။ သီးခြားပြစ်ဒဏ်ပေးဖို့တော့ မဟုတ်ပါဘူး။ တရားစွဲဆိုမှုရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆောင်ရွက်ဖို့ရှိပါတယ်။ လက်ရှိမှာတော့ ပုံမှန်အတိုင်းပါပဲ။ လွတ်လွတ်လပ်လပ်ပဲ သူတို့အခန်းတွေမှာပဲ ပြန်ထားပေးထားပါတယ်။ အေးအေးဆေးဆေးပါပဲ” ဟု ပုသိမ်အကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်ဦးက ပြောကြားသည်။

ပုသိမ်အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်၌ အကျဉ်းသား သန်းဦး (ခ) မောင်ဦး (ခ) သဲမောင်၊ အကျဉ်းသား ကောင်းမြတ်သူ (ခ) ကိုဇေ၊ အကျဉ်းသား ဇင်ဖြိုးအောင်နှင့် အကျဉ်းသား ဇော်ဇော် (ခ) ဖိုးဇော်တို့လေးဦး ပါဝင်ခဲ့ကြောင်း သိရသည်။
“တောင်းဆိုမှုကတော့ အကျဉ်းသား သန်းဦး (ခ) မောင်ဦး (ခ) သဲမောင် တစ်ယောက်ပါပဲ။ ကျန်တဲ့သူတွေကတော့ ဘာမှမရှိပါဘူး။ သူရောဂါဖြစ်နေတာကို ဆေးဝါးကုသချင်ပါတယ်။ အင်းစိန်ထောင်မှာ ပြန်ကုသပေးပါ။ အဲဒါလေးကိုပဲ သူပြောတာပါ။ သူ့ကိုလည်း ဒီကိစ္စတွေပြီးလို့ရှိရင် ဆေးကုသမှု ပြန်လည်ရရှိဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်ပေးမှာပါ” ဟု ပုသိမ်အကျဉ်းထောင် တာဝန်ခံအရာရှိက ဆိုသည်။
ဖြစ်စဉ်မှာ အဆိုပါအကျဉ်းသား လေးဦးသည် တိုက်တာဝန်လဲလှယ်ရန် လာရောက်သည့် အကျဉ်းထောင်တာဝန်ကျ တပ်သား မျိုးမင်းအောင်နှင့် တိုက်တံခါးအနီးအတွင်း နှင့်အပြင် အချေအတင် စကားများရာမှ ပိတ်ထားသော တိုက်တံခါးကို အင်အားနှင့် ရိုက်ချိုးဖျက်ဆီးကာ တပ်သားမျိုးမင်းအောင်အား လိုက်လံရန်ရှာခဲ့ပြီး မိန်းဂျေးလ်သို့ ပြေးလွှားသွားကာ မိန်းဂျေးလ်တာဝန်ကျ ဒုတပ်ကြပ် အောင်ဝင်းထံမှ အိပ်ဆောင်သော့များလုယူ ရန်ကြိုးပမ်းခဲ့သဖြင့် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတို့က ၀ိုင်းဝန်းထိန်းသိမ်းခဲ့ရပြီး ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းသားသန်းဦး (ခ) မောင်ဦး (ခ) သဲ မောင်အပါအ၀င် လေးဦးအား အကျဉ်းဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး (၁) ဦးခိုင်ထွဏ်းက တရားလိုပြုလုပ်ကာ အဆိုပါနေ့ ညနေ ၆ နာရီခန့်တွင် ပုသိမ်နယ်မြေရဲစခန်း ၌ (ပ) ၄၃၅/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၁၄၇/ ၁၄၈/ ၁၅၂ တို့ဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
Writer:
အောင်ကျော်မျိုး (ဟင်္သာတ)

No comments:

Post a Comment